Wednesday, August 24, 2011

ဒညင်းသီးနဲ့ ဝက်သားကြော်၊ အာလူးသီးကြော်ချက်၊ ငံပြာရည်ချက်နှင့် ပဲကြာဇံဟင်းချို

ဝက်သားကို ဆား၊ ဆနွင်းနယ်ပြီး ဆီပူထဲ ထည့်ကြော်ထားတာပါ။ ဒညင်းသီးကတော့ အခွံခွာ၊ ကျက်အောင်ပြုတ်ပြီး တစ်ချို့ကို အလုံးလိုက်ထား၊ တစ်ချို့ကို လှီးပြီး ဝက်သားကြော်ထားတဲ့အထဲ ထည့်ပြီး ဆက်ကြော်လိုက်ပါတယ်။

ဒညင်းသီးတွေက စီးနေတာပဲ။ မစီးတာ တစ်လုံးတစ်လေတောင် မပါဘူး။ အနံ့ကအတော့ ထုံးစံအတိုင်း အတော်ပြင်းတယ်။ ဒညင်းသီးစားပြီး သခွားသီးစားရင် ပါးစပ်မနံဘူးလို့ အိမ်က အစ်မက ပြောတယ်။ ဒါပေမယ့် အိမ်မှာ အသင့် မရှိလို့ မစားလိုက်ရဘူး။

အာလူးသီးကြော်ချက်

အာလူးသီး ကြော်ချက်ကတော့ သိမ်းဟင်း ချက်လိုက်တာပါ။

ထမင်း၊ ဟင်း ချက်ချင်စိတ်မရှိတဲ့အခါမျိုးမှာ စားဖို့ အိမ်မှာ တစ်ခါတစ်လေ သိမ်းဟင်း ချက်တတ်ပါတယ်။ ချက်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီးမှ စားခါနီး (ထမင်းအိုး ကျက်ခါနီး) ထမင်းအိုးထဲကို ပန်းကန်လုံးလေးနဲ့ စားမလောက် ခပ်ထည့်ပြီး နွှေးစားတာပါ။

ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာကို ဆီပူအိုးထဲ ထည့်ကြော်၊ ပြီးရင် အဲ့ဒီ့အထဲကို ပါးပါးလှီးထားတဲ့ ဝက်အသဲထည့်ကြော်၊ ခဏကြာရင် ပန်းကန်သပ်သပ်နဲ့ခပ်ပြီး ဖယ်ထားပြီး၊ အာလူး အတုံးသေးလေးတွေကို ထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်မွှေ၊ ရေထည့်ပြီး အာလူးတွေကို ကျက်အောင် ချက်ပါတယ်။

အိုးမကပ်အောင် မကြာမကြာမွှေပေးရင်းနဲ့ အာလူးတွေ လိုချင်တဲ့အနေရပြီဆိုရင် ဝက်အသဲထည့်မွှေပြီး မီးပိတ်ထားလို့ ရပါပြီ။

ဘာမှ ထွေလီကာလီမပါဘဲ စားကောင်းတဲ့ ဟင်းရံတစ်မျိုးပါ။

ငံပြာရည်ချက်
အရင်ကတည်းက ရှိနေတဲ့ ဆီချက်တွေက နည်းနည်းကြာပြီမို့ မသုံးချင်တော့လို့ ငံပြာရည်ချက် ချက်လိုက်တာပါ။

ဆီချက်တွေကို ပြန်ကြော်ပြီး ပူလာပြီဆိုရင် ငံပြာရည်ထည့်၊ ပုစွန်ခြောက်ထည့်၊ ငရုတ်သီးမှုန့်ထည့်၊ ငရုတ်သီးစိမ်းထည့်၊ အဲ့ဒါတွေကို လုံးဖို့ ရေ အနည်းငယ်ထည့်ပြီး ရေခန်းချက်လိုက်ရင် ငံပြာရည်ချက် ရပါပြီ။

ပဲကြာဇံဟင်းချို
အရည်သောက်အတွက် ပဲကြာဇံဟင်းချိုပါ။ အရင်ကလည်း ဒီမှာ ရေးခဲ့ဖူးလို့ ထပ်မရေးတော့ပါဘူးနော်။

ခုတစ်လော စိတ်တွေ မရှည်ဖြစ်လွန်းလို့ စာတွေကို သေချာ မရေးဖြစ်တာ ဆောရီးပါ။ နောင် အာရုံစုစည်းလို့ရရင် သေချာပြန်ရေးပါ့မယ်ရှင်။ ကျေးဇူးတင်ပါတယ်။ =)

6 comments:

  1. ဓညင်းသီး လွမ်းလိုက်တာ စနိုးရယ်...။ မစားရတာ အတော်ကြာပြီ။ တို့စရာလေးနဲ့ဆို တော်တော် ကောင်းမှာ။ ဘလော့ဂ်ဒေးပို့စ်လေးမှာ စနိုးကို တက်ဂ်ထားတယ်နော်။ အဆင်ပြေရင် ရေးပေးပါနော်။

    ReplyDelete
  2. ဓညင်းသီးနဲ့သာ စားရရင် အသားဟင်းတောင် လိုမယ် မထင်
    ငံပြာရည်ချက်ကတော့ ရှယ်ဘဲနော်
    ထမင်းနဲ့ နယ်စားချင်တာ

    ReplyDelete
  3. ချက်ထားတာတွေ အားလုံးကြိုက်တယ် Snow ရေ။ မြိန်ရာဟင်းကောင်း ဆိုသလို ဟင်းကောင်းနဲ့တွေ့ပြန်တော့ ထမင်းက စားလို့ မြိန်ပြန်ရောနော်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. မရို့စ်: အိမ်ချင်းသာ နီးမယ်ဆိုရင် အစ်မကို လာပို့ပေးပါတယ်။ တကယ်။ ဒီမှာလည်း အရင်က ဒညင်းသီးရောင်းတာ မတွေ့ဖူးဘူး။ ပိတ်ရက်တုန်းက မြန်မာတွေ စုနေတဲ့နေရာကို သွားတော့ အဲ့ဒီမှာတွေ့တာနဲ့ ဝယ်လာတာ။
    ဘလော့ဂ်ဒေးအတွက် တဂ်ထားတာ ကျေးဇူးပါ အစ်မ။ တတ်သလောက်၊ မှတ်သလောက် ကြိုးစားရေးကြည့်ပါဦးမယ်။ =)

    မချော: အစ်မလည်း ဒညင်းသီးကြိုက်တယ်လား။ ကြိုက်ရင် အကုန်စားသွားပါ။ အိမ်မှာ ကျန်နေသေးတယ်။ တစ်ခါစားရင် ၁လုံး၊ ၂လုံးထက် ပိုမစားနိုင်တော့ တော်တော်နဲ့ မကုန်နိုင်ဘူးရယ်။

    အန်တီတင့်: ဟုတ် အန်တီ။ ကိုယ့်ဘာသာကိုယ် ချက်ထားတာတွေဆိုတော့ သူများအတွက်တော့ မသိ၊ ကိုယ်တိုင်ကတော့ ဟုတ်တယ် ထင်နေတာပါပဲ။ အန်တီတို့လို စနစ်တကျချက်တတ်ဖို့တော့ အလေ့အကျင့်တွေ လိုနေဦးမှာ။

    လာရောက်အားပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  5. ဗိုက်ဆာသွားပြီစနိုးရေ..
    ဓညင်းသီးဘူးဖွင့်ပြီး ရှိတဲ့ဝက်သားဟင်းနဲ့ ရောပြီး စားလိုက်အုန်းမယ်။

    အိုင်အိုရာ

    ReplyDelete
  6. ဒီမှာပဲ စားသွားတာ မဟုတ်ဘူး အိုင်အိုရာကလည်း။ =D

    ReplyDelete