Monday, August 22, 2011

ကြက်သားပြား ဆီပြန်ဟင်းနှင့် ကန်စွန်းရိုးနီ ချဉ်ရည်ဟင်း

ပြီးခဲ့တဲ့ စနေက ပိတ်ရက်မို့ အိမ်မှာ ဟင်း သေချာ ချက်ဖြစ်လိုက်တယ်။ တလောက အစ်မက ရန်ကုန်ကနေ ရိက္ခာတွေ အများကြီး ယူလာတာမို့ သိပ် ဟင်းချက်စရာမလိုတာနဲ့ မချက်ဖြစ်တာ နဲနဲကြာသွားတယ်။ အိမ်မှာ အင်တာနက်ကလည်း မလာတစ်လှည့်၊ လာတစ်လှည့်လို ဖြစ်နေတာနဲ့ အရင်တုန်းက ချက်ပြီး ဓါတ်ပုံရိုက်ထားတဲ့ စားစရာတွေကိုတောင် မတင်ဖြစ်ဘူး။

ကိုယ်တိုင် ဘလော့ဂ်လုပ်မှ သူများတွေ ဘယ်လောက် အချိန်ပေးပြီး အားစိုက်ထုတ်လုပ်ထားတယ်ဆိုတာကို ပိုနားလည်လာတော့တယ်။ များသောအားဖြင့် စာရေးရမှာကိုပဲ အရမ်းကို ပျင်းနေလို့ မနည်း ဖျစ်ညှစ်ပြီး ရေးနေရတယ်။

ဒီအပါတ် ချက်ဖြစ်တဲ့ ကြက်သားပြား ဆီပြန်ဟင်းက ဘယ်သူ့ဘလော့ဂ်ကနေတွေ့တာလဲဆိုတာတော့ မှတ်မိတော့ဘူး.. စိတ်ထဲမှာ မဘေဘီလား.. မEvyလား.. မရို့စ်လား.. တစ်ခြား တစ်ယောက်ယောက်လား မသဲကွဲတော့ဘူး။ လိုက်ပြန်ရှာတာလည်း မတွေ့တော့ဘူး။ အဲ့ဒါ ဖတ်မိပြီး အကြံရသွားတာနဲ့ ဒီဟင်းကို ချက်ဖြစ်ခဲ့တာပါ။

ကြက်သားပြား ဆီပြန်ဟင်း

၁။ ကြက်သား ရင်ဗုံသား အတုံးကြီး နှစ်တုံးကို ပါးပါးလှီးပြီး နုတ်နုတ်စင်းထားပါတယ်။

၂။ ဂျင်း လက်မဝက်နဲ့ ကြက်သွန်ဖြူ ၄မြှောင့်ကို ညက်အောင်ထောင်းပြီး ညက်ရင် နုတ်နုတ်စင်းထားတဲ့ ကြက်သားတွေထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင် ဆက်ထောင်းပါတယ်။

၃။ အရွယ်တော် ကြက်သွန်နီ ၃ဥနဲ့ ခရမ်းချဉ်သီး ၄လုံးကို ပါးပါးလှီးထားပါတယ်။

၎။ နံနံပင် ၃ပင်ကို ရေစင်အောင် ဆေးပြီး တစ်လက်မခွဲလောက်အရှည် အပိုင်းတွေ ပိုင်းထားပါတယ်။ ငရုတ်သီးစိမ်း ၉တောင့်ကိုလည်း အညှာချွေပြီး အသင့်ပြင်ထားပါတယ်။
၅။ ဟင်းမချက်ခင် ကြက်သားကို အရင်ကြော်မှာမို့ အိုးထဲကို ဆီများများထည့်ပြီး ဆီအိုး တည်ထားပါတယ်။ ဆီပူလာရင် လက်ဝါးနှစ်ဘက်ကို ဆီဆွတ်ပြီး ကြက်သားထောင်းတွေကို အရင်လုံး၊ ပြီးရင် လက်နဲ့ဖိပြီး ပြားပြီး ဆီအိုးထဲ ထည့်ကြော်ပါ။ လက်ကို ဆီဆွတ်လိုက်၊ ထည့်လိုက်၊ ကြော်လိုက်၊ ဆယ်လိုက်နဲ့ မတူးအောင် သတိထားပြီး လက်မလည်အောင် လုပ်ရပါတယ်။

ကြက်သားပြားကြော်တွေကို ပန်းကန်တစ်ချပ်နဲ့ ဆယ်ပြီး ဖယ်ထားပါတယ်။ ပြီးရင် ဆီတွေ ပိုနေတာ များနေရင် ပန်းကန်သပ်သပ်နဲ့ ခပ်ပြီး ဖယ်ထားပါ။
၆။ ဆီ သင့်ရုံပဲ ထည့်ထားတဲ့ ဟင်းအိုး ဆီပူအောင်တည်ပြီး ရပြီဆိုရင် ကြက်သွန်နီကို နွမ်းပြီး ခြောက်သွားအောင် ဆီသတ်ပါတယ်။

၇။ ကြက်သွန်နီ ရပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်အောင် ဆီသတ်ပါတယ်။ ဆား၊ အချိုမှုန့် သင့်ရုံနဲ့ ငရုတ်သီး အရောင်တင်မှုန့် ပါလေရုံ နည်းနည်းထည့်ပါတယ်။

၈။ ခရမ်းချဉ်သီး ဆီသတ်တာ ရရင် နံနံပင်နဲ့ ငရုတ်သီးစိမ်းထည့်ပြီး မွှေ၊ ခဏနေရင် အနှစ်ရအောင် ရေထည့်ပြီး ပွက်အောင်တည်ထားပါတယ်။

၉။ အနှစ်ပွက်ရင် ကြော်ထားတဲ့ ကြက်သားပြားတွေထည့်၊ သမအောင်မွှေပြီး ဆီပြန် ရေကျန်လေးဖြစ်ပြီဆိုရင် ရပါပြီ။

ကြက်သားပြားကြော်ကို ဒီအတိုင်း မြည်းကြည့်တုန်းက ငါးဖယ်နဲ့ တော်တော်ဆင်ပါတယ်။ ဟင်းချက်လိုက်တော့ နည်းနည်းမာသွားတယ်။ ကြော်တာက ပိုစားကောင်းနေတယ်။ နောက်တစ်ခါကျရင် ကြက်သားထဲကို နှမ်းဆီနည်းနည်းထည့်ကြည့်လိုက်မယ်။ ပိုများ နူးညံ့သွားမလားလို့။

ကန်စွန်းရိုးနီ ချဉ်ရည်ဟင်း

၁။ ကန်စွန်းရိုးနီ ၁စည်း၊ နံနံပင် ၂ပင်၊ ငရုတ်သီးစိမ်း အနီရောင် ၆တောင့်၊ ပုဇွန်ခြောက် စားပွဲဇွန်း ၁ဇွန်းခွဲ (ထောင်းထားတာ)၊ ဆား၊ အချိုမှုန့် သင့်ရုံ၊ ဆီစိမ်း ဟင်းချက်ဇွန်း ၁ဇွန်းထည့်ပြီး နဲနဲလုံးလိုက်ပါတယ်။

၂။ အရွက်တွေ နွမ်းလာပြီဆိုရင် ရေလိုသလောက်ထည့်ပြီး ပွက်အောင်တည်ပါတယ်။

၃။ မကျည်းမှည့် ၅ဖတ်လောက်ကို ရေနွေးနဲ့ မဖျော်ဘဲ ဒီအတိုင်း ထည့်လိုက်ပါတယ်။

၎။ ဟင်းရည်ပွက်ရင် အရသာမြည်းပြီး အဆင်ပြေပြီဆိုရင် မီးပိတ်ပြီး မကျည်းမှည့်ဖတ်တွေ ဖယ်ပြီး သုံးဆောင်နိုင်ပါပြီ။

