Saturday, December 3, 2011

လက်ဖက်သုပ်၊ ဆေးဘဲဥသုပ်နှင့် ကန်ဇွန်းဥ သာကူယို

ပုံမှန်ဟင်းတွေနဲ့ပဲ စားနေရာကနေ အပြောင်းအလွဲလုပ်ချင်တဲ့အခါမျိုးတွေမှာ အသုပ်အနယ်လေးတွေက လုပ်ရတာလွယ်သလို ထမင်းလည်း မြိန်စေလို့ ကျမတို့က ရံဖန်ရံခါ အသုပ်တွေနဲ့ပဲ ထမင်းစားကြပါတယ်။ အဲ့ဒီတုန်းက အစ်မက ဂေါ်ဖီကို ပုံမှန်အဖြူမဝယ်လာဘဲ ခရမ်းရောင်စမ်းဝယ်လာတာနဲ့ လက်ဖက်သုပ်ကို ခရမ်းရောင်ဂေါ်ဖီနဲ့ သုပ်စားဖြစ်သွားတယ်။


လက်ဖက်သုပ်အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ လက်ဖက်အသား၊ အကြော်စုံ၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံတို့နဲ့ သမအောင် ရောနယ်ပါတယ်။


နောက် အမယ်တစ်မျိုးအဖြစ် အိမ်မှာ ရေကြီးမယ်ဆိုတုန်းက ဝယ်လှောင်ထားတဲ့ ဆေးဘဲဥကိုပဲ သုပ်လိုက်ပါတယ်။

ဆေးဘဲဥသုပ်အတွက် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ ဆေးဘဲဥတွေကို ပါးပါးလှီး၊ သံပုရာရည် အနည်းငယ်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံတို့နဲ့ သမအောင် ခပ်ဖွဖွရောနယ်ပါတယ်။


အချိုပွဲအတွက် ဈေးကနေ ကန်ဇွန်းဥတွေ ဝယ်လို့ရလာတာနဲ့ အသင့်ရှိနေတဲ့ သာကူစေ့နဲ့ ရောကျိုလိုက်ပါတယ်။

၁။ ပုံမှန်အားဖြင့် သူများတွေ ဘယ်လိုကျိုကြသလဲ မသိတာနဲ့ ကိုယ့်ဖာသာကိုယ် စိတ်မှန်းနဲ့ပဲ ကျိုကြည့်လိုက်မယ်ဆိုပြီး အရင်ဆုံး အိုးထဲကို ရေလိုချင်သလောက်ထည့်၊ သကြားနဲ့ ဆား သင့်ရုံမှန်းထည့်ပြီး ပွက်အောင်ကျိုပါတယ်။

၂။ ကန်ဇွန်းဥတွေကို အခွံသင်ပြီး အတုံးသေးလေးတွေ တုံးထားပါတယ်။

၃။ သာကူစေ့တွေကို ရေနည်းနည်းထည့်ပြီး နူးအောင် စိမ်ထားပါတယ်။

၎။ သကြားရည် ရပြီဆိုရင် ကန်ဇွန်းဥအတုံးလေးတွေထည့်ပြီး နည်းနည်းကျက်အောင် ပြုတ်ပါတယ်။

၅။ ကန်ဇွန်းဥလေးတွေ ကျက်ခါနီးရင် သာကူစေ့တွေကို စိမ်ထားတဲ့ ရေပါထည့်ပြီး ကျိုပါတယ်။

သာကူစေ့ အဖြူရောင်လေးတွေ ပျောက်လို့ ကြည်သွားရင် မီးပိတ်လိုက်လို့ရပါပြီ။

စားခါနီးမှ အုန်းနို့ဗူး အသင့်ရှိနေတာနဲ့ အုန်းနို့နည်းနည်းထည့်စားပါတယ်။ မထည့်ဘဲ ဒီအတိုင်းစားလည်း စားကောင်းပါတယ်။


3 comments:

  1. ဒီနေ့ ကန်စွမ်းဥပြုတ်သက်သက်ဘဲစားတယ်။
    နောက်နေ့ ကျမှဒီလိုလေးလုပ်စားကြည့်မယ်။
    ဟင်းချက်နည်းလေးတေါအမြဲလာဖတ်တယ်နော်။

    ReplyDelete
  2. Snow ရေ။ မြိန်ရာဟင်းကောင်းဆိုသလို ဆေးဘဲဥသုပ် လဘက်သုပ်တွေနဲ့ ထမင်းစားရတာ တီတင့်လည်းနှစ်သက်တယ်။ အချိုပွဲ သာကူ ကဇွန်းဥလေး အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အခုလို လာအားပေးတဲ့ မမီးငယ်နဲ့ တီတင့်ကို ကျေးဇူးပါရှင်..။ =)

    ReplyDelete