Thursday, August 4, 2011

ဆန်ပြုတ်၊ ကြက်သားကြော်

ဒီနောက်ပိုင်းမှာ ကိစ္စ၊ ဝိစ္စတွေ ရှုပ်နေတာနဲ့ ပို့စ်တွေ သိပ်မတင်ဖြစ်တာ များလာရာကနေ အပျင်းရောဂါစွဲကပ်သွားပြီး ပို့စ်တင်စရာ ဟင်းတွေ အများကြီးကို ဓါတ်ပုံတွေ ရိုက်ထားရက်နဲ့ စာရေးဖို့ အာရုံစိုက်မရတော့ဘူး ဖြစ်ဖြစ်နေတယ်။

ဒါပေမယ့် လုပ်တုန်းက လုပ်ထားပြီးမှတော့ ဆက်လုပ်မှပါလေဆိုပြီး အားတင်းပြီး ရေးလိုက်ပါတယ်။ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတဲ့အတွက် ပုံမှန် လာဖတ်သူ ရှိ၊ မရှိ မသိပေမယ့် စာဖတ်သူတွေကို အားနာစွာနဲ့ တောင်းပန်ပါတယ်။

ဒါကတော့ ကျမအကြိုက် ဆန်ပြုတ်ပါ။ ဆန်ပြုတ်ကို အရင်ကဆို ဆန်၂လုံးလောက်ကို ရေထည့်၊ ဝက်သား (သို့) ကြက်သားကို ကြက်သွန်နီ၊ ငံပြာရည်တို့နဲ့ ဆီသတ်ထားတာထည့် ပြုတ်ထားပြီး တစ်နေကုန် စားတတ်ပါတယ်။ နောက်ပိုင်း အခန်းဖော် သူငယ်ချင်းတွေက မကြိုက်တာနဲ့ သိပ်မစားဖြစ်တော့တာ။

ဆန်ပြုတ်ကို အသင့်စား အထုပ်တွေလည်း ကြိုက်တာပါပဲ။ ဒါပေမယ့် ခနောတံဆိပ်က စားတာ များလာတော့ သူ့အနံ့ကို သိပ်မကြိုက်တော့ဘူး။ နောက်ပိုင်း မာမားတံဆိပ် ဆန်ပြုတ်ထုပ်ကို တွေ့တော့ တော်တော် သဘောကျသွားတယ်။ အခု ဒီဆန်ပြုတ်ကို မားမား အထုပ်နဲ့ သူ့အညွှန်းအတိုင်း ပြုတ်ပြီး ကြက်ဥ တစ်လုံးဖောက်ထည့်ပြီး ပြုတ်ထားတာပါ။ အရမ်းကို စားလို့ကောင်းပါတယ်။

ကြက်သားကြော်နှင့် မန်ကျည်းရည် အချဉ်ကြက်သားကြော်ကတော့ ကြက်သားကို အရွယ် သင့်ရုံတုံး၊ ဆား၊ ဆနွင်း သင့်ရုံနယ်ပြီး Gogi တံဆိပ် Easy Kentucky Style ဆိုတဲ့ အကြော်မှုန့် သင့်ရုံထည့်၊ ဆားနည်းနည်းထည့်၊ ရေနည်းနည်းထည့်ပြီး အကြွပ်ကြော်ထားတာပါ။
အချဉ်ရည်အတွက် မကျည်းမှည့် ကွမ်းသီးတစ်လုံးစာလောက်ကို ရေနွေးထည့်ပြီး မန်ကျည်းရည်ယူ၊ ငရုတ်သီးစိမ်း ၆တောင့် ပါးပါးလှီး၊ သံပုရာသီး တစ်လုံးကို အရည်ညှစ်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ဖျော်လိုက်ပါတယ်။ နံနံပင်လေးပါ ပါရင်တော့ ပိုကောင်းမှာ။ ဒါပေမယ့် အခုအတိုင်းလည်း တော်တော် စားကောင်းပါတယ်။

3 comments:

  1. အချဉ်ရည်လေးက လှလိုက်တာ စားချင်စိတ်ချက်ခြင်းပေါက်တယ်
    တကယ်
    ဆန်ပြုတ်တော့ ကြိုက်မှကြိုက်
    ငယ်ငယ်က ဖျားပြီဆို သိပ်ပျော်တာ
    ဆန်ပြုတ်သောက်ရတော့မယ်ဆိုပြီးလေး)

    ReplyDelete
  2. ဒါဆို အတူတူပဲ မချော။ ဆန်ပြုတ်သောက်ဖို့ အဖော်တော့ရပြီ။ :)

    ReplyDelete
  3. ဆန်ပြုတ် ကိုယ်လည်း ကြိုက်တာ .. :D
    ညနေဆို စားစရာမရှိရင် ဆန်ပြုတ်ပဲ ပြုတ်သောက်လိုက်တယ် .. ကြက်ဥ ၁လုံးနဲ့ .. :D

    ReplyDelete