Friday, April 27, 2012

ငါးဖယ်သုပ်၊ အာလူးအစပ်ချက်နှင့် ပဲနီလေးဟင်းချို


ရန်ကုန်က အစ်မလာတုန်းက ငါးဖယ်ကြော်တွေ ယူလာပေးလို့ အဲ့ဒီငါးဖယ်ကြော်တွေကို ပြန်ကြော်ပြီး ငါးဖယ်သုပ်လုပ်စားဖြစ်ပါတယ်။

၁။ ငါးဖယ်သုပ်ဖို့အတွက် ကြက်သွန်နီ တစ်ဥကို အခွံသင် ပါးပါးလှီး၊ ရေအေးနဲ့ ခဏစိမ်ထားပြီး ရေစစ်ထားပါတယ်။

၂။ ခရမ်းချဉ်သီးတစ်လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။

၃။ နံနံပင် တစ်ပင်ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါတယ်။

၎။ ငရုတ်သီးစိမ်းကိုတော့ သိပ်မစပ်အောင် တစ်တောင့်ပဲ ပါးပါးလှီးထားပါတယ်။

၅။ ငါးဖယ်ကြော်တွေကို ခပ်သေးသေးညှပ်ထားပြီး သံပုရာသီး တစ်ခြမ်းကို သုပ်တဲ့အထဲ ထည့်ဖို့ အသင့်ပြင်ထားပါတယ်။


၆။ အထက်ပါ အဆာပလာတွေ အားလုံးကို သုပ်မယ့်ဇလုံထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်သင့်ရုံထည့်ပြီး သမအောင်နယ်ပါတယ်။

အရသာရှိတဲ့ ငါးဖယ်သုပ်တစ်ပွဲ ရပါပြီ။

အာလူးအစပ်ချက်


အာလူးအစပ်ချက်က အရင်ကလည်း ချက်နည်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါချက်နည်းက နည်းနည်းတော့ ကွဲပါတယ်။ အစ်မက အစပ်သိပ်မစားနိုင်လို့ ငရုတ်သီးကို တစ်တောင့်ပဲထည့်ပြီး ကြက်သွန်ဖြူ၊ နံနံပင်တို့နဲ့ ညက်အောင် ရောထောင်းပြီး ချက်လိုက်တာပါ။

ချက်နည်းကို ဒီမှာ ပြန်ကြည့်လို့ ရပါတယ်။ အရင်အခေါက်ချက်တုန်းက ငရုတ်သီးစိမ်း အနီရောင်အတောင့်နဲ့ ချက်တာကြောင့်ရယ်၊ နည်းနည်းတူးသွားလို့ရယ်ကြောင့် အရောင်တော့ ကွဲနေပါတယ်။ :D

အခုလို ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်ထောင်းနဲ့ ငါးကို ပေါင်းချက် ချက်ရင်လည်း အရမ်းစားကောင်းပါတယ်။ ငါးဝယ်ဖြစ်တဲ့နေ့မှ တစ်ခါချက်ပါဦးမယ်။ ငါးဒုက္ခဟင်းလို့လည်း တစ်ချို့က ခေါ်ကြတယ်။ အရမ်းကို မွှေးပြီး အစပ်ကြိုက်သူတွေ ခံတွင်းတွေ့စေမယ့်ဟင်းတစ်ခွက်ပါ။

ပဲနီလေးဟင်းချို


ပဲနီလေးဟင်းချိုကတော့ ခဏ၊ ခဏကို ချက်ဖြစ်တဲ့ အရည်သောက်ဟင်းတစ်ခွက်ပါ။ ကြိုက်လို့ရော၊ ချက်ရတာ လွယ်လို့ပါ ဒီဟင်းချည်း ချက်ဖြစ်တာ များပါတယ်။ ဒီတစ်ခါတော့ အရင်ကထက် ပဲတွေကို ပိုနူးအောင် ထမင်းပေါင်းအိုးနဲ့ ပဲတွေကို သေချာပြုတ်ပြီးမှ ဆီပါလေကာ၊ ကြက်သွန်ဖြူ ၃မြှောင့်ထောင်းထားတာထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး တစ်ခေါက်ထပ်ပွက်အောင် တည်လိုက်ပါတယ်။ ခုထိတော့ ဘယ်လောက်ချက်ချက် မမုန်းသေးတဲ့ ဟင်းလေးပါ။

1 comment: