Saturday, May 15, 2010

ပြောင်းဖူးကြော်

ပြီးခဲ့တဲ့အပတ်က စနေ၊ တနင်္ဂနွေ အားလပ်ရက်မို့လို့ ချက်ဖြစ်တာလေးတွေကို ဘလော့ဂ်ပေါ်မှာ ပုံလေးတွေနဲ့ တင်ဦးမယ်ဆိုပြီး မတင်ဖြစ်တာ တစ်ပါတ်တောင် ရှိသွားပြီ။ အဲဒါနဲ့ အခုမှ ဖြစ်အောင်တင်ဦးမှပါဆိုပြီး ပျင်းတဲ့စိတ်ကို ကြိုးစားဖယ်ပြီး ရေးလိုက်ပါတယ်။



ပထမဆုံး လုပ်ဖြစ်တာက ပြောင်းဖူးကြော်ပါ။ အရမ်းလွယ်ပါတယ်။ လွယ်လွန်းလို့ မေ့တောင် မေ့ချင်နေပြီ.. ဘာတွေထည့်လဲဆိုတာ..။ ကြက်ဥအကာခေါက်ပြီး ထည့်မိသလား မမှတ်မိတော့ပါဘူး။

၁။ အရင်ဆုံး ပြောင်းဖူးတွေကို အစေ့ခြွေထားပါ။
၂။ ကော်မှုန့်သင့်ရုံကို ရေနဲ့ သေချာပျော်အောင်ဖျော်ပါ။
၃။ ကြော်ပြီးပြီးခြင်း မစားဖြစ်ရင် ပျော့မသွားဘဲ ကြွပ်နေအောင် ဆန်မှုန့်နဲနဲထည့်ဖျော်ပါ။
ဆားသင့်ရုံထည့်ပါ။

ပြီးရင် အားလုံးရောမွေထားပါ။ ကော်ရည်များလွန်းရင် ဒါမှမဟုတ် နည်းလွန်းရင် မကောင်းပါ။ မပျစ်၊ မကျဲ အနေတော်ဖြစ်နေရပါမယ်။

၎။ ဆီအိုးတည်ပြီး ဆီကျက်လို့ ပူလာရင် လက်ဖက်ရည်ပန်းကန်ပြားထဲ ပြောင်းဖူးနယ်ထားတာထည့်ပြီး အပြားလိုက်ဖြစ်အောင် လက်နဲ့ ညှိထားတာကို ဖြေးဖြေးခြင်း စောင်းထည့်ပါ။ ဆိုင်တွေမှာ ကြော်သလို အချပ်လိုက်လေးဖြစ်အောင် အိုးထဲကို ထည့်တဲ့အချိန်မှာ ထိန်းထည့်ပေးပါ။
ကျက်လောက်ပြီဆိုရင် အပေါ်အောက်လှန်ပြီး ရွှေဝါရောင်သန်းလာအောင် ကြော်ပါ။

၅။ ပြီးရင်တော့ ဆီစစ်ပြီး ပန်းကန်ထဲထည့် စားလို့ရပါပြီ။
၆။ အိမ်မှာတော့ အချဉ်ကို လွယ်လွယ်ကူကူ ပုလင်းငရုတ်ဆီနဲ့ပဲ စားပါတယ်။ အချဉ်ကောင်းကောင်းလုပ်စားချင်ရင် အမြန်ဆုံးက ငရုတ်သီး၊ ကြက်သွန်ဖြူ ညက်အောင်ထောင်းပြီး သံပရာရည်၊ ဆား၊ အချိုမှုန့်၊ ငရုတ်ဆီ ထည့်ရောလိုက်ရင် ပိုကောင်းတဲ့ အချဉ်တစ်ခွက် ရပါပြီ။



ဒီအာလူးကြော်ကတော့ ဆီအိုးကို ကြိုပြီးမီးမပိတ်မိလိုက်တော့ ဆီတွေက အရမ်းပူနေသေးတာနဲ့ အာလူးသီးတစ်လုံး ရေဆေး၊ ပါးပါးလှီးပြီး ထည့်ကြော်လိုက်တာပါ။ Bonus ဆိုပါတော့။ :)

No comments:

Post a Comment