Tuesday, March 25, 2014

ဂွေးသီး ငပိချက်


ဈေးမှာ ဂွေးသီးတွေတွေ့တာနဲ့ ဂွေးသီး ငပိချက် ချက်ဖို့ စိတ်ကူးရလို့ အခုလို ချက်လိုက်ပါတယ်။


ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို အခွံသင်၊ ရေဆေးထားပါတယ်။


ဂွေးသီးနဲ့ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပြီး အနေတော် တုံးထားပါတယ်။


အထက်ပါ အမယ် ၄မျိုးကို သတ်သတ်စီခွဲပြီး ကြိတ်စက်နဲ့ ကြိတ်ထားပါတယ်။


ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်နဲ့ ငပိတို့ကို ရောထောင်းပါတယ်။ ငပိထောင်းဗူးက ဒေါ်ရွှေမိုး သုံးနေကျကို မရှိလို့ ရတဲ့ငပိထောင်းဗူး သုံးလိုက်တာ နည်းနည်းခါးသွားပါတယ်။ နောင်ဆိုရင်တော့ မသုံးခင် အရင်မြည်းကြည့်မှ ဖြစ်မယ်။


ဂွေးသီးငပိချက် ချက်ပြီး မြည်းကြည့်တာ မချဉ်တာနဲ့ အိမ်မှာ အသင့်ရှိနေတဲ့ ပန်းသီးရှာလကာရည်ကို ထည့်လိုက်၊ မြည်းလိုက်နဲ့ တစ်ဝက်လောက်ကျိုးမှ အရသာ ကိုယ်ကြိုက်တဲ့အနေရတော့တယ်။ စိတ်ကြိုက်ဖြစ်ပြီဆိုတော့ ဟင်းအိုးကို မီးပိတ်ပြီး ထားလိုက်ပါတယ်။ 

ထမင်းပူပူလေးနဲ့ဆို သူ့ချည်းစားလည်း စားလို့ကောင်းတဲ့ ဟင်းရံတစ်ခွက်ပါ။





Tuesday, March 18, 2014

အရွက်စုံ ရေညှိထမင်းလိပ်


- ကညွတ်
- baby corn 
- သခွားသီး 
- မုန်လာဥနီ 
- ကြက်ဥကြော်


အထက်ပါ အမယ်(၅)မျိုးထဲက ကညွတ်ကလွဲလို့ ကျန်(၄)မျိုးကို ပုံပါအတိုင်း အနေတော် အချောင်းလေးတွေလှီးထားပါတယ်။

ထမင်းကို ဂျပန်နှမ်းဆီမွှေး၊ ဆား၊ မရိုးနိစ်တို့နဲ့ ရောနယ်ပြီး ရေညှိပြားပေါ် ခပ်ပါးပါး ဖြန့်ခင်းပါတယ်။ ခင်းထားတဲ့ထမင်းပေါ် အစာပလာတွေကို ဘေးစွန်းနဲ့ ၁လက်မခွဲလောက်ကနေ ခွာထည့်ပြီး ခပ်ကျစ်ကျစ်လိပ်လိုက်ရင် ရေညှိထမင်းလိပ်ချောင်းတွေ ရပါပြီ။


ရေညှိထမင်းလိပ်ချောင်းတွေကို လှီးမယ့်ဓါးက အတော်ထက်ဖို့လိုပါတယ်။ အပိုင်းတွေ ပိုင်းတဲ့အခါ ထက်ဝက်စီ အဆင့်ဆင့်ပိုင်းသွားရင် ပိုအဆင်ပြေပါတယ်။

ရေညှိထမင်းလိပ်ကို ဆယ်လ်မွန်ငါး အသားလွှာ၊ မီဆောဟင်းချို၊ ပဲငံပြာရည်လေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်ရှင်။

Tuesday, March 4, 2014

ခရမ်းချဉ်သီး ပုဇွန်ခြောက်ချက်


အိမ်မှာ အိမ်ရှင်မဖြစ်တဲ့ မေမေ ၃လလောက် မရှိတာနဲ့ ဟင်းချက်စရာတွေကို သတိထားပြီး ရှင်းမယ့်သူ မရှိတော့ ပစ်လိုက်ရတာတွေ မနည်းဘူး။ အခုလည်း ပုဇွန်ခြောက်တွေက နည်းနည်း တစ်မျိုးဖြစ်နေတာရယ်၊ ခရမ်းချဉ်သီးတွေ ဝယ်ထားတာ များနေတာရယ်ကြောင့် ခရမ်းချဉ်သီး ပုဇွန်ခြောက်ချက် ချက်ဖြစ်သွားပါတယ်။ မရမ်းသီးစိမ်းတွေ ၆လုံးလောက် ကျန်နေတာပါ လက်ကျန်ရှင်းတမ်းအနေနဲ့ ထည့်ချက်လိုက်ပါတယ်။

- ကြက်သွန်နီ ၄လုံး

- မရမ်းသီးစိမ်း ၆လုံး

- ခရမ်းချဉ်သီး ၈လုံး

- ပုဇွန်ခြောက် ဟင်းရည်သောက်ပန်းကန် ၁လုံးစာ

အထက်ပါ ဟင်းချက်စရာ အမယ်၎မျိုးကို တစ်မျိုးစီ သတ်သတ်ကြိတ်ထားပါတယ်။


- နံနံပင် ၁စည်း
(ရေဆေးပြီး လိုချင်တဲ့အနေ ပိုင်းဖြတ်ထားပါတယ်။)

ချက်မယ့် ဟင်းအိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီကျက်ရင် ကြက်သွန်နီထည့် ဆီသတ်ပါတယ်။ ပြီးရင် ပုဇွန်ခြောက်၊ မရမ်းသီးနဲ့ ခရမ်းချဉ်သီးတွေ အစဉ်အတိုင်းထည့်ပြီး မပြတ်မွှေပေးနေရပါတယ်။ ငရုတ်သီးအရောင်တင်မှုန့် ဟင်းခတ်ဇွန်း ၂ဇွန်းထည့်ပြီး ဆက်မွှေပါတယ်။ (ကြက်သွန်နီ ဆီသတ်တဲ့အချိန်မှာ ထည့်ရင် မွှန်မှာစိုးလို့ နောက်ဆုံးမှ ထည့်တာပါ။) အရသာအတွက် ကြက်သားမှုန့်နဲ့ ငံပြာရည်ထည့်ပါတယ်။

ဟင်းကျက်လို့ ဆီပြန်လာတဲ့အခါမှာ မီးပိတ်ပြီး ပန်းကန်လုံး ၁လုံးစာချန်၊ ကျန်တာတွေ နောက်ရက်တွေ စားဖို့ သတ်သတ်ခပ်ထားပါတယ်။



ပန်းကန်လုံး ၁လုံးစာ ခရမ်းချဉ်သီး ပုဇွန်ခြောက်ချက်ထဲ ရေအနည်းငယ်ထည့်ပြီး ပြန်တည်ပါတယ်။ ပွက်ရင် နံနံပင် ပိုင်းထားတာတွေထည့်၊ ရောမွှေပြီး ဆီပြန်လာရင် ရပါပြီ။

ဒီဟင်းမှာ ငပိမသုံးဘဲ ငံပြာရည်ပဲ သုံးထားတော့ အရသာက ပေါ့နေတာနဲ့ ချက်ပြီးတော့မှ ငပိထည့်ပြီး ပြန်ချက်ရပါဦးမယ်။ ဟင်းက လက်တွေ့ချက်ရင်းနဲ့မှ လိုတာ၊ ပိုတာ သင်နေရတယ်။ =)

ငါးမရမ်းသီးစိမ်းဟင်း



မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ကို အလုပ်နဲ့ အလည် ပေါင်းပြီး သွားလည်ခဲ့တုန်းက အတူသွားတဲ့အစ်မအိမ်မှာ တည်းဖြစ်ခဲ့တယ်။ အဲ့အစ်မရဲ့ ယောင်းမက အချက်အပြုတ် သိပ်ကောင်းကြောင်းနဲ့ အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားကြောင်း သိရကတည်းက အစားကောင်းတွေတော့ စားရတော့မယ်လို့ ကြိုတွက်ထားခဲ့ပြီးသားပါ။ 

တကယ်ရောက်သွားပြီး ချက်ကျွေးတာတွေ ကိုယ်တိုင်စားရတော့မှ သတင်းကြားထားတာ မပိုဘူးလို့ သိရတော့တယ်။ အဲ့တုန်းက ချက်ကျွေးခဲ့တဲ့အထဲမှာ အကြိုက်ဆုံးက ပင်လယ်ငါးခူ မရမ်းသီးစိမ်းဟင်းပါပဲ။ ထုံးစံအတိုင်း စားခဲ့တဲ့ဟင်းကို စိတ်အမှတ်နဲ့ မှတ်မိသလောက် ထင်ရာတွေထည့်ပြီး အိမ်မှာ ပြန်စမ်းချက်ကြည့်လိုက်ပါတယ်။



- ခရမ်းချဉ်သီး အလုံးကြီး တစ်လုံးခွဲ
(ထက်ခြမ်းခြမ်းပြီး ခြောက်စိပ်စိတ်ထားပါတယ်။)

- မရမ်းသီးစိမ်း ၇လုံး
(အစေ့ဖယ်ပြီး ၈ပိုင်းလောက် ပိုင်းထားပါတယ်။)

- နံနံပင် သင့်ရုံ
(ရေစင်စင်ဆေးပြီး ၁လက်မအရွက်လောက် ဖြတ်ထားပါတယ်။)

- ဒေါ်ရွှေမိုး တံဆိပ် ငပိထောင်း လက်တစ်ဆစ်ခန့်


- ငါးကတော့ အရင်ရက်ကတည်းက ဆား၊ ကြက်သားမှုန့်၊ ဆနွင်းတို့နဲ့ နယ်ပြီး သိမ်းထားတဲ့အထဲက ၃ပုံ၂ပုံလောက် ယူသုံးပါတယ်။

ဒီဟင်းက လုံးချက်မယ့်ဟင်းမို့ ဟင်းချက်မယ့် အိုးထဲ ဆီအနည်းငယ်ထည့်၊ ငါးထည့်၊ ခရမ်းချဉ်သီးနဲ့ မရမ်းသီးစိမ်းထည့်၊ ကြက်သားမှုန့် သင့်ရုံနဲ့ ငပိထောင်းထည့်ပြီး မီးဖွင့်၊ ခဏထားလိုက်ပါတယ်။

အသံနည်းနည်းမြည်ပြီး အောက်ဆုံးကငါးတွေ အနံ့ နည်းနည်းထွက်လာရင် ရေမမြုပ် တမြုပ်ထည့်ပြီး တည်ထားပါတယ်။

ဟင်းရေတွေပွက်လာရင် အရသာနှံ့အောင် ငါးတွေကို  ဖြည်းဖြည်းချင်း အထက်အောက်လှန်ပေးပါတယ်။ 

ရေခန်းလာရင် ရေသင့်ရုံထပ်ထည့်ပြီး နံနံပင်တွေပါ တစ်ခါတည်းထည့်၊ အိုးအဖုံး အုပ်ပေးထားပါတယ်။

ခဏကြာရင် အငွေ့တွေ အရမ်းထွက်လာပြီး အနံလည်း မွှေးလာပါလိမ့်မယ်။ အရသာ အပေါ့၊ အငံမြည်းပြီး လိုချင်တဲ့အနေရပြီဆိုရင် မီးပိတ်လိုက်လို့ ရပါပြီ။

အမြင်သိပ်မလှပေမယ့် အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ ငါးမရမ်းသီးစိမ်းဟင်း ချဉ်စပ်လေးကို သုံးဆောင်နိုင်ပါပြီရှင်။

Friday, February 28, 2014

ဝက်သား အချိုချက်


ရန်ကုန်ပြန်ရောက်ပြီးနောက်ပိုင်း များသောအားဖြင့် ဟင်းချက်ရင် အလွယ် ပလိန်းတွေပဲ ချက်ဖြစ်နေရာက ဒီနေ့တော့ ပလိန်းမချက်ဘဲ ဟင်းအနှစ်လေးနဲ့ ဆီပြန်ဟင်းချက်ဖြစ်ပါတယ်။ ကျမချက်တဲ့ ပလိန်းဆိုတာက အရွက်ကြော်ဆိုရင် ကြက်သွန်ဖြူ ဆီမသတ်ဘဲ၊ ဆီကျက်ရင် ကြက်ဥထည့်ရင်ကြက်ဥကို အရင်ထဲ့မွှေကြော်၊ မထဲ့ရင် ဒီအတိုင်း အရွက်ထည့်၊ အရသာထည့်ပြီး ကြော်လိုက်တာကို ပြောတာပါ။

ဝက်သား အချိုချက်

- ဝက်သား ၂၀သား
   (အရွယ်တော် တုံးပြီး ဆား၊ ဆနွင်း၊ သကြား၊ ပဲငံပြာရည်၊ ကြက်သားမှုန့်အနည်းငယ်နဲ့ သမအောင်နယ်ထားပြီး ခဏထားပါ။)

- ကြက်သွန်နီ ၇ဥ
   (၄ဥ ကို ကြိတ်ပြီး ၃ဥကို လေးစိတ်စိပ်ထားပါ။)

- ကြက်သွန်ဖြူ ၈မြှောင့်
   (၄မြှောင့်ကို ရောကြိတ်ပြီး၊ ၄မြှောင့်ကို ထက်ခြမ်းခြမ်း၊ ဓါးပြားရိုက်ထားပါ။)

ကြိတ်ထားတဲ့ ကြက်သွန်တွေကို ဆီဟင်းချက်ဇွန်း ၄ဇွန်းလောက်ထည့်ပြီး ကျက်အောင်တည်ထားတဲ့ အိုးထဲထည့်ပြီး ဆီသတ်ပါ။

ဆီသတ်တာ ရပြီဆိုရင် ဝက်သားထည့်လုံးပြီး နည်းနည်းတင်းလာအောင် ကြော်ပါ။

ပိုင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီတွေထည့်၊ ခဏလုံးပြီး ရေ ဟင်းချက်ဇွန်း၃-၄ဇွန်းလောက်ထည့်ပြီး မီးအေးအေးနဲ့ တည်ထားပါ။

ရေခန်းလိုက်၊ မွှေလိုက်၊ ရေနည်းနည်းထပ်ထည့်လိုက်နဲ့ ၃ခါလောက်ရှိရင် ဝက်သားလည်း နူးပြီမို့ ဆီပြန်အောင်တည်ပြီး မီးပိတ်ထားလို့ ရပါပြီ။

ငပိရည်ကျို၊ ချဉ်ပေါင်ဟင်းရည်လေးနဲ့ဆို အင်မတန်လိုက်ဖက်မယ့် ဟင်းတစ်မယ်ပါ။


Wednesday, February 26, 2014

ကျောက်ပွင့်သုပ်



ဘလော့နဲ့ အဆက်ပြတ်သွားခဲ့တာ တော်တော်တောင် ကြာသွားခဲ့ပြီ။ ဟင်းချက်ဖြစ်ရင်တောင် ဓါတ်ပုံ သိပ်မရိုက်ဖြစ်တော့လောက်အောင်ကို အဆက်ပြတ်သွားခဲ့တာ။

 ပြီးခဲ့တဲ့အပါတ်ကတော့ မွန်ပြည်နယ်ဘက်ရောက်ပြီး စက်စဲကနေ ကျောက်ပွင့်အမဲလေးတွေတွေ့လို့ ဝယ်လာရာကနေ ဟင်းအဆန်းလေးတွေ ဘလော့ပေါ် ပြန်တင်ချင်စိတ်ဖြစ်လာတာနဲ့ပဲ ရောက်အောင် ပြန်လာခဲ့လိုက်ပါတယ်။

ကျောက်ပွင့်သုပ်


- ကျောက်ပွင့်အမဲ စားပွဲဇွန်း ၂ဇွန်း
   (ရေစိမ်လိုက်ရင် အများကြီး ပွားသွားပါတယ်။ ရေကိုတော့ သဲတွေ၊ အမှိုက်တွေ ပါတတ်လို့ ၇-၈ထပ်လောက် သေချာ ဆေးပေးရပါတယ်။ )

- ကြက်သွန်နီ ၂ဥ
   (ပါးပါးလှီး၊ ရေခဏစိမ်ပြီး ရေစစ်ထားပါ။)

- မရမ်းပြား ၁၀ပြားခန့်
   (အချဉ်ကို ကြိုက်တဲ့အနေလောက် တိုး၊ လျော့ ထည့်ပါ။)

- ငပိထောင်း လက်ဖက်ရည်ဇွန်း ၂ဇွန်း
   (ဒေါ်ရွှေမိုး ငပိထောင်းဗူးကို သုံးပါတယ်။ သုံးဖူးတဲ့အထဲမှာ သူ့ကို အကြိုက်ဆုံးပါပဲ။)

- ခရမ်းချဉ်သီး ၁လုံး
   (ခပ်သေးသေး အနေတော် လှီးထားပါ။ ဒါကတော့ သတ်သတ် ထည့်ချင်လို့ ထည့်တာပါ။ မွန်သုပ်မှာတော့ မထည့်ကြပါဘူး။ Your kitchen, your rules!. =) )

အထက်ပါ အမယ်တွေကို ဇလုံတစ်လုံးထဲ ရောထည့်၊ ငပိနဲ့ မရမ်းပြားကို ထောင့်လေးမှာ ထည့်ပြီး ဆီနည်းနည်းနဲ့ သမအောင် အရင်နယ်၊ ပြီးမှ ကျန်တာတွေကို ခပ်ဖွဖွရောနယ်၊ အရသာ အချို၊ အပေါ့၊ အငံ ကြိုက်သလိုမြည်းပြီး သုံးဆောင်နိုင်ပါတယ်။ ငပိထောင်းထဲမှာ ငရုတ်သီးပါပြီးသားမို့ ငရုတ်သီး သတ်သတ် ထပ်မထည့်တော့ပါဘူး။ အိမ်မှာသုပ်တာကတော့ ငပိထောင်းထဲမှာ အရသာက အကုန်အဆင်ပြေပြီးသားမို့ ကြက်သားမှုန့်လေး နည်းနည်းပဲ ထပ်ထည့်လိုက်ပါတယ်။ ကျောက်ပွင့်ရေဆေးရတာကလွဲလို့ လွယ်လွယ်ကူကူနဲ့ ခံတွင်းမြိန်စေမယ့် ချဉ်ငံစပ် အသုပ်လေးပါ။


Friday, April 27, 2012

ကြက်အသဲအမြစ်ဟင်း၊ ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်နှင့် ချဉ်ပေါင်ဟင်း


ကြက်အသဲအမြစ်ဟင်းကို အသားဟင်းထက် ပိုကြိုက်လို့ အရင်ကတော့ မကြာမကြာချက်ဖြစ်ပါတယ်။ ခုနောက်ပိုင်း မချက်ဖြစ်တာကြာပြီမို့ ပြီးခဲ့တဲ့ပိတ်ရက်က ဈေးရောက်တုန်း လိုအပ်မယ့် အဆာပလာတွေ ဝယ်လာခဲ့လိုက်တယ်။

၁။ မြန်မာဟင်း ထုံးစံဖြစ်တဲ့ ဟင်းအနှစ်အတွက် လိုအပ်မယ့် ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ ၉မြှောင့်၊ ဂျင်း လက်တစ်ဆစ်၊ ငရုတ်သီးစိမ်း ၄တောင့်နဲ့ ရှမ်းနံနံတစ်ပင်ကို အသင့်ပြင်ထားပါတယ်။


၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းကို ပါးပါးလှီးပြီး ပြန်နုတ်နုတ်စင်းထားပါတယ်။ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံကို လိုချင်တဲ့ အနေ အပိုင်းပိုင်းဖြတ်ထားပါတယ်။


၃။ ဟင်းချက်မယ့်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး (ကျမတော့ ဆီထည့်တာ ပုံမှန်ထက် များသွားတယ်) ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ သူ့အဆင့်အတိုင်းထည့်ပြီး ကြက်သွန်တွေ ဝါရောင်သမ်းပြီး ကျက်တဲ့အထိ ဆီသတ်ပါတယ်။


၎။ ပြီးရင် အရွယ်တော်ပိုင်းထားတဲ့ အသဲ၊ အမြစ်တွေထည့်၊ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံထည့်၊ ခဏမွှေပြီး ရေနည်းနည်းထည့်၊ အရသာအတွက် ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ချက်ပါတယ်။ ရေခန်းလို့ ဆီပြန်ပြီဆိုရင် ကြက်အသဲအမြစ်ဟင်းတစ်ခွက် ရပါပြီ။

ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်


ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်ကတော့ ကြက်အသဲအမြစ်ဟင်းက ဆီတွေနဲ့ အနှစ်နည်းနည်းရယ်၊ အသဲအမြစ်နည်းနည်းရယ်ကို ယူပြီး နည်းနည်းပြန်ကြော်ပါတယ်။ ပြီးတော့ အရွက်သင်ပြီး ရေစင်အောင်ဆေးထားတဲ့ ကန်ဇွန်းရွက်တွေထည့်၊ ဆားနည်းနည်းထည့်ပြီး ကြော်လိုက်ရုံပါပဲ။

အရမ်းလွယ်သလို စားလို့လည်း အတော်ကောင်းပါတယ်။

ချဉ်ပေါင်ဟင်း


ရန်ကုန်က ရောက်နေတဲ့ စားစရာတွေထဲမှာ ချဉ်ပေါင်ကြော်လည်းပါလို့ ငါးကင်စားတဲ့နေ့တုန်းက ပိုနေတဲ့ ငါးကင်တစ်ခြမ်းနဲ့ နောက်ရက်မှာ ချဉ်ပေါင်ရွက်ချဉ်ဟင်း ချက်လိုက်ပါတယ်။ 

ဟင်းချက်ဇွန်းနဲ့ ချဉ်ပေါင်ကြော်တစ်ဇွန်းယူပြီး အရည်သောက်တစ်ခွက်စာရေထဲထည့်၊ ငါးကင်နဲ့ ငါးခေါင်းထည့်၊ ပွက်အောင်တည်၊ အရသာမြည်းကြည့်ပြီး ဆားလိုသလောက်ထည့်လိုက်တာနဲ့ အရသာရှိတဲ့ ချဉ်ပေါင်ရွက်ချဉ်ဟင်းတစ်ခွက်ရပါပြီ။

ဒီဟင်းကို ဓါတ်ပုံရိုက်ဖို့ကို ဘယ်လိုမှ ချဉ်ပေါင်ရွက်ချဉ်ဟင်း ပုံပေါ်အောင် မရိုက်နိုင်လို့ နောက်ဆုံး ငါးလေးကိုပဲ ခေါင်းထောင်ခိုင်းလိုက်ရတယ်။ မသိရင် ငါးခေါင်းဟင်းချိုလိုလို ဘာလိုလို..။ :D

ဝက်ကလီစာ ဆန်ပြုတ်၊ ငပိသုပ်နှင့် စာလေးခွေကြော်သုပ်

ထမင်းက တစ်ယောက်စာပဲချက်ရင် အိုးအရမ်းကပ်ပါတယ်။ အဲ့တော့ မထူးဘူးဆိုပြီး တစ်ခါတစ်လေမှာ တစ်နပ်ကို ထမင်းစားပြီး နောက်တစ်နပ်ကို ဆန်ပြုတ်ပြုတ်လိုက်ပါတယ်။ အလဟဿမဖြစ်တော့ဘူးပေါ့။ :D

ဝက်သားဒုတ်ထိုးကို အတော်ကြိုက်လို့ အားကိုးရတဲ့ ရန်ကုန်ကအစ်မကို သူလာရင် ယူလာခဲ့ပေးဖို့ တကူးတကမှာထားတာပါ။ တကယ်တော့ မမှာလည်း သူက လူကြုံရှိရင် လုပ်လုပ်ပြီး ထည့်ပေးတတ်တယ်။ သိပ်ချစ်စရာကောင်းတယ်။ အဲ့လိုအစ်မမျိုး ၃ယောက်လောက်သာရှိရင် လောကကြီး သိပ်လှသွားမှာ..။ ^_^


ဆိုတော့.. ဝက်ကလီစာက အသင့်ရှိပြီးသားမို့ သူ့ကို အရွယ်တော်အနေညှပ်ပြီး ဆန်ပြုတ်အိုးထဲထည့်၊ ပဲငံပြာရည်နည်းနည်းထည့်၊ ဆားနည်းနည်းထည့်ပြီး ဆန်လုံးကွဲအောင် ပြုတ်လိုက်တာနဲ့ ကျမအကြိုက် အရသာရှိတဲ့ ဆန်ပြုတ်တစ်အိုးရပါပြီ။

ငပိသုပ်

တကယ်တော့ ငပိသုပ်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ မနှစ်တွန့် (ခ) မမွန်းလေး (ခ) မမျိုးရဲ့ ဖဘမှာ တွေ့ပြီး စားချင်စိတ်တွေ ပေါက်သွားလို့ ထသုပ်လိုက်တာပါ။ တကယ်တော့ သူသုပ်တာက ရှောက်သီးသုပ်လိုပဲ.. ဒါမယ့် မျက်စိထဲမှာ ငပိသုပ်ပဲ မြင်မိလို့.. နောက် ရှောက်သီးကလည်း ရှိမှ မရှိတာဆိုတော့.. (ဆောရီးပါ အစ်မ.. :respect: )။


ငပိသုပ်ဖို့အတွက် ကြက်သွန်နီ တစ်ဥ အခွံသင်၊ ပါးပါးလှီးထားတာရယ်၊ ငရုတ်သီးစိမ်း တစ်တောင့် ပါးပါးလှီးထားတာရယ်၊ ပုဇွန်ခြောက်နည်းနည်းရယ်၊ ငရုတ်သီးမှုန့်နည်းနည်းရယ်၊ ငပိကတော့ အောင်စိုးမိုး မြိတ်ပုစွန်ငပိထောင်းဆိုတဲ့ဗူးရှိနေလို့ အဲ့ဒါကိုပဲ သုံးလိုက်ပြီး၊ ဆီနည်းနည်း၊ သံပုရာသီး တစ်ခြမ်းညှစ်ထည့်ပြီး သမအောင် နယ်သုပ်လိုက်တာပါ။


ငပိထောင်းကို ဒီအတိုင်း မမြည်းကြည့်မိဘဲ သုပ်လိုက်တာ နည်းနည်းတော့ ခါးနေတယ်။ ဒါပေမယ့်လည်း ကျိတ်မှိတ်ပြီး စားလိုက်ပါတယ်။ အာသာပြေပေါ့။

Inspired by Ma Myo ပါ။ ကျေးဇူးပါ အစ်မ။ :)

စာလေးခွေကြော်သုပ်


စာလေးခွေကြော်သုပ်ကတော့ ပြီးခဲ့တဲ့လတုန်းက ညီမလေးဆီ သွားလည်တုန်း သူသုပ်ကျွေးလိုက်တာကို ကြိုက်သွားလို့ သူ့လိုသုပ်စားလိုက်တာပါ။ မဆိုးဘူး.. အပြောင်းအလဲလည်း ဖြစ်တယ်.. အပျင်းလည်း ပြေတယ်။

သူက ကြက်သွန်နီ တစ်ဥ၊ ငရုတ်သီးစိမ်း တစ်တောင့်ကို ပါးပါးလှီးပြီး စာလေးခွေကြော်ထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ သံပုရာသီး တစ်ခြမ်းညှစ်ထည့်ပြီး သုပ်လိုက်ရုံပါပဲ။ သုပ်နည်းက လွယ်သလို စားလို့လည်း ကောင်းပါတယ်။

စာလေးခွေကြော်သုပ်ဆိုလို့ စာလေးခွေကြော်တွေ အများကြီး ဝယ်လာပေးခဲ့ဖူးတဲ့ မရီတာကိုတောင် သတိရမိသေးတယ်။

သင်္ဘောသီးထောင်းနှင့် ငါးကင်


သင်္ဘောသီးထောင်းရင်ထည့်ရတဲ့ အသင့် အရသာစပ်ထားပြီးသား အမှုန့်ထုပ်တွေကို တွေ့ဖူးနေတာကြာပြီး တစ်ခါမှ စမ်းမလုပ်ကြည့်ဖူးသေးဘူး။ လွန်ခဲ့တဲ့လလောက်ကမှ အဲ့အထုပ်ကို မောလ်တစ်ခုမှာ ပြန်တွေ့လို့ ဝယ်လာပြီး စမ်းလုပ်ကြည့်လိုက်ပါတယ်။

အအစစက တစ်ခါ မေးဖူးလို့ အောင်မြင်တယ် မအောင်မြင်ဘူး ပြန်ပြောမယ် ပြောထားလို့.. မဆိုးပါဘူး.. စားလို့ အဆင်ပြေပါကြောင်း။ =)



၁။ အရင်ဆုံး သင်္ဘောသီးကို လိုသလောက်ယူပြီး အခွံသင်၊ ခြစ်တံလေးနဲ့ ခြစ်ထားပါတယ်။

အမှုန့်ထုပ်က အားလုံး အသင့်ပါပြီးသားလို ရေးထားပေမယ့် ရေနည်းနည်းနဲ့ဖျော်ပြီး မြည့်ကြည့်တော့ သိပ်အရသာမကြိုက်လို့ ခရမ်းချဉ်သီးတစ်လုံး၊ ငရုတ်သီးစိမ်းနှစ်တောင့်၊ ပုစွန်ခြောက်နည်းနည်း၊ ဓါတ်ပုံရိုက်ပြီးနောက်မှ အာရုံရလာပြီး ကြက်သွန်ဖြူ ၂မြှောင့်နဲ့ သံပုရာသီး တစ်ခြမ်းထပ်ထည့်ပြီး ထောင်းလိုက်ပါတယ်။

မြေပဲကြိုက်ရင် ထည့်ထောင်းလို့ရပါတယ်။ ကျမကတော့ အိမ်မှာ အသင့်မရှိလို့ မထည့်တော့ဘူး။ သူများတွေ ဘဲဥအငံကို ပြုတ်ပြီး လေးစိပ်စိတ်ပြီးလည်း သင်္ဘောသီး ထောင်းပြီးသားထဲ ထည့်စားကြပါတယ်။


၂။ ထောင်းပုံက အရင်ဆုံး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်နည်းနည်းကို အရင်ဆုံးထောင်းပါတယ်။

၃။ မညက်တညက်အနေရလာရင် ခရမ်းချဉ်သီးထည့်၊ သင်္ဘောသီးခြစ်ထားတာထည့်ပြီး ထောင်းလိုက် ဇွန်းနဲ့ မွှေလိုက်လုပ်ပြီး အရသာမှုန့်ကို လိုသလောက်မှန်းယူပြီး ရေဖျော်ထည့်၊ ငံပြာရည်နည်းနည်းထည့်၊ သကြားနည်းနည်းထည့်၊ သံပုရာသီးတစ်ခြမ်းညှစ်ထည့်ပြီး အရသာမြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ရပါပြီ။


အခုထောင်းနည်းကို ထိုင်းလို တံ(မ်)ထိုင်းလို့ ခေါ်ပါတယ်။ အသံထွက် မပီဘူးထင်ရင် ကျေးဇူးပြုပြီး ပြင်ပေးသွားကြပါ။ ကျမကတော့ နားအကြားနဲ့ပဲ မှတ်ထားတာမို့ အဲ့လိုပဲ ကြားလို့ပါ။

အဲ့တုန်းက လုပ်ရင်းက စဉ်းစားမိတယ်.. သူ့အမှုန့်မထည့်ဘဲ ကိုယ့်ဘာသာကိုယ်လုပ်လည်း အဆင်ပြေလောက်တယ်လို့..။ စမ်းကြည့်လို့ အဆင်ပြေမှ နောက်နည်းတွေကို ထပ်ရေးပါဦးမယ်။

သင်္ဘောသီးက ထောင်းနည်းအမျိုးမျိုးရှိတဲ့အထဲမှာ ကျမကြိုက်တဲ့နည်းက ငပိရည်နဲ့ ထောင်းတာပါ။ ဂဏန်းဆားစိမ်ထည့်တာကိုတော့ မကြိုက်ဘူး။ မသန့်ရင် ဗိုက်နာမှာစိုးလို့။ နောက်တစ်ခေါက်ကျ အိမ်မှာရှိနေတဲ့ ငပိရည်နဲ့ ထောင်းကြည့်ပါဦးမယ်။ အဲ့ဒီနည်းကိုကျ တံ(မ်)ပလာလို့ ခေါ်ပါတယ်။

