Thursday, November 17, 2011

မျှစ်ချဉ်နဲ့ ဝက်သား၊ ပဲကြာဇံ ဟင်းချိုနှင့် တို့ဟူးကြော်

တစ်နေ့က မြို့ပြင်ကိုရောက်တော့ အဲ့ဒီက ဈေးထဲမှာ မျှစ်ချစ်တွေ့တာနဲ့ တစ်ထုပ်ဝယ်လာပြီး ဒီရောက်ကတည်းက တစ်ခါမှ မချက်စားဖူးတဲ့ မျှစ်ချဉ်နဲ့ ဝက်သားချက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။
တစ်ခါမှ မချက်ဖူးတော့ သူများတွေ ဘယ်လိုချက်လဲ လိုက်စနည်းနာဦးမှဆိုပြီး ကြည့်လိုက်တော့ ဗစ်စတာ က လောလောလတ်လတ်ကြီး ချက်ထားတာမို့ သူ့ကိုပဲ မေးလိုက်တော့ သူပြောတဲ့နည်းက အရမ်းလွယ်ပါတယ်။ အဲ့ဒါနဲ့ သူနည်းနဲ့ ချက်လိုက်မယ်ဆိုပြီး ထုံးစံအတိုင်းနဲနဲကွန့်တာကလွဲလို့ သူပြောသလိုပဲ ချက်လိုက်ပါတယ်။

မျှစ်ချဉ်တွေကို ရေဆေးပြီး ကိုယ်လိုချင်သလောက် အနေတော်အရွယ် ဓါးနဲ့ လှီးဖြတ်ထားပါတယ်။ ဗစ်က ခရမ်းချဉ်သီး၊ ကြက်သွန်တွေ မထည့်ခိုင်းပေမယ့် အိမ်မှာ စားတုန်းက ပါသလားလို့ ထင်ပြီး ခရမ်းချဉ်သီး တစ်လုံးကို အစေ့ထုတ်ပြီး ၁၂ပိုင်း ပိုင်းထည့်လိုက်ပါတယ်။
ဝက်သား သုံးထပ်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံထည့်၊ ငရုတ်သီး အရောင်တင်မှုန့် ကုန်နေတာနဲ့ ငရုတ်သီးခြောက် ၅တောင့်ကို ရေစိမ်ပြီး ညက်လုနီးပါးဖြစ်အောင် ထောင်းထည့်ပါတယ်။
ပြီးရင် လက်အိပ်စွပ်ပြီး သမအောင် နယ်ပါတယ်။
ထမင်းပေါင်းအိုးထဲကို မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ဝက်သား၊ ဆီ အနည်းငယ်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ ရေမြုပ်လုနီးပါးထည့်ပြီး တည်ထားပါတယ်။ ညကတည်းက ချက်ထားတာမို့ ရေကို နည်းနည်းခမ်းအောင် တည်လိုက်ပါတယ်။
မနက် စားခါနီးမှ ရေထပ်ထည့်ပြီး ထပ်တည်ပြီးတဲ့အခါ ဆီကျန်၊ ရေကျန် ချဉ်၊ငံ၊စပ် မျှစ်ချဉ်နဲ့ ဝက်သားဟင်းတစ်ခွက်ကို သုံးဆောင်ရန် အသင့် ရပါပြီရှင်။
အစပ်ပြေ ပဲနီလေးဟင်းချိုပါ။
မွှေးတံဆိပ် ပဲစိမ်းမှုန့်နဲ့ ကျိုထားတဲ့ တိုဟူးကို ကြော်ထားတာပါ။ ဒီတစ်ခါပဲ တိုဟူးကြော်ကို ဆိုင်တွေလိုနီးပါး အနေနဲ့ ရဖူးတော့တယ်။ :)

တို့ဟူးကျိုနည်းကို တစ်ခါက (မေလတုန်းက) မရို့စ်က မေးထားဖူးတယ်။ အခုတော့ မရို့စ် နည်းရသွားပြီလား မသိဘူး။

ဒီတစ်ခေါက် ကျိုခဲ့တဲ့နည်းလေးက ပဲစိမ်းမှုန့်နဲ့ ရေကို ဆတူထည့်၊ ဆနွင်းမှုန့် ပါလေရုံထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ကျိုတာပါ။ အိုးထဲက ပဲရည်တွေကို နာရီစက်တံလည်သလို ဆက်တိုက် ပတ်မွှေပေးနေပါတယ်။ ပြောင်းပြန် ပြန်မမွှေပါဘူး။ တော်တော်ကို မွှေရခက်လာလောက်အောင် ပျစ်လာပြီဆိုရင် မီးပိတ်ပြီး ပန်းကန် အပက်ထဲထည့်၊ မျက်နှာပြင်ကို အတတ်နိုင်ဆုံးညှိပေးပြီး အအေးခံထားပါတယ်။ တိုဟူးထဲကို ဓားဦးချွန်စိုက်ကြည့်လိုက်လို့ ဘာမှကပ်ပါမလာဘူးဆိုရင် တိုဟူးခဲ ရပါပြီ။

5 comments:

  1. မျှစ်ချဉ်နဲ့ ဝက်သားကတော့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးပါ
    တိုးဟူးကြော်လေးနဲ့ မြည်းသွားပါတယ်ရှင်

    ReplyDelete
  2. တူတူပဲ မချော.. အိမ်မှာလည်း မျှစ်ချဉ်နဲ့ ဝက်သားဆို တစ်ခြားဟင်း မလိုလောက်အောင်ကို ကြိုက်ကြတယ်။

    ReplyDelete
  3. စနိုးရေ... အခုမှပဲ တို့ဖူးကျိုနည်းလေး ရို့စ် မေးဖူးတာ သတိရတယ်။ အမှတ်တရ ပြန်ဖြေပေးလို့ ကျေးဇူးနော်။ အခုထိ တို့ဖူးကျိုတာ အဆင်မပြေသေးဘူး ဟီးးး)

    ReplyDelete
  4. မရို့စ်ရေ.. ပြောဖို့ မေ့သွားလို့.. ပဲစိမ်းမှုန့်ကို ရေဖျော်ပြီး နာရီဝက်၊ တစ်နာရီလောက် ထားထားရင် ပဲစိမ်းနံ့သက်သာသလားလို့။ အရင်အခေါက်တွေက ကျိုတာလည်း ပြေတလှည့် မပြေတလှည့်ပဲ အစ်မ။ အခုနောက်ပိုင်းမှ အတိုင်းနဲ့လုပ်လို့ အဆင်ပြေသွားတာ။ တစ်ခေါက်မဟုတ်၊ တစ်ခေါက် အဆင်ပြေသွားမှာပါ။ =)

    ReplyDelete
  5. ဟုတ်ပ အသေကြိုက်တယ် ချက်နည်းတော့မတူဘူးပေါ့

    ReplyDelete