Monday, April 9, 2012

မာလာဟင်းနှင့် ဆူကီ


တစ်ယောက်ထဲ ဖြစ်သလို စားသောက်နေစဉ် ကာလတုန်းက သူငယ်ချင်းတစ်ယောက် အိမ်လာလည်တာနဲ့ အဲ့ဒီနေ့က မာလာဟင်း လုပ်စားဖြစ်သွားတယ်။

မာလာဟင်းကို တလောကပဲ တီချမ်းဆီမှာ တဝကြီး စားလာခဲ့တာ။ ကိုယ့်ဘာသာကိုယ် အိမ်မှာ တစ်ခါ ထပ်လုပ်စားလည်း မရိုးနိုင်ပါဘူး။ ကြိုက်တာပဲ။

အိမ်မှာတော့ အဲ့နေ့က အမှတ်တရ တံဆိပ် အသင့်စားအထုတ်ထဲက ပါလာတဲ့ အဆာပလာတွေကို ပြုတ်၊ အိမ်မှာရှိတဲ့ ကန်ဇွန်းရွက်၊ မုန်ညင်းရွက်၊ ကျောက်ပွင့်နဲ့ မာလာခေါက်ဆွဲ (ပဲခေါက်ဆွဲ အမဲ)ကို ပြုတ်၊ အသင့်ပါပြီးသား အဆာပလာတွေနဲ့ သုပ်ပြီး အရသာ အပေါ့အငံမြည်း၊ ပြင်လိုက်ရုံနဲ့ စားကောင်းတဲ့ မာလာဟင်းတစ်ပွဲ ရပါပြီ။

ဆူကီ



တစ်ယောက်ထဲစာ ချက်ရတာ အလွယ်ဆုံးကတော့ ဆူကီပဲ ဖြစ်မယ်။

အိမ်မှာ ကြက်ပေါင် တစ်ပေါင် ပိုနေသေးတာနဲ့ အဲ့ဒါကို အတုံးသေးသေးလေးတွေတုံး၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ရေနယ်ပြီး ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲ အလုံးလေးတွေလုံးပြီးထည့်၊ ခနောတစ်တုံးထည့်၊ ရှစ်စိတ်ပိုင်းထားတဲ့ ခရမ်းချဉ်သီး တစ်လုံးထည့်၊ ငရုတ်သီးစိမ်း ၃တောင့် နှစ်ပိုင်းပိုင်းထည့်၊ ပွက်လာရင် ပိုင်းထားတဲ့ ဂေါ်ဖီရယ်၊ သင်ထားတဲ့ ကန်ဇွန်းရွက်ရယ်၊ ရေစိမ်ပြီး ဖြတ်ထားတဲ့ ပဲကြာဇံရယ်ထည့်ပြီး တစ်ခါ ထပ်ပွက်အောင်တည်၊ အရသာမြည်းပြီး လိုသလိုပြင်၊ ပြီးရင် ရပါပြီ။

တစ်ပန်းကန်စာ မှန်းပြီး လုပ်တာတောင် အဆာပလာတွေ ပိုနေသေးလို့ ပန်းကန်နဲ့ သတ်သတ်ခွဲထည့်ထားရတယ်။ အိမ်မှာရှိတဲ့ ငရုတ်ဆီပုလင်းလေးနဲ့ တို့စားရတာ အရသာပဲ။ ဘဝဆိုတာ ကိုယ်ကျေနပ်သလို နေနေရရင်၊ နေနေရတဲ့ဘဝကို ကျေနပ်တတ်ရင် စိတ်ချမ်းသာစရာ ကောင်းတာပါပဲ။


1 comment:

  1. မဆိုးဘူး တိုးတက်လာတယ် တီချမ်း ဆီက crash course တွေက အလုပ်ဖြစ်တယ်ပေါ့လေ ခိ

    ReplyDelete