Friday, April 27, 2012

ဝက်ကလီစာ ဆန်ပြုတ်၊ ငပိသုပ်နှင့် စာလေးခွေကြော်သုပ်

ထမင်းက တစ်ယောက်စာပဲချက်ရင် အိုးအရမ်းကပ်ပါတယ်။ အဲ့တော့ မထူးဘူးဆိုပြီး တစ်ခါတစ်လေမှာ တစ်နပ်ကို ထမင်းစားပြီး နောက်တစ်နပ်ကို ဆန်ပြုတ်ပြုတ်လိုက်ပါတယ်။ အလဟဿမဖြစ်တော့ဘူးပေါ့။ :D

ဝက်သားဒုတ်ထိုးကို အတော်ကြိုက်လို့ အားကိုးရတဲ့ ရန်ကုန်ကအစ်မကို သူလာရင် ယူလာခဲ့ပေးဖို့ တကူးတကမှာထားတာပါ။ တကယ်တော့ မမှာလည်း သူက လူကြုံရှိရင် လုပ်လုပ်ပြီး ထည့်ပေးတတ်တယ်။ သိပ်ချစ်စရာကောင်းတယ်။ အဲ့လိုအစ်မမျိုး ၃ယောက်လောက်သာရှိရင် လောကကြီး သိပ်လှသွားမှာ..။ ^_^


ဆိုတော့.. ဝက်ကလီစာက အသင့်ရှိပြီးသားမို့ သူ့ကို အရွယ်တော်အနေညှပ်ပြီး ဆန်ပြုတ်အိုးထဲထည့်၊ ပဲငံပြာရည်နည်းနည်းထည့်၊ ဆားနည်းနည်းထည့်ပြီး ဆန်လုံးကွဲအောင် ပြုတ်လိုက်တာနဲ့ ကျမအကြိုက် အရသာရှိတဲ့ ဆန်ပြုတ်တစ်အိုးရပါပြီ။

ငပိသုပ်

တကယ်တော့ ငပိသုပ်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ မနှစ်တွန့် (ခ) မမွန်းလေး (ခ) မမျိုးရဲ့ ဖဘမှာ တွေ့ပြီး စားချင်စိတ်တွေ ပေါက်သွားလို့ ထသုပ်လိုက်တာပါ။ တကယ်တော့ သူသုပ်တာက ရှောက်သီးသုပ်လိုပဲ.. ဒါမယ့် မျက်စိထဲမှာ ငပိသုပ်ပဲ မြင်မိလို့.. နောက် ရှောက်သီးကလည်း ရှိမှ မရှိတာဆိုတော့.. (ဆောရီးပါ အစ်မ.. :respect: )။


ငပိသုပ်ဖို့အတွက် ကြက်သွန်နီ တစ်ဥ အခွံသင်၊ ပါးပါးလှီးထားတာရယ်၊ ငရုတ်သီးစိမ်း တစ်တောင့် ပါးပါးလှီးထားတာရယ်၊ ပုဇွန်ခြောက်နည်းနည်းရယ်၊ ငရုတ်သီးမှုန့်နည်းနည်းရယ်၊ ငပိကတော့ အောင်စိုးမိုး မြိတ်ပုစွန်ငပိထောင်းဆိုတဲ့ဗူးရှိနေလို့ အဲ့ဒါကိုပဲ သုံးလိုက်ပြီး၊ ဆီနည်းနည်း၊ သံပုရာသီး တစ်ခြမ်းညှစ်ထည့်ပြီး သမအောင် နယ်သုပ်လိုက်တာပါ။


ငပိထောင်းကို ဒီအတိုင်း မမြည်းကြည့်မိဘဲ သုပ်လိုက်တာ နည်းနည်းတော့ ခါးနေတယ်။ ဒါပေမယ့်လည်း ကျိတ်မှိတ်ပြီး စားလိုက်ပါတယ်။ အာသာပြေပေါ့။

Inspired by Ma Myo ပါ။ ကျေးဇူးပါ အစ်မ။ :)

စာလေးခွေကြော်သုပ်


စာလေးခွေကြော်သုပ်ကတော့ ပြီးခဲ့တဲ့လတုန်းက ညီမလေးဆီ သွားလည်တုန်း သူသုပ်ကျွေးလိုက်တာကို ကြိုက်သွားလို့ သူ့လိုသုပ်စားလိုက်တာပါ။ မဆိုးဘူး.. အပြောင်းအလဲလည်း ဖြစ်တယ်.. အပျင်းလည်း ပြေတယ်။

သူက ကြက်သွန်နီ တစ်ဥ၊ ငရုတ်သီးစိမ်း တစ်တောင့်ကို ပါးပါးလှီးပြီး စာလေးခွေကြော်ထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ သံပုရာသီး တစ်ခြမ်းညှစ်ထည့်ပြီး သုပ်လိုက်ရုံပါပဲ။ သုပ်နည်းက လွယ်သလို စားလို့လည်း ကောင်းပါတယ်။

စာလေးခွေကြော်သုပ်ဆိုလို့ စာလေးခွေကြော်တွေ အများကြီး ဝယ်လာပေးခဲ့ဖူးတဲ့ မရီတာကိုတောင် သတိရမိသေးတယ်။

2 comments: