Monday, August 8, 2011

ဝက်သား ခေါက်ဆွဲပြုတ်၊ နဂါးမောက်သီး ဂျယ်လီ

ရှမ်းပြည်ဘက်က သူငယ်ချင်းတွေက ရှမ်းခေါက်ဆွဲခြောက်ထုပ်တွေ ပေးထားတာနဲ့ ရှမ်းခါက်ဆွဲကို အဲ့ဒီတလောက အမျိုးမျိုး ချက်စားဖြစ်နေတယ်။

၁။ ရှမ်းခေါက်ဆွဲကို ရေစိမ်၊ ပြုတ်၊ ကျက်ပြီဆိုရင် ခေါက်ဆွဲတွေ ကပ်မကုန်အောင် ရေအေးထဲ ခဏစိမ်ပြီး သတ်သတ်စစ်ထားပါတယ်။ ရေစစ်ရင် ဆီလေး နည်းနည်းထည့်ပြီး မွှေထားပါတယ်။

၂။ ဝက်သားကို တောက်တောက်စင်းထားပြီး အိမ်မှာ နည်းနည်းကျန်နေတဲ့ ဝက်အသည်းကိုပါ တောက်တောက်စင်း၊ ကော်မှုန့် သင့်ရုံ၊ ဆား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နဲ့ ရောနယ်ထားပါတယ်။

၃။ အရင်ရက်က ပြုတ်ပြီး ပြန်ကြော်ထားတဲ့ ဝက်အူတွေနဲ့ ပဲပြားကို အနေတော် အပိုင်းလေးတွေ ဖြတ်ထားပါတယ်။

၎။ ဟင်းရည်အိုးအတွက် ခနောကြက်ပြုတ်ရည် အသင့်သုံးအခဲ ၂ခဲကို ရေသင့်ရုံထည့်ပြီး တည်ထားပါတယ်။

၅။ ဟင်းရည်ပွက်ရင် နယ်ထားတဲ့ ဝက်သားတွေကို ဇွန်းနဲ့ အနေတော်အရွယ် ခပ်ခပ်ပြီး အိုးထဲကို ထည့်ပါတယ်။ ဟင်းရည်အပူကြောင့် ဝက်သားလုံးတွေ ခဏလေးနဲ့ ကျက်သွားတတ်ပါတယ်။

၆။ ဝက်သားလုံးတွေ အကုန်ထည့်ပြီးပြီဆိုရင် ပဲပြားနဲ့ ဝက်အူကို ထည့်ပါတယ်။ ခဏနေရင် ကြက်ဥကို ဖောက်ထည့်ပြီး အရသာ အပေါ့ အငံမြည်း၊ ပြင်ပြီး ခေါက်ဆွဲတွေကို ထည့်လိုက်ပါတယ်။

ရှမ်းခေါက်ဆွဲအသားက ကောင်းသလို၊ ဟင်းရည်ကလည်း ချိုနေတော့ တော်တော်အရသာရှိတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲ ဖြစ်လာပါတယ်။ အချဉ်ကိုတော့ Heinze တံဆိပ် ပုလင်းအချဉ်နဲ့ပဲ စားလိုက်