9 comments:

  1. ကိုယ်တော့ တခါမှ မချက်ဖူးသေးဘူး စနိုးရေ
    အခုမှ အကြံရတယ် နည်းလေးမှတ်သွားတယ်း)

    ReplyDelete
  2. ကန်စွန်းရိုးနီဝယ်လို.ရရင်အနုတွေကိုဟင်းချက်စားပြီးအရင့်တွေကိုထန်းလျက်ခဲ
    လေးနဲ.ပြုတ်သောက်တယ်။ကန်စွန်းရိုးနီကသွေးကြဲစေတယ်လို.ပြောကြလို.ပါ။

    ReplyDelete
  3. ကန်ဇွန်းချဉ်ရည်လေး သွားရေတောင် ကျချင်ချင်ဖြစ်သွားရတယ်
    ငရုပ်သီးထောင်းလေးနဲ့ လွေးလိုက်ရး)

    ReplyDelete
  4. မဘေဘီ: ဒါဆို တစ်ခြားတစ်ယောက်ဖြစ်မယ် ထင်တယ်။ အရမ်း သေချာ ဝေဝါးနေတော့ ခက်တော့တာပါပဲ။

    အန်တီဦး: အခုမှ ကန်စွန်းရိုးနီက သွေးကြဲစေတယ်ဆိုတာ ကြားဖူးတာ။ ဘာလို့ သွေးကို ကြဲအောင် လုပ်ရတာလဲ အန်တီ။

    မချော: ဟုတ်တယ်နော်.. အစ်မပြောမှ ငရုတ်သီးထောင်းလေး ထောင်းလိုက်ရင် ပိုပြီး ဟင်းစပ်တည့်မှာလို့ တွေးမိတော့တယ်။ နောက်တစ်ခေါက်ပေါ့။

    ReplyDelete
  5. ချဉ်ရည်ဟင်းလေးကြည့်ပြီး ချောပြောသလို ငရုတ်သီးစိမ်းထောင်းလေးနဲ့ စားလိုက်ချင်တယ်။

    ReplyDelete
  6. နောက်တစ်ခါ ငရုတ်သီးထောင်း ထည့်ပေးမယ် အိုင်အိုရာ။ :)

    ReplyDelete
  7. ကစွန်းရိုးနီကရှားတော.တခါတလေရတုံးလေးပြုတ်သောက်တာပါ။တန်ဆေး
    လွန်ဘေးပေါ့သ္မီးရယ်။သွေးပြစ်ရာကနေသွေးကြောတွေပိတ်ဆို.တတ်တယ်
    လို.ပြောကြတယ်။သွေးကြဲလွန်းပြန်လဲမကောင်းပြန်ဘူးလေ။အန်တီသိတာလေး
    နဲ.လုပ်တာလေးပြောပြတာပါ။ဆရာဝန်မဟုတ်တော့လဲအမှားအမှန်သေချာမသိ
    ပါဘူး။မှားရင်တော့ခွင့်လွှတ်ပါ။

    ReplyDelete
  8. ခုမှပဲ ကန်ဇွန်းရိုးနီကို ဆေးဖြစ်ဝါးဖြစ် သုံးလို့ရမှန်း သိတော့တယ်။ ဗဟုသုတ မျှဝေပေးတာ ကျေးဇူးတင်ပါတယ် အန်တီဦး။ :)

    ReplyDelete
  9. အင်း အခုပဲ ဘတ်မိတယ် သွေးကျဲ တာလဲ မကောင်းဘူး တီဆို ဆေးကြောင့် သွေးတွေ ကျဲနေတာ လေ မကောင်းဘူးလို့ ပြောတယ်

    ReplyDelete