Tuesday, December 20, 2011

ဝက်သားချဉ်သုပ်၊ ခရမ်းချဉ်သီးသုပ်နှင့် ငါးရံ့ခြောက်ဖုတ်

ခုရက်ပိုင်း ချက်ချင်ပြုတ်ချင်စိတ်က သိပ်မရှိတာကြောင့် ဟင်းသေချာမချက်ဖြစ်ဘဲ အလွယ်လေးတွေပဲ လုပ်စားဖြစ်နေတာ။ ဒီနေ့တော့ လွယ်လည်းလွယ်၊ ခံတွင်းလည်း မြိန်စေမယ့် အသုပ်လေးတွေဖြစ်တဲ့ ဝက်သားချဉ်သုပ်နဲ့ ခရမ်းချဉ်သီးသုပ် လုပ်စားဖြစ်ပါတယ်။

ဝက်သားချဉ်သုပ်


၁။ ဝက်သားချဉ်ကို အရွယ်တော် အတုံးလေးတွေ လှီးထားပါတယ်။

၂။ ကြက်သွန်နီ ၃ဥကို ပါးပါးလှီးပြီး အခိုးရိုက် သက်သာအောင် ရေစိမ်ထားပြီး ရေပြန်စစ်ထားပါတယ်။

၃။ ငရုတ်သီး ၄တောင့်ကို ထက်ခြမ်းခြမ်းပြီး နှစ်ပိုင်းပိုင်းထားပါတယ်။

၎။ အထက်ပါ အဆာတွေအားလုံးကို နယ်မယ့်ပန်းကန်ထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင် နယ်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားချဉ်သုပ်တစ်ပွဲ ရပါပြီ။

အိမ်မှာ နံနံပင်မရှိလို့ နံနံပင် မထည့်ဖြစ်လိုက်ပါဘူး။ ထည့်ရင်တော့ ပိုကောင်းမှာ။

ခရမ်းချဉ်သီးသုပ်


၁။ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်း၂လုံးနဲ့ ငရုတ်သီးစိမ်း ၂တောင့်ကို ပါးပါးလှီးထားပါတယ်။

၂။ လက်ဖက်နဲ့ စားတဲ့ အကြော်စုံ စားချင်သလောက်ကို ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီး ပန်းကန်ထဲထည့်၊ ပုဇွန်ခြောက် နည်းနည်းထည့်၊ ပဲမှုန့်၊ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်လိုက်ရင် ခရမ်းချဉ်သီးသုပ်တစ်ပွဲ ရပါပြီ။

ငါးရံ့ခြောက်ဖုတ် ဆီဆမ်း


အသင့်ရှိနေတဲ့ ပင်ပျိုရွက်နုက ငါးရံ့ခြောက်ဖုတ်လေးကို ခြွေပြီး ဆီဆမ်းလိုက်တော့ နောက် ဟင်းတစ်ခွက် ထပ်ဖြစ်သွားပါတယ်။


အချိုပွဲအဖြစ် သလဲသီးလေးလည်း သုံးဆောင်သွားပါရှင်။ =)

Friday, December 16, 2011

ငါးသေတ္တာဟင်း၊ ပဲကြာဇံသုပ်နှင့် မှိုကန်ဇွန်းကြော်

ငါးသေတ္တာဗူးတွေကို ရေကြီးတုန်းက ဝယ်ထားတာ မစားဖြစ်ဘဲရှိနေတာနဲ့ ငါးသေတ္တာဟင်းချက်စားဖြစ်လိုက်ပါတယ်။


၁။ ပုံမှန် အသားဟင်းတွေ ချက်သလိုပဲ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆီသတ်၊ ဆီသတ်တာ ကျက်ပြီဆိုရင် ငါးသေတ္တာဗူးဖောက်ထည့်၊ နည်းနည်းမွှေ၊ ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ပြီး အဖုံးအုပ်၊ မီးပိတ်ထားလိုက်ရင် ခဏလေးနဲ့ ငါးသေတ္တာဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါတယ်။

ပဲကြာဇံသုပ်


ပဲကြာဇံကို ကြိုက်လို့ အိမ်မှာအသင့်ရှိတဲ့ အဆာပလာတွေ ထည့်ပြီး မကြာမကြာသုပ်စားလေ့ရှိပါတယ်။ ဒီတစ်ခါတော့ ကြွက်နားရွက်မှိုနဲ့ ဝက်သားတွေ ရှိနေလို့ အခုလို သုပ်လိုက်ပါတယ်။


၁။ ပဲကြာဇံတစ်ထုပ် (အသေး)ကို ရေစိမ်၊ နူးရင် အရွယ်တော်အပိုင်းလေးတွေ ဖြတ်ထားပါတယ်။

၂။ ဝက်သား ထည့်ချင်သလောက်ကို တောက်တောက်စင်းပြီး ပဲငံပြာရည်၊ ဆား၊ အချိုမှုန့်သင့်ရုံထည့်ပြီး နယ်ထားပါတယ်။

၃။ ကြွက်နားရွက်မှိုတွေကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါတယ်။

၎။ ဆီ ပါလေကာထည့်ထားတဲ့အိုးထဲကို ဝက်သားတွေထည့်ကြော်ပါတယ်။

၅။ ဝက်သားတွေ ကျက်လုပြီဆိုရင် ကြွက်နားရွက်မှိုထည့်၊ ရေကို မှိုနူးရုံ နည်းနည်းထည့်ပြီး ကျက်အောင်လုပ်ပါတယ်။

၆။ ပြီးရင် ပဲကြာဇံထည့်၊ ရေပါလေရုံထည့်ပြီး ကျက်အောင်လုပ်ပါတယ်။

၇။ နောက်ဆုံးမှာ ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ သံပုရာရည်တို့ ရောမွှေထားတဲ့ ဆော့စ်အရည်ကိုဆမ်းပြီး သမအောင် မွှေပြီးတဲ့အခါ ချဉ်၊ ငံ၊ စပ် ပဲကြာဇံသုပ်တစ်ပွဲရပါပြီ။

မှိုကန်ဇွန်းကြော်


အရွက်ကြော်အတွက် အိမ်မှာ အသင့်ရှိနေတဲ့ မှိုနဲ့ ကန်ဇွန်းရွက်ကို ကြက်သွန်ဖြူ မထည့်တော့ပဲ ဆီပါလေကာလေးထဲ့လှိမ့်ပြီး ဆား၊ အချိုမှုန့်သင့်ရုံထည့်၊ ငရုတ်သီးစိမ်းလေးအုပ်ပြီး အလွတ်ကြော်လိုက်ပါတယ်။

Wednesday, December 7, 2011

ကြက်ဥဟင်းနှင့် မုန်ညှင်းဖြူဟင်းချို



အသားတွေပဲစားရတာ ငြီးငွေ့လာတဲ့အခါမျိုးမှာ အပြောင်းအလဲအဖြစ် ကြက်ဥဟင်း ချက်စားရတာ တစ်မျိုးစားကောင်းပါတယ်။

ကြက်ဥကို ကြက်ဥချဉ်ရည်ဟင်းလို မန်ကျည်းမှည့်ထည့်ချက်တာကို သိပ်မကြိုက်လို့ ခရမ်းချဉ်သီး၊ ကြက်သွန်နဲ့ ပုံမှန် အသားဟင်းတွေ ချက်တဲ့ ပုံစံနဲ့ပဲ ချက်လိုက်ပါတယ်။

၁။ ကြက်ဥတွေကို ကျက်အောင်ပြုတ်ပြီး အခွံခွာ၊ ဆီပူထဲမှာ အပြင်အကာကြွပ်အောင် အရင်ကြော်ထားပါတယ်။


၂။ မြန်မာဟင်းတွေ ချက်မယ်ဆိုရင် မချက်ခင် အမြဲ အသင့်ပြင်ထားရတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါတယ်။


၃။ ငရုတ်သီးစိမ်းလေးကတော့ စားချင်ရင် စားလို့ရအောင် နည်းနည်းထည့်ဖို့ အညှာခြွေထားပါတယ်။

၎။ ကြက်သွန်တွေကို ဆီသတ်ပြီး ကျက်ရင် ခရမ်းချဉ်သီးကို လိတ်တဲ့အထိ ဆီထည့်သတ်ပါတယ်။

၅။ ငရုတ်သီး အရောင်တင်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါတယ်။ (အရောင်တင်မှုန့်ကို ကြက်သွန်ဆီသတ်တုန်းထည့်ရင် မွှန်တတ်လို့ နောက်မှပဲ ထည့်လိုက်ပါတယ်။)

၆။ အနှစ်တွေ ရပြီဆိုရင် ကြက်ဥ ပြုတ် ကြော်တွေကို ဓါးနဲ့မွှမ်းပြီး ထည့်၊ ရေနည်းနည်း မြုပ်အောင်ထည့်၊ အိုးမကပ်အောင် မကြာ၊ မကြာမွှေပေးပြီး ရေခန်း၊ ဆီပြန်တဲ့အထိ ချက်လိုက်ပါတယ်။

မုန်ညှင်းဖြူဟင်းချိုကတော့ အရမ်းကို လွယ်ပြီး မြန်ပါတယ်။

၁။ မုန်ညှင်းဖြူတွေကို ရေစင်အောင်ဆေး၊ အရွယ်တော်အနေဖြတ်ထားပါတယ်။

၂။ ရေလိုသလောက် ထည့်ထားတဲ့အိုးထဲကို ခနော မှိုဟင်းရည်အခဲတစ်ခဲထည့်ပြီး ဟင်းရည်ပွက်အောင် တည်ပါတယ်။

၃။ ဟင်းရည်ပွက်ရင် မုန်ညှင်းတွေထည့်ပြီး အဖုံးပိတ်ထားပါတယ်။ ခဏကြာရင် မုန်ညှင်းတွေလည်း ကျက်ပြီမို့ မီးပိတ်ပြီး ပန်းကန်ထဲထည့် သုံးဆောင်နိုင်ပါပြီ။

Monday, December 5, 2011

ကြက်ကလီစာကြော်၊ မရမ်းပြား ငပိထောင်းနှင့် အရွက် တို့စရာ


ဒီနေ့ ထိုင်းဘုရင်ကြီး မွေးနေမို့ ရုံးပိတ်တာနဲ့ အိမ်မှာ အေးအေးဆေးဆေး အချိန်ယူပြီး ဟင်းချက်ဖြစ်ပါတယ်။

မနေ့ကပဲ အသိ ညီမလေးတစ်ယောက်က မရမ်းပြား ငပိထောင်းလုပ်နည်း ပြောပြတာကြောင့် အိမ်မှာရှိနေပြီး တော်တော်နဲ့မကုန်နိုင်တဲ့ မရမ်းပြားတွေကို ငပိထောင်း ထောင်းဖြစ်သွားတယ်။ နောက် အရွက်တစ်ချို့ကို တို့စရာအဖြစ် စီစဉ်ပြီး ကြက်ကလီစာတွေကို ကောက်ညှင်းမှုန့်ကပ်ပြီး ဂျင်းချောင်းလေးတွေနဲ့ အကြွပ်ကြော်လိုက်ပါတယ်။

ကြက်ကလီစာကြော်


၁။ ကြက်အသဲ၊ အမြစ်နဲ့ နှလုံးတွေကို အနေတော် အရွယ်အစားလေးတွေ ဖြတ်ပြီး၊ ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံနယ်ပြီး ခဏနှပ်ထားပါတယ်။

၂။ ဂျင်းလက်တစ်ဆစ်လောက်ကို အချောင်းလေးတွေဖြစ်အောင် လှီးထားပါတယ်။

၃။ ကြော်ခါနီးတော့မှ ကလီစာတွေကို ကောက်ညှင်းမှုန့်တွေနဲ့ ကပ်ထားပါတယ်။

၎။ ဆီပူအိုးထဲမှာ ဂျင်းတွေကို အရင် ကြွပ်အောင်ကြော်ပြီး ဆယ်ထားပါတယ်။

၅။ ပြီးရင် ကြက်ကလီစာတွေကို ကြွပ်အောင်ကြော်လိုက်ပါတယ်။

၆။ ကြက်ကလီစာကြော်တွေကို တစ်သျူးခံထားတဲ့ ပန်းကန်ထဲ ဆယ်ထည့်ထားပြီး ဆီတွေ စုပ်သွားပြီဆိုရင် ဟင်းပန်းကန်ထဲပြောင်းထည့်၊ အပေါ်က ဂျင်းကြော်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။


မရမ်းပြား ငပိထောင်း




မရမ်းပြား ငပိထောင်းအတွက် လိုအပ်တဲ့ အစာပလာတွေက ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ မရမ်းပြား၊ ငပိနဲ့ ပုဇွန်ခြောက် အနည်းငယ်တို့ ဖြစ်ပါတယ်။


၁။ နည်းပေးတဲ့ ညီမလေးက ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို အစိမ်းအတိုင်းထည့်ဖို့ပြောပေမယ့် ဗိုက်နာမှာစိုးတာနဲ့ အရင် လှော်လိုက်ပါတယ်။

၂။ လှော်ထားတဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါတယ်။

၃။ ပြီးရင် ပုဇွန်ခြောက်၊ ငပိနဲ့ မရမ်းပြားထည့်ထောင်းပါတယ်။

အားလုံး သမအောင် ထောင်းပြီးရင် အရသာမြည်းပြီး အဆင်ပြေရင် ပန်းကန်ထဲထည့်၊ သုံးဆောင်နိုင်ပါပြီ။ ဂိတ်ဆုံး ချဉ်၊ ငံ၊ စပ် မရမ်းပြား ငပိထောင်းပါ။

မရမ်းပြား ငပိထောင်းနဲ့ တွဲစားဖို့ တို့စရာ ကန်ဇွန်းရွက်ပြုတ်၊ နံနံပင်နဲ့ ပူစီနံပါ။

Saturday, December 3, 2011

ကြက်သားကြော်၊ မန်ကျည်းမှည့် အချဉ်ရည် နှင့် မျှစ်ထောင်း

ပြီးခဲ့တဲ့အပါတ်တုန်းက ရုံးပိတ်ရက်တရက်မှာ မြို့ပြင်ဘက် ထွက်ဖြစ်တာနဲ့ အဲ့ဒီမှာ မျှစ်နုလေးတွေ တွေ့လို့ မလုပ်စားဖြစ်တာ ကြာပြီဖြစ်တဲ့ မျှစ်ထောင်းလုပ်စားဦးမယ်ဆိုပြီး တစ်ထုပ်ဝယ်လာခဲ့လိုက်တယ်။ နောက်ဟင်းတစ်ခွက်အတွက် ကြက်သားကို အကြော်မှုန့်နဲ့ ကြော်ပြီး မန်ကျည်းမှည့်နဲ့ အချဉ်ရည်လေးဖျော်လိုက်ပါတယ်။

ကြက်သားကြော်၊ မန်ကျည်းမှည့် အချဉ်ရည်


ကြက်သားကြော်ဖို့ အတွက် ကြက်သားကို အတုံးခပ်သေးသေးလေးတွေ တုံးပြီး၊ ကြက်ဥ ၂လုံး ဖောက်ထည့်၊ အကြော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်ထားပါတယ်။

ပြီးရင် ဆီပူအိုးထဲကို ဇွန်းလေးနဲ့ ခပ်ခပ်ထည့်ပြီး ဟိုဘက်၊ ဒီဘက် ညိုရောင်သန်းလာတဲ့အထိကြော်၊ ပြီးရင် တစ်သျူးခံထားတဲ့ ပန်းကန်ထဲကို ဆီစစ်ပြီး ဆယ်ထည့်ထားလိုက်ပါတယ်။

အချဉ်ရည်အတွက်ကို မန်ကျည်းမှည့် လက်တစ်ဆစ်ခွဲလောက် အလုံးလေး တစ်လုံးကို ရေဆေးပြီး ရေနွေးစိမ်ပြီး အရည်တွေယူ၊ အဖတ်တွေ ပစ်ပြီး အဲ့ဒီအထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ပါးပါးနုတ်နုတ်လေး စင်းထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ဖျော်လိုက်ပါတယ်။


မျှစ်ထောင်း

မျှစ်ထောင်းအတွက် နည်းကို မစန္ဒကူးဆီက စတွေ့ဖူးတာ။ ဟင်းအသစ်အဆန်းလေးတွေကို စိတ်ဝင်စားလို့ မကူးဆီ သွားသွားပြီး နည်းတွေယူ၊ လုပ်ချင်သလို လျှောက်လုပ်နေကျ။ မျှစ်ထောင်းကို တစ်ခါ စမ်းလုပ်ကြည့်ပြီးကတည်းက အရမ်းကို ကြိုက်သွားခဲ့တာ။

အရင်ဆုံး မျှစ်တွေကို ရေဆေးပြီး နူးနေအောင် ပြုတ်ထားပါတယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ မျှစ်ပြုတ်တို့ကို အစဉ်အတိုင်း ညက်အောင်ထောင်းပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် ဆက်ထောင်းပါတယ်။ (တကယ်က မြေပဲနဲ့ ငပိလည်း ထည့်ထောင်းပါတယ်။ အဲ့ဒီအချိန်တုန်းက အိမ်မှာ အသင့်မရှိနေတာနဲ့ မထည့်ထောင်းတော့တာ။)

ထောင်းပြီးလို့ မြည်းကြည့်တော့ တခုခုလိုနေသလို ဖြစ်နေတာနဲ့ သံပုရာသီး တစ်လုံးကို အရည်ညှစ်ထည့်လိုက်တော့မှ အရသာက တော်တော်လေး အဆင်ပြေသွားတာနဲ့ ပန်းကန်ထဲခပ်ပြီး ဆီစမ်းလိုက်ပါတယ်။


မျှစ်ထောင်းထဲ ထည့်တဲ့ အဆာပလာတွေ..

လက်ဖက်သုပ်၊ ဆေးဘဲဥသုပ်နှင့် ကန်ဇွန်းဥ သာကူယို

ပုံမှန်ဟင်းတွေနဲ့ပဲ စားနေရာကနေ အပြောင်းအလွဲလုပ်ချင်တဲ့အခါမျိုးတွေမှာ အသုပ်အနယ်လေးတွေက လုပ်ရတာလွယ်သလို ထမင်းလည်း မြိန်စေလို့ ကျမတို့က ရံဖန်ရံခါ အသုပ်တွေနဲ့ပဲ ထမင်းစားကြပါတယ်။ အဲ့ဒီတုန်းက အစ်မက ဂေါ်ဖီကို ပုံမှန်အဖြူမဝယ်လာဘဲ ခရမ်းရောင်စမ်းဝယ်လာတာနဲ့ လက်ဖက်သုပ်ကို ခရမ်းရောင်ဂေါ်ဖီနဲ့ သုပ်စားဖြစ်သွားတယ်။


လက်ဖက်သုပ်အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ လက်ဖက်အသား၊ အကြော်စုံ၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံတို့နဲ့ သမအောင် ရောနယ်ပါတယ်။


နောက် အမယ်တစ်မျိုးအဖြစ် အိမ်မှာ ရေကြီးမယ်ဆိုတုန်းက ဝယ်လှောင်ထားတဲ့ ဆေးဘဲဥကိုပဲ သုပ်လိုက်ပါတယ်။

ဆေးဘဲဥသုပ်အတွက် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ ဆေးဘဲဥတွေကို ပါးပါးလှီး၊ သံပုရာရည် အနည်းငယ်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံတို့နဲ့ သမအောင် ခပ်ဖွဖွရောနယ်ပါတယ်။


အချိုပွဲအတွက် ဈေးကနေ ကန်ဇွန်းဥတွေ ဝယ်လို့ရလာတာနဲ့ အသင့်ရှိနေတဲ့ သာကူစေ့နဲ့ ရောကျိုလိုက်ပါတယ်။

၁။ ပုံမှန်အားဖြင့် သူများတွေ ဘယ်လိုကျိုကြသလဲ မသိတာနဲ့ ကိုယ့်ဖာသာကိုယ် စိတ်မှန်းနဲ့ပဲ ကျိုကြည့်လိုက်မယ်ဆိုပြီး အရင်ဆုံး အိုးထဲကို ရေလိုချင်သလောက်ထည့်၊ သကြားနဲ့ ဆား သင့်ရုံမှန်းထည့်ပြီး ပွက်အောင်ကျိုပါတယ်။

၂။ ကန်ဇွန်းဥတွေကို အခွံသင်ပြီး အတုံးသေးလေးတွေ တုံးထားပါတယ်။

၃။ သာကူစေ့တွေကို ရေနည်းနည်းထည့်ပြီး နူးအောင် စိမ်ထားပါတယ်။

၎။ သကြားရည် ရပြီဆိုရင် ကန်ဇွန်းဥအတုံးလေးတွေထည့်ပြီး နည်းနည်းကျက်အောင် ပြုတ်ပါတယ်။

၅။ ကန်ဇွန်းဥလေးတွေ ကျက်ခါနီးရင် သာကူစေ့တွေကို စိမ်ထားတဲ့ ရေပါထည့်ပြီး ကျိုပါတယ်။

သာကူစေ့ အဖြူရောင်လေးတွေ ပျောက်လို့ ကြည်သွားရင် မီးပိတ်လိုက်လို့ရပါပြီ။

စားခါနီးမှ အုန်းနို့ဗူး အသင့်ရှိနေတာနဲ့ အုန်းနို့နည်းနည်းထည့်စားပါတယ်။ မထည့်ဘဲ ဒီအတိုင်းစားလည်း စားကောင်းပါတယ်။


Thursday, November 17, 2011

မျှစ်ချဉ်နဲ့ ဝက်သား၊ ပဲကြာဇံ ဟင်းချိုနှင့် တို့ဟူးကြော်

တစ်နေ့က မြို့ပြင်ကိုရောက်တော့ အဲ့ဒီက ဈေးထဲမှာ မျှစ်ချစ်တွေ့တာနဲ့ တစ်ထုပ်ဝယ်လာပြီး ဒီရောက်ကတည်းက တစ်ခါမှ မချက်စားဖူးတဲ့ မျှစ်ချဉ်နဲ့ ဝက်သားချက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။
တစ်ခါမှ မချက်ဖူးတော့ သူများတွေ ဘယ်လိုချက်လဲ လိုက်စနည်းနာဦးမှဆိုပြီး ကြည့်လိုက်တော့ ဗစ်စတာ က လောလောလတ်လတ်ကြီး ချက်ထားတာမို့ သူ့ကိုပဲ မေးလိုက်တော့ သူပြောတဲ့နည်းက အရမ်းလွယ်ပါတယ်။ အဲ့ဒါနဲ့ သူနည်းနဲ့ ချက်လိုက်မယ်ဆိုပြီး ထုံးစံအတိုင်းနဲနဲကွန့်တာကလွဲလို့ သူပြောသလိုပဲ ချက်လိုက်ပါတယ်။

မျှစ်ချဉ်တွေကို ရေဆေးပြီး ကိုယ်လိုချင်သလောက် အနေတော်အရွယ် ဓါးနဲ့ လှီးဖြတ်ထားပါတယ်။ ဗစ်က ခရမ်းချဉ်သီး၊ ကြက်သွန်တွေ မထည့်ခိုင်းပေမယ့် အိမ်မှာ စားတုန်းက ပါသလားလို့ ထင်ပြီး ခရမ်းချဉ်သီး တစ်လုံးကို အစေ့ထုတ်ပြီး ၁၂ပိုင်း ပိုင်းထည့်လိုက်ပါတယ်။
ဝက်သား သုံးထပ်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံထည့်၊ ငရုတ်သီး အရောင်တင်မှုန့် ကုန်နေတာနဲ့ ငရုတ်သီးခြောက် ၅တောင့်ကို ရေစိမ်ပြီး ညက်လုနီးပါးဖြစ်အောင် ထောင်းထည့်ပါတယ်။
ပြီးရင် လက်အိပ်စွပ်ပြီး သမအောင် နယ်ပါတယ်။
ထမင်းပေါင်းအိုးထဲကို မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ဝက်သား၊ ဆီ အနည်းငယ်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ ရေမြုပ်လုနီးပါးထည့်ပြီး တည်ထားပါတယ်။ ညကတည်းက ချက်ထားတာမို့ ရေကို နည်းနည်းခမ်းအောင် တည်လိုက်ပါတယ်။
မနက် စားခါနီးမှ ရေထပ်ထည့်ပြီး ထပ်တည်ပြီးတဲ့အခါ ဆီကျန်၊ ရေကျန် ချဉ်၊ငံ၊စပ် မျှစ်ချဉ်နဲ့ ဝက်သားဟင်းတစ်ခွက်ကို သုံးဆောင်ရန် အသင့် ရပါပြီရှင်။
အစပ်ပြေ ပဲနီလေးဟင်းချိုပါ။
မွှေးတံဆိပ် ပဲစိမ်းမှုန့်နဲ့ ကျိုထားတဲ့ တိုဟူးကို ကြော်ထားတာပါ။ ဒီတစ်ခါပဲ တိုဟူးကြော်ကို ဆိုင်တွေလိုနီးပါး အနေနဲ့ ရဖူးတော့တယ်။ :)

တို့ဟူးကျိုနည်းကို တစ်ခါက (မေလတုန်းက) မရို့စ်က မေးထားဖူးတယ်။ အခုတော့ မရို့စ် နည်းရသွားပြီလား မသိဘူး။

ဒီတစ်ခေါက် ကျိုခဲ့တဲ့နည်းလေးက ပဲစိမ်းမှုန့်နဲ့ ရေကို ဆတူထည့်၊ ဆနွင်းမှုန့် ပါလေရုံထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ကျိုတာပါ။ အိုးထဲက ပဲရည်တွေကို နာရီစက်တံလည်သလို ဆက်တိုက် ပတ်မွှေပေးနေပါတယ်။ ပြောင်းပြန် ပြန်မမွှေပါဘူး။ တော်တော်ကို မွှေရခက်လာလောက်အောင် ပျစ်လာပြီဆိုရင် မီးပိတ်ပြီး ပန်းကန် အပက်ထဲထည့်၊ မျက်နှာပြင်ကို အတတ်နိုင်ဆုံးညှိပေးပြီး အအေးခံထားပါတယ်။ တိုဟူးထဲကို ဓားဦးချွန်စိုက်ကြည့်လိုက်လို့ ဘာမှကပ်ပါမလာဘူးဆိုရင် တိုဟူးခဲ ရပါပြီ။

Tuesday, November 15, 2011

ထိုင်းနိုင်ငံ ရေဘေးအန္တရာယ်နှင့် ရေကြီးဟင်းများ

ခရီးတွေသွား၊ နေမကောင်းတွေဖြစ်၊ ရေတွေကြီး၊ စာတွေပိ၊ အိမ်မှာသုံးနေတဲ့ ကွန်ပျူတာကပျက်၊ ရုံးမှာက ဘလော့ဂ်စပေါ့ထဲ ဝင်မရနဲ့ ပို့စ်တွေ မရေးဖြစ်တာ အရမ်းကို ကြာသွားတယ်။ ကိစ္စများမြောင် လူတို့ဘောင်ဆိုတာ မှန်လိုက်တာ။

စာတွေ မရေးဖြစ်သလို ဟင်းလည်း အရင်ကလောက် မချက်ဖြစ်တာ တော်တော်ကြာသွားတယ်။ ကြာဆို ရေတွေစကြီးတော့ ရေကသာ အိမ်ဘက်ရောက်မလာတယ်.. ပထမ ၂-၃ပါတ်လောက်က အစားအသောက် ဝယ်ရတာတွေ အရမ်းကို ရှားပါးခက်ခဲသွားတာ။ ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲနဲ့ အာလူးကြော်တွေကို ၂ပါတ်စာလောက် ဝယ်ထားပြီး အဲ့ဒါတွေက အထားခံတဲ့ အစာတွေဆိုတော့ ရေကြီးခဲ့ရင် အဲ့ဒါတွေနဲ့ အသက်ဆက်ရမယ်ဆိုပြီး ဝယ်ထားလိုက်တာ။ ဒါတောင် လွယ်လွယ်ကူကူ ပေါပေါများများ ဝယ်လို့ မရဘူး။ အိမ်နားက စူပါမားကတ်မှာ ဝယ်မရလို့ ကားစီးသွားရတဲ့ နောက်စူပါတစ်ခုကို မနက်ပိုင်း ၉-၁၀နာရီလောက် စောစောသွားဝယ်မှ ပစ္စည်းပြန်ဖြည့်ပြီးခါစမို့ ဝယ်လို့ရတာ.. ညနေဘက်များသွားလို့ကတော့ ဘာမှ သိပ်မရှိတော့ဘူး။ နောက် ရေကြီးလို့ မီးပြတ်ခဲ့ရင်စားဖို့ဆိုပြီး ဟင်းနည်းနည်းချက်ထားလိုက်ပါတယ်။ဒီလိုနဲ့ ၁ပါတ်ပြီး ၁ပါတ်သာကြာသွားတယ်.. အစာတွေလည်း ဝယ်စုထားလိုက်၊ စားလို့ကုန်သွားလိုက်၊ ပြန်ဖြည့်လိုက်သာ ဖြစ်သွားတယ်.. ရေကတော့ ခုထိ ရောက်မလာပါဘူး။

ဘန်ကောက်ပို့စ်ထဲမှာ ရေးထားတာ တစ်ချို့လူတွေက ရေကြီးတော့ ပစ္စည်းတွေတော့ ဈေးတက်တော့မှာပဲဆိုပြီး အများကြီးကို ဝယ်သိမ်းထားတာ.. သတင်းရေးသူက စူပါတစ်ခုမှာ ဈေးဝယ်သူ အမျိုးသမီးတစ်ယောက်က ဖုန်းနဲ့ သူ့မိတ်ဆွေကို ပစ္စည်းတွေ ဝယ်သိမ်းထားဖို့၊ သူဆို ကလေးနို့မှုန့်တွေကို တစ်နှစ်စာလောက် ဝယ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း၊ ခုလည်း ရသလောက် ထပ်လာဝယ်တာဖြစ်ကြောင်း၊ နောင်ဆို ဈေးတွေတက်၊ ပစ္စည်းတွေပြတ်ဖြစ်နိုင်ကြောင်း လှမ်းပြောနေတာကို ကြုံရတယ် ပြောပါတယ်။ ကိုယ်လိုတဲ့ပစ္စည်းက သူများလည်း လိုမှာပဲ.. ဒုက္ခရောက်ချိန်မှာ မျှမျှတတ လိုသလောက်လေးပဲ ဝယ်မယ်ဆိုတဲ့ စိတ်မရှိကြတာများလို့လည်း ပစ္စည်းပြတ်တာတွေ အဲ့လောက်မြန်သွားတာဖြစ်မှာ။ ရုပ်ဝတ္တုတွေ ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ စိတ်ဓါတ်က လိုက်ပါမလာတာ စိတ်မကောင်းစရာပါပဲ။

ရေကြီးတဲ့အထဲမှာ မပါပေမယ့် ရေဘေးဒုက္ခက ခြင်တွေ၊ ပိုးကောင်တွေအနေနဲ့ ရောက်လာပါတယ်။ တစ်ရက်၊ တစ်ရက် ညနေ ၆နာရီလောက်မှာမှ တံခါးတွေ၊ ပြတင်းပေါက်တွေကို အကုန်မပိတ်လို့ကတော့ ခြင်တွေ၊ ပိုးကောင်တွေ ဝင်လာလိုက်တာ နံရံအဖြူမှာ မည်းမည်းလှုပ်နေအောင်ကို များတာ.. ကြောက်စရာတောင် ကောင်းတယ်။ အစက သတိမထားမိခင်မှာ ခြင်တွေ အများကြီးဝင်လာတော့ စပရေးမှုတ်ပြီး အခန်းကို ပိတ်ခဲ့၊ အပြင်ခဏထွက်၊ မိနစ်၂၀-၃၀လောက်မှပြန်လာတော့ ကြမ်းပြင်ပေါ်မှာ ခြင်တွေ၊ ပိုးကောင်တွေက အတုံးအရုံးပဲ.. ဘယ်လောက်များ များသလဲ သိချင်တာနဲ့ ရေကြည့်တော့ ၂၅၀-၃၀၀လောက်ရှိတယ်။ ဒီအတိုင်းသာ ထားမိလို့ကတော့ အပ်ချုပ်စက်ထဲ ထည့်အချုပ်ခံရသလိုကို ဖြစ်မှာ။

