Monday, December 5, 2011

ကြက်ကလီစာကြော်၊ မရမ်းပြား ငပိထောင်းနှင့် အရွက် တို့စရာ


ဒီနေ့ ထိုင်းဘုရင်ကြီး မွေးနေမို့ ရုံးပိတ်တာနဲ့ အိမ်မှာ အေးအေးဆေးဆေး အချိန်ယူပြီး ဟင်းချက်ဖြစ်ပါတယ်။

မနေ့ကပဲ အသိ ညီမလေးတစ်ယောက်က မရမ်းပြား ငပိထောင်းလုပ်နည်း ပြောပြတာကြောင့် အိမ်မှာရှိနေပြီး တော်တော်နဲ့မကုန်နိုင်တဲ့ မရမ်းပြားတွေကို ငပိထောင်း ထောင်းဖြစ်သွားတယ်။ နောက် အရွက်တစ်ချို့ကို တို့စရာအဖြစ် စီစဉ်ပြီး ကြက်ကလီစာတွေကို ကောက်ညှင်းမှုန့်ကပ်ပြီး ဂျင်းချောင်းလေးတွေနဲ့ အကြွပ်ကြော်လိုက်ပါတယ်။

ကြက်ကလီစာကြော်


၁။ ကြက်အသဲ၊ အမြစ်နဲ့ နှလုံးတွေကို အနေတော် အရွယ်အစားလေးတွေ ဖြတ်ပြီး၊ ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံနယ်ပြီး ခဏနှပ်ထားပါတယ်။

၂။ ဂျင်းလက်တစ်ဆစ်လောက်ကို အချောင်းလေးတွေဖြစ်အောင် လှီးထားပါတယ်။

၃။ ကြော်ခါနီးတော့မှ ကလီစာတွေကို ကောက်ညှင်းမှုန့်တွေနဲ့ ကပ်ထားပါတယ်။

၎။ ဆီပူအိုးထဲမှာ ဂျင်းတွေကို အရင် ကြွပ်အောင်ကြော်ပြီး ဆယ်ထားပါတယ်။

၅။ ပြီးရင် ကြက်ကလီစာတွေကို ကြွပ်အောင်ကြော်လိုက်ပါတယ်။

၆။ ကြက်ကလီစာကြော်တွေကို တစ်သျူးခံထားတဲ့ ပန်းကန်ထဲ ဆယ်ထည့်ထားပြီး ဆီတွေ စုပ်သွားပြီဆိုရင် ဟင်းပန်းကန်ထဲပြောင်းထည့်၊ အပေါ်က ဂျင်းကြော်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။


မရမ်းပြား ငပိထောင်း




မရမ်းပြား ငပိထောင်းအတွက် လိုအပ်တဲ့ အစာပလာတွေက ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ မရမ်းပြား၊ ငပိနဲ့ ပုဇွန်ခြောက် အနည်းငယ်တို့ ဖြစ်ပါတယ်။


၁။ နည်းပေးတဲ့ ညီမလေးက ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို အစိမ်းအတိုင်းထည့်ဖို့ပြောပေမယ့် ဗိုက်နာမှာစိုးတာနဲ့ အရင် လှော်လိုက်ပါတယ်။

၂။ လှော်ထားတဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါတယ်။

၃။ ပြီးရင် ပုဇွန်ခြောက်၊ ငပိနဲ့ မရမ်းပြားထည့်ထောင်းပါတယ်။

အားလုံး သမအောင် ထောင်းပြီးရင် အရသာမြည်းပြီး အဆင်ပြေရင် ပန်းကန်ထဲထည့်၊ သုံးဆောင်နိုင်ပါပြီ။ ဂိတ်ဆုံး ချဉ်၊ ငံ၊ စပ် မရမ်းပြား ငပိထောင်းပါ။

မရမ်းပြား ငပိထောင်းနဲ့ တွဲစားဖို့ တို့စရာ ကန်ဇွန်းရွက်ပြုတ်၊ နံနံပင်နဲ့ ပူစီနံပါ။

6 comments:

  1. အမလေးးး ငပိထောင်းကြည့်ပီး သရေယိုသွားတယ် .. :D

    ReplyDelete
  2. ဟုတ်တယ် ဖတ်နေရင်း တံတွေးတောင် မြိုချလိုက်မိတယ်
    မရမ်းပြားငပိထောင်းလေးက ဆွဲဆောင်နေလိုက်တာ

    ReplyDelete
  3. ဟုတ်တယ် Snow ရေ ချောပြောသလိုပဲ မရမ်းပြားငါးပိထောင်းကို ဖတ်တော့ သားရည်ကျချင်လာတယ် ထမင်းနဲ့နယ်ပြီး တို့စရာ ပူစီနံ နံနံပင်နဲ့ စားလိုက်ချင်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. မရမ်းပြားငပိထောင်းကိုကြည့်ပြီး သွားရည်တောင်ယိုလာပြီ.. ဂယ်ပဲ..

    ReplyDelete
  5. မရမ်းပြားငပိထောင်းစားချင်တယ်..း)

    ReplyDelete