Saturday, December 3, 2011

ကြက်သားကြော်၊ မန်ကျည်းမှည့် အချဉ်ရည် နှင့် မျှစ်ထောင်း

ပြီးခဲ့တဲ့အပါတ်တုန်းက ရုံးပိတ်ရက်တရက်မှာ မြို့ပြင်ဘက် ထွက်ဖြစ်တာနဲ့ အဲ့ဒီမှာ မျှစ်နုလေးတွေ တွေ့လို့ မလုပ်စားဖြစ်တာ ကြာပြီဖြစ်တဲ့ မျှစ်ထောင်းလုပ်စားဦးမယ်ဆိုပြီး တစ်ထုပ်ဝယ်လာခဲ့လိုက်တယ်။ နောက်ဟင်းတစ်ခွက်အတွက် ကြက်သားကို အကြော်မှုန့်နဲ့ ကြော်ပြီး မန်ကျည်းမှည့်နဲ့ အချဉ်ရည်လေးဖျော်လိုက်ပါတယ်။

ကြက်သားကြော်၊ မန်ကျည်းမှည့် အချဉ်ရည်


ကြက်သားကြော်ဖို့ အတွက် ကြက်သားကို အတုံးခပ်သေးသေးလေးတွေ တုံးပြီး၊ ကြက်ဥ ၂လုံး ဖောက်ထည့်၊ အကြော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်ထားပါတယ်။

ပြီးရင် ဆီပူအိုးထဲကို ဇွန်းလေးနဲ့ ခပ်ခပ်ထည့်ပြီး ဟိုဘက်၊ ဒီဘက် ညိုရောင်သန်းလာတဲ့အထိကြော်၊ ပြီးရင် တစ်သျူးခံထားတဲ့ ပန်းကန်ထဲကို ဆီစစ်ပြီး ဆယ်ထည့်ထားလိုက်ပါတယ်။

အချဉ်ရည်အတွက်ကို မန်ကျည်းမှည့် လက်တစ်ဆစ်ခွဲလောက် အလုံးလေး တစ်လုံးကို ရေဆေးပြီး ရေနွေးစိမ်ပြီး အရည်တွေယူ၊ အဖတ်တွေ ပစ်ပြီး အဲ့ဒီအထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ပါးပါးနုတ်နုတ်လေး စင်းထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ဖျော်လိုက်ပါတယ်။


မျှစ်ထောင်း

မျှစ်ထောင်းအတွက် နည်းကို မစန္ဒကူးဆီက စတွေ့ဖူးတာ။ ဟင်းအသစ်အဆန်းလေးတွေကို စိတ်ဝင်စားလို့ မကူးဆီ သွားသွားပြီး နည်းတွေယူ၊ လုပ်ချင်သလို လျှောက်လုပ်နေကျ။ မျှစ်ထောင်းကို တစ်ခါ စမ်းလုပ်ကြည့်ပြီးကတည်းက အရမ်းကို ကြိုက်သွားခဲ့တာ။

အရင်ဆုံး မျှစ်တွေကို ရေဆေးပြီး နူးနေအောင် ပြုတ်ထားပါတယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ မျှစ်ပြုတ်တို့ကို အစဉ်အတိုင်း ညက်အောင်ထောင်းပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် ဆက်ထောင်းပါတယ်။ (တကယ်က မြေပဲနဲ့ ငပိလည်း ထည့်ထောင်းပါတယ်။ အဲ့ဒီအချိန်တုန်းက အိမ်မှာ အသင့်မရှိနေတာနဲ့ မထည့်ထောင်းတော့တာ။)

ထောင်းပြီးလို့ မြည်းကြည့်တော့ တခုခုလိုနေသလို ဖြစ်နေတာနဲ့ သံပုရာသီး တစ်လုံးကို အရည်ညှစ်ထည့်လိုက်တော့မှ အရသာက တော်တော်လေး အဆင်ပြေသွားတာနဲ့ ပန်းကန်ထဲခပ်ပြီး ဆီစမ်းလိုက်ပါတယ်။


မျှစ်ထောင်းထဲ ထည့်တဲ့ အဆာပလာတွေ..

1 comment:

  1. မျှစ်ထောင်းတော့ တခါမှမစားဖူးဘူး.. မျှစ်ဆို ဘယ်လိုချက်ချက် အရမ်းကြိုက်တယ်.. လုပ်စားကြည့်ဦးမှ..

    ReplyDelete