ရေကြီးမယ်ဆိုပြီး သတင်းစကြီးတုန်းက လန့်ဖျန့်ပြီး ညနေမှာ ဈေးဝယ်ပြီး မနက်၁နာရီခွဲ၊ ၂နာရီလောက်အထိ ပြင်ဆင်ချက်ပြုတ်ခဲ့တဲ့ ရေကြီးဟင်းတွေပါ။


ကြက်ကြော် - ကြက်သားကို ဆား၊ ဆနွင်း ပါလေရုံ၊ အချိုမှုန့်၊ ငရုတ်ကောင်းမှုန့်တိုနဲ့ နယ်နှပ်ထားပြီး ကြော်ထားတာပါ။ သိပ်မာသွားမှာစိုးလို့ ကြွပ်နေအောင်မကြော်ဘဲ အသားတင်းပြီး အတွင်း၊ အပြင်ကျက်ရုံပဲ ကြော်လိုက်ပါတယ်။






အာလူးသီး၊ ကြက်သားကြော် - ကြက်သားကို ခပ်သေးသေးတုံးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံနဲ့ နယ်ထားပါတယ်။ အာလူးတွေကိုလည်း ကြက်သားလိုပဲ ခပ်သေးသေးတုံးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံနဲ့ နယ်ထားပါတယ်။ ဆီအိုးတည်ပြီး ဆီပူတော့ ကြက်သားတွေထည့်လုံး၊ အာလူးသီးထည့် မွှေ၊ ရေသင့်ရုံထည့်ပြီး ရေခန်း လုံးချက် ချက်လိုက်ပါတယ်။ ရေခန်းခါနီးမှာ မဆလာတစ်ထုပ်ထည့်၊ မွှေပြီး မီးပိတ်ထားလိုက်ပါတယ်။

အရင်က ဟင်းချက်ရင် မဆလာထည့်ချက်လေ့ သိပ်မရှိတော့ အစ်မက မဆလာမကြိုက်တာကို သတိမထားမိလိုက်ဘူး။ အဲ့လိုနဲ့ တစ်ယောက်ထဲလည်း စားမကုန်၊ နောက်ပိုင်းမှာ ပုံစံပြောင်းပြီး သီးစုံ ဘဲဥ ချဉ်ဟင်းချက်တာလည်းမကုန်နဲ၊့ ကြာသွားပြီး သွန်ပစ်လိုက်ရတဲ့စခန်းကို ရောက်သွားတဲ့ ဟင်းလေးပါ။

ကြက်ဥပြုတ်

ဒါကတော့ ရေကြီးလို့ မီးပြတ်ရင် ဒီအတိုင်း မသိုးဟင်းအဖြစ်စားဖို့ ပြုတ်ထားတဲ့ ကြက်ဥတွေထဲက တစ်ချို့ပါ။ နောက်ပိုင်းမှာ ကြက်ဥတွေက ဝယ်မရလောက်အောင် ရှားသွားပြီး၊ ဝယ်လို့ရပြန်တော့ အရမ်းကို သေးတဲ့ ကြက်ဥတွေ၊ ဘယ်လောက်တောင်သေးလဲဆိုတာ မှန်းကြည့်လို့ ရအောင် မနက်စာ ပေါင်မုန့်နဲ့စားဖို့ ကြော်ထားတဲ့ ကြက်ဥကြော်ပုံလေးပါ ထည့်လိုက်ပါတယ်။ ပုံမှန်က တစ်ယောက် တစ်လုံးကြော်ရင် မနက်စာစားလို့ရပြီ။ အခုတော့ သေးလွန်းလို့ ၂လုံးစီကြော်မှ ရတယ်။

အချိုပွဲ သလဲသီး



Monday, November 14, 2011

၂၀၁၁ ဘလော့ဂ်ဒေး အမှတ်တရ

မရို့စ်က ဘလော့ဂ်ဒေး (၃၁ရက် သြဂုတ်လ ၂၀၁၁) အတွက်ဆိုပြီး သြဂုတ်လ ၂၄ရက်နေ့ကတည်းက တဂ်ထားတာ အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်နဲ့ ခုဆို ဘာလိုလိုနဲ့ ၃လလောက်တောင်ရှိသွားပြီ။ အဲ့ဒီတဂ်ပို့ မရေးဖြစ်မချင်း တခြားပို့စ်တွေ မရေးဘူးလို့ ဆုံးဖြတ်ထားတာ ရက်က လသာပြောင်းသွားတယ် မရေးဖြစ်၊ မရေးဖြစ်ပဲ ဖြစ်နေလို့ ဒီနေ့တော့ ဖြစ်အောင်ရေးမှပါဆိုပြီး အားခဲပြီး ရေးလိုက်ပါတယ်။

ကျမ ဘလော့ဂ် စလုပ်ဖြစ်တဲ့ အကြောင်းက မြန်မာလိုရေးချင်လို့ပါ။ အရင်က အများစုရေးကြတဲ့ ဝဘ်ဆိုဒ်တစ်ခုမှာ အပျော်ရေးဖူးပါတယ်။ ကျမရေးထားတာတွေကို အစ်မကို ပြတော့ သူက နောက်မရေးပါနဲ့လား.. ရေးထားတာတွေက မကောင်းတော့ ရှက်စရာကြီးလို့ အားပေးရှာတယ်။ ဒါပေမယ့် ဘယ်သူပဲ ဘယ်လိုပဲပြောပြော ရေးချင်တဲ့စိတ်ကရှိနေတော့ ဆက်ရေးတာပါပဲ။

နောက်ပိုင်း အားတဲ့အချ မြန်မာဘလော့ဂ်တွေ ဖတ်တော့ မနိုင်းနိုင်းစနေက ကျမအတွက် နေ့စဉ်ထုတ်သတင်းစာလိုပဲ။ တနေ့မဖတ်ရ မနေနိုင်ဘူး။ ကိုညီလင်းဆက်၊ ကိုရန်အောင်၊ မခွန်မြလှိုင်၊ မအိမ့်ချမ်းမြေ့၊ မမိုးချိုသင်း ဘလော့ဂ်တွေလည်း သွားဖတ်ဖြစ်တယ်။ တခြားဘလော့ဂ်တွေတော့ သိပ်မဖတ်ဖြစ်ဘူး။ နောက်ပိုင်း ဘလော့ဂ်တွေ လုပ်ကြတာများတော့ ကိုယ်လည်းလုပ်ချင်လာတယ်။ အဲ့ဒီတော့ ကျမ စိတ်အဝင်စားဆုံး၊ ရေးမယ်ဆိုရင်ခေါင်းထဲကနေစာထွက်လာတာ အလွယ်ဆုံးဖြစ်မယ့် အစားအသောက်အကြောင်းကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကိုယ့်ကိုယ်ကို အစားအသောက် အဲ့လောက်စိတ်ဝင်စားမယ်လို့ အရင်က မထင်ခဲ့မိဘူး။ ကိုယ့်နိုင်ငံအပြင်ရောက်လို့ ကိုယ်တိုင်မှ မချက်ရင် စားချင်တာမစားရတဲ့ဘဝရောက်မှ ထမင်း၊ ဟင်းကို သေချာစချက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ဟင်းချက်ရတာကို ပျော်လာပြီး လျှောက်လက်တည့်စမ်းတော့တာပဲ။ သူငယ်ချင်းတွေကပြောတယ်.. ကျမက ဟင်းချက်တာမဟုတ်ဘူး experiment လျှောက်လုပ်နေတာလို့။ ဘယ်လိုပဲဖြစ်ဖြစ် ချက်ပြီးရင် စားပေးမယ့်သူတွေရှိတာ တော်တော်ကံကောင်းတယ် ပြောရမယ်။တစ်ယောက်ထဲရှိတဲ့အချိန်ဆိုရင် ချက်ချင်တာ ချက်ဖို့ သိပ်မလွယ်ဘူး။ တစ်ယောက်စာချက်တာ သိပ်လက်ပေါက်ကပ်တာဆိုတော့ ပုံမှန်အတိုင်းပဲချက်၊ ဗူးထဲထည့်၊ ရေခဲသေတ္တာထဲထည့်သိမ်း၊ နောက်နေ့ပြန်နွေးစားနဲ့ သိပ်အလုပ်ရှုပ်တာပဲ။

အစားအသောက်နဲ့ပါတ်သတ်တဲ့ ဘလော့ဂ်လေးကို စလုပ်ဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ့်လိုပဲ အချက်အပြုတ်ဝါသနာရှင် ဘလော့ဂါတွေကိုတွေ့၊ သူတို့ဆီက နည်းတွေယူ၊ လျှောက်စမ်းလုပ်ကြည့်နဲ့ တော်တော်ပျော်စရာကောင်းပါတယ်။ များသောအားဖြင့် သွားဖြစ်တဲ့ဘလော့ဂ်တွေက မရို့ (မရို့ဆီက မုန့်ဖုတ်တာတွေဖတ်ပြီး အိမ်မှာ စမ်းလုပ်ကြည့်တာ ၂ခါ၊ ၃ခါလောက်၊ စိတ်မှန်းနဲ့ပဲလုပ်ပြီး အသေအချာချိန်မလုပ်တော့ အကုန်ပျက်တာပဲ။ အဲ့လိုပျက်တာကိုလည်း စားမယ့်သူရှိတယ်။ :D)၊ နောက် မအိုင်ဗီ၊ မရို့ရှာရွန်၊ မချော၊ မဘေဘီ၊ မစန္ဒကူး၊ စူးနွယ်၊ အန်တီတင့်၊ အန်တီဦး၊ အက်ဒီချမ်း၊ မမိုးကောင်းသူ၊ မလုလု၊ နောက်ဘယ်သူတွေရှိသေးလဲ သေချာတောင် မမှတ်မိတော့ဘူးရယ်။ အဆက်ပြတ်တာလည်း နည်းနည်းကြာသွားလို့။ ကျန်သွားတဲ့သူတွေကို ဆောရီးပါ။ စိတ်ဝင်စားတာက အစားအသောက်ဆိုတော့ အစားအသောက်အကြောင်းရေးတဲ့သူတွေဆီပဲ သွားဖြစ်တာများနေတယ်။ အဲ့ဒီကနေမှ နည်းတွေလည်း သွားသွားယူရတာဆိုတော့။ မှတ်မှတ်ရရ မစန္ဒကူးရဲ့ မျှစ်ထောင်းလေးကို တော်တော်သဘောကျဖူးတယ်။ တခြားဟင်းချက်နည်းတွေ ရေရေရာရာမသိရင်လည်း အပေါ်ကဘလော့ဂ်ရှင်တွေဆီပါတ်သွား၊ လိုက်ရှာပြီး ချက်ကြည့်ရတယ်။ ကြည့်တာတွေက များသွားရင် ဘယ်သူဆီကနည်းကို ယူခဲ့လဲ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ အပြင်မှာ မမြင်ဖူးပေမယ့် အွန်လိုင်းကနေပဲ ဘလော့ဂ်တွေသွားလည်ရင်း အွန်လိုင်းကနေ ခင်မင်စရာကောင်းတဲ့သူတွေ အတော်များများနဲ့ တွေ့ခဲ့ရပါတယ်။

အခုဆိုရင် ဘလော့ဂ်ဒေးကို ကျော်သွားတာ တော်တော်ကြာတာ တစ်ကြောင်း၊ ကျမက လူမှုရေး အားနည်းလို့ရယ်၊ ဘလော့ဂ်လည် အားနည်းလို့ရယ်ကြောင့်က တစ်ကြောင်း ဘယ်သူအသစ်၊ ဘယ်သူအဟောင်းဆိုတာကို မသိလို့ ဘလော့ဂါအသစ်၅ယောက်ကို ရေးမပြနိုင်တာလည်း ဆောရီးပါရှင်။

အင်တာနက်စာမျက်နှာပေါ်မှ စာရေးသူများအားလုံး (ခ) ဘလော့ဂါများ အားလုံး မိမိနှစ်သက်ရာ စာတွေရေးရင်း ပျော်ရွှင်ကြပါစေ...

ဝန်ခံချက်။ ။ဓါတ်ပုံကို Purple Vine ထံမှ တောင်းယူပါတယ်။

Wednesday, August 24, 2011

ဒညင်းသီးနဲ့ ဝက်သားကြော်၊ အာလူးသီးကြော်ချက်၊ ငံပြာရည်ချက်နှင့် ပဲကြာဇံဟင်းချို

ဝက်သားကို ဆား၊ ဆနွင်းနယ်ပြီး ဆီပူထဲ ထည့်ကြော်ထားတာပါ။ ဒညင်းသီးကတော့ အခွံခွာ၊ ကျက်အောင်ပြုတ်ပြီး တစ်ချို့ကို အလုံးလိုက်ထား၊ တစ်ချို့ကို လှီးပြီး ဝက်သားကြော်ထားတဲ့အထဲ ထည့်ပြီး ဆက်ကြော်လိုက်ပါတယ်။

ဒညင်းသီးတွေက စီးနေတာပဲ။ မစီးတာ တစ်လုံးတစ်လေတောင် မပါဘူး။ အနံ့ကအတော့ ထုံးစံအတိုင်း အတော်ပြင်းတယ်။ ဒညင်းသီးစားပြီး သခွားသီးစားရင် ပါးစပ်မနံဘူးလို့ အိမ်က အစ်မက ပြောတယ်။ ဒါပေမယ့် အိမ်မှာ အသင့် မရှိလို့ မစားလိုက်ရဘူး။

အာလူးသီးကြော်ချက်

အာလူးသီး ကြော်ချက်ကတော့ သိမ်းဟင်း ချက်လိုက်တာပါ။

ထမင်း၊ ဟင်း ချက်ချင်စိတ်မရှိတဲ့အခါမျိုးမှာ စားဖို့ အိမ်မှာ တစ်ခါတစ်လေ သိမ်းဟင်း ချက်တတ်ပါတယ်။ ချက်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီးမှ စားခါနီး (ထမင်းအိုး ကျက်ခါနီး) ထမင်းအိုးထဲကို ပန်းကန်လုံးလေးနဲ့ စားမလောက် ခပ်ထည့်ပြီး နွှေးစားတာပါ။

ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာကို ဆီပူအိုးထဲ ထည့်ကြော်၊ ပြီးရင် အဲ့ဒီ့အထဲကို ပါးပါးလှီးထားတဲ့ ဝက်အသဲထည့်ကြော်၊ ခဏကြာရင် ပန်းကန်သပ်သပ်နဲ့ခပ်ပြီး ဖယ်ထားပြီး၊ အာလူး အတုံးသေးလေးတွေကို ထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်မွှေ၊ ရေထည့်ပြီး အာလူးတွေကို ကျက်အောင် ချက်ပါတယ်။

အိုးမကပ်အောင် မကြာမကြာမွှေပေးရင်းနဲ့ အာလူးတွေ လိုချင်တဲ့အနေရပြီဆိုရင် ဝက်အသဲထည့်မွှေပြီး မီးပိတ်ထားလို့ ရပါပြီ။

ဘာမှ ထွေလီကာလီမပါဘဲ စားကောင်းတဲ့ ဟင်းရံတစ်မျိုးပါ။

ငံပြာရည်ချက်
အရင်ကတည်းက ရှိနေတဲ့ ဆီချက်တွေက နည်းနည်းကြာပြီမို့ မသုံးချင်တော့လို့ ငံပြာရည်ချက် ချက်လိုက်တာပါ။

ဆီချက်တွေကို ပြန်ကြော်ပြီး ပူလာပြီဆိုရင် ငံပြာရည်ထည့်၊ ပုစွန်ခြောက်ထည့်၊ ငရုတ်သီးမှုန့်ထည့်၊ ငရုတ်သီးစိမ်းထည့်၊ အဲ့ဒါတွေကို လုံးဖို့ ရေ အနည်းငယ်ထည့်ပြီး ရေခန်းချက်လိုက်ရင် ငံပြာရည်ချက် ရပါပြီ။

ပဲကြာဇံဟင်းချို
အရည်သောက်အတွက် ပဲကြာဇံဟင်းချိုပါ။ အရင်ကလည်း ဒီမှာ ရေးခဲ့ဖူးလို့ ထပ်မရေးတော့ပါဘူးနော်။

ခုတစ်လော စိတ်တွေ မရှည်ဖြစ်လွန်းလို့ စာတွေကို သေချာ မရေးဖြစ်တာ ဆောရီးပါ။ နောင် အာရုံစုစည်းလို့ရရင် သေချာပြန်ရေးပါ့မယ်ရှင်။ ကျေးဇူးတင်ပါတယ်။ =)

Monday, August 22, 2011

မနက်စာလေးများ

မုန့်ဟင်းခါး (ငရုတ်သီးမှုန့် မပါ။)
မုန့်ဟင်းခါး
မုန့်ဟင်းခါး ဟင်းရည် (ပုံမှန်က ကြာစွယ်နဲ့ပဲ ချက်တာ၊ ခုမှ ငှက်ပျောအူ ရှာတွေ့လို့။ ငှက်ပျောအူနဲ့ ချက်တာက ကြာစွယ်နဲ့ထက် ပို လက်ဝင်တယ်။ နုတာလည်း ရှားတော့ စားလို့ အဆင်ပြေတာရဖို့ သိပ်တော့ မလွယ်လှဘူး။ ကြာစွယ်နဲ့က တော်တော်ပို စားကောင်းတယ်။)
ဗယာကြော် (မွှေးတံဆိပ်။)
ပဲသီးစိမ်း (မုန့်ဟင်းခါးထဲ ထည့်စားဖို့။)
အရင်က မကြာမကြာချက်လေ့ရှိတဲ့ မုန့်ဟင်းခါး ဟင်းရည်ပုံစံ (ကြာစွယ်နဲ့။)
ရခိုင်မုန့်တီ (အိမ့်စည်းစိမ် - တီချမ်းဆီက။)
ကြက်သွန်စိမ်းနဲ့ နံနံပင် (ရခိုင်မုန့်တီထဲ ထည့်စားဖို့။)
ကြာဇံကြော် (မုန်ညှင်းဖြူရယ်၊ ကြက်ဥရယ်နဲ့။)
ကြက်သား ခေါက်ဆွဲသုပ် (ရှမ်းခေါက်ဆွဲသားနဲ့၊ ပဲမှုန့် ထည့်သုပ်ထားတာ။)
ကြက်သား ခေါက်ဆွဲသုပ် (ပဲမှုန့်မပါ)
ကြက်သား ကောက်ညှင်းထုပ်ကို မထုပ်ဘဲ ချက်လိုက်တာ။ (ကြက်သားကို အရင်ကြော်၊ ပြီးရင် မှိုထည့်ပြီး ဆက်ကြော်ထားတာကို ကောက်ညှင်းဆန်ထဲထည့်၊ ပဲငံပြာရည် အနောက်ထည့်၊ ဆား သင့်ရုံထည့်၊ ဘဲဥဆားစိမ်ထည့်၊ မြေပဲထည့်၊ သမအောင်နယ်ပြီး ပေါင်းထားတာပါ။ မြေပဲ နဲနဲများသွားတာက လွဲလို့ စားလို့ အရမ်းကောင်းပဲ။)
ပဲကောက်ညှင်းပေါင်း (နဲနဲပြဲသွားတယ်။)
လက်ဖက်ရည် (စူပါတီးမစ်+နို့ဆီ)