ငါးကင်


သင်္ဘောသီးထောင်းစားမှာမို့ သူနဲ့ တွဲဖက်စားဖို့ ငါးကင်တစ်ကောင် ဆိုင်က ဝယ်လာပါတယ်။ ငါးကင်နည်းကိုတော့ မရေးပေးတော့ပါဘူး။ ရေးရင်လည်း လျှောက်ပြီး မှန်းသမ်းရမ်းသမ်းနဲ့ ရေးရမှာဆိုတော့ တူမှာမဟုတ်ဘူး..။ =)

ငါးဖယ်သုပ်၊ အာလူးအစပ်ချက်နှင့် ပဲနီလေးဟင်းချို


ရန်ကုန်က အစ်မလာတုန်းက ငါးဖယ်ကြော်တွေ ယူလာပေးလို့ အဲ့ဒီငါးဖယ်ကြော်တွေကို ပြန်ကြော်ပြီး ငါးဖယ်သုပ်လုပ်စားဖြစ်ပါတယ်။

၁။ ငါးဖယ်သုပ်ဖို့အတွက် ကြက်သွန်နီ တစ်ဥကို အခွံသင် ပါးပါးလှီး၊ ရေအေးနဲ့ ခဏစိမ်ထားပြီး ရေစစ်ထားပါတယ်။

၂။ ခရမ်းချဉ်သီးတစ်လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။

၃။ နံနံပင် တစ်ပင်ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါတယ်။

၎။ ငရုတ်သီးစိမ်းကိုတော့ သိပ်မစပ်အောင် တစ်တောင့်ပဲ ပါးပါးလှီးထားပါတယ်။

၅။ ငါးဖယ်ကြော်တွေကို ခပ်သေးသေးညှပ်ထားပြီး သံပုရာသီး တစ်ခြမ်းကို သုပ်တဲ့အထဲ ထည့်ဖို့ အသင့်ပြင်ထားပါတယ်။


၆။ အထက်ပါ အဆာပလာတွေ အားလုံးကို သုပ်မယ့်ဇလုံထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံထည့်ပြီး သမအောင်နယ်ပါတယ်။

အရသာရှိတဲ့ ငါးဖယ်သုပ်တစ်ပွဲ ရပါပြီ။

အာလူးအစပ်ချက်


အာလူးအစပ်ချက်က အရင်ကလည်း ချက်နည်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါချက်နည်းက နည်းနည်းတော့ ကွဲပါတယ်။ အစ်မက အစပ်သိပ်မစားနိုင်လို့ ငရုတ်သီးကို တစ်တောင့်ပဲထည့်ပြီး ကြက်သွန်ဖြူ၊ နံနံပင်တို့နဲ့ ညက်အောင် ရောထောင်းပြီး ချက်လိုက်တာပါ။

ချက်နည်းကို ဒီမှာ ပြန်ကြည့်လို့ ရပါတယ်။ အရင်အခေါက်ချက်တုန်းက ငရုတ်သီးစိမ်း အနီရောင်အတောင့်နဲ့ ချက်တာကြောင့်ရယ်၊ နည်းနည်းတူးသွားလို့ရယ်ကြောင့် အရောင်တော့ ကွဲနေပါတယ်။ :D

အခုလို ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်ထောင်းနဲ့ ငါးကို ပေါင်းချက် ချက်ရင်လည်း အရမ်းစားကောင်းပါတယ်။ ငါးဝယ်ဖြစ်တဲ့နေ့မှ တစ်ခါချက်ပါဦးမယ်။ ငါးဒုက္ခဟင်းလို့လည်း တစ်ချို့က ခေါ်ကြတယ်။ အရမ်းကို မွှေးပြီး အစပ်ကြိုက်သူတွေ ခံတွင်းတွေ့စေမယ့်ဟင်းတစ်ခွက်ပါ။

ပဲနီလေးဟင်းချို


ပဲနီလေးဟင်းချိုကတော့ ခဏ၊ ခဏကို ချက်ဖြစ်တဲ့ အရည်သောက်ဟင်းတစ်ခွက်ပါ။ ကြိုက်လို့ရော၊ ချက်ရတာ လွယ်လို့ပါ ဒီဟင်းချည်း ချက်ဖြစ်တာ များပါတယ်။ ဒီတစ်ခါတော့ အရင်ကထက် ပဲတွေကို ပိုနူးအောင် ထမင်းပေါင်းအိုးနဲ့ ပဲတွေကို သေချာပြုတ်ပြီးမှ ဆီပါလေကာ၊ ကြက်သွန်ဖြူ ၃မြှောင့်ထောင်းထားတာထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး တစ်ခေါက်ထပ်ပွက်အောင် တည်လိုက်ပါတယ်။ ခုထိတော့ ဘယ်လောက်ချက်ချက် မမုန်းသေးတဲ့ ဟင်းလေးပါ။