Saturday, May 15, 2010

ဘိုစားပဲသီးနှင့် ပုစွန်ကြော်



ဟင်းချက်တဲ့မြန်မာဘလော့တွေ တော်တော်များများရှိနေပြီး ကျမက မတောက်တစ်ခေါက်ပဲချက်တတ်တော့ ရေးရတာတောင် နဲနဲအားနာပါတယ်။ ဒါပေမယ့် စိတ်ဝင်တစားအလုပ်ဆုံးက ဒါပဲဆိုတော့ ဒါမှမရေးရင် ရေးစရာက သိပ်မရှိ၊ ရှိရင်လည်း အာရုံက သိပ်မ၀င်စားလို့ ဒီရက်ပိုင်း ဟင်းချက်တာတွေပဲ ဆက်ရေးဖြစ်ပါတယ်။

ဘိုစားပဲသီးနဲ့ ပုစွန်ကြော်က လွယ်မြန်ကောင်း ဟင်းတစ်ခွက်ပါ။

၁။ ဘိုစားပဲသီးကို ဘေးက အမျှင်တွေသင်ပြီး ခပ်စောင်းစောင်လေးတွေ လှီးထားပါ။
၂။ ခေါင်းဖြုတ်၊ အခွံနွှာထားပြီးသား ပုစွန်တွေကို ဆား၊ ဆနွင်းနယ်ထားပါ။
၃။ ကြက်သွန်ဖြူကို ထောင်းထားပါ။
၎။ ဆီအိုးတည်ပြီး ဆီကျက်ရင် ထောင်းထားတဲ့ ကြက်သွန်ဖြူထည့် ဆီသတ်ပါ။ ကြက်သွန်ဖြူလေးတွေက ခဏဆို ၀ါရောင်သန်းပြီး ကျက်ပါတယ်။
၅။ ပုစွန်တွေထည့်ပြီး ဆီထဲမှာ ခဏလှိမ့်ပေးပါ။ ပုစွန်ကလည်း အရမ်း အကျက်မြန်ပါတယ်။
၆။ နောက်ဆုံးမှာတော့ ဘိုစားပဲသီးထည့်၊ ဆား၊ ပဲငံပြာရည် အသင့်အတင့် ထည့်ကြော်ပြီး ကျက်ရင် မီးပိတ်လိုက်လို့ ရပါပြီ။ စိမ်းစိမ်းလေး စားချင်ရင်တော့ အိုးထဲမှာ ကြာကြာမထားဘဲ ပန်းကန်ထဲ ခပ်ထည့်ထားလိုက်ပါ။

အရသာရှိတဲ့ ဟင်းတစ်ခွက် ရပါပြီ။

No comments:

Post a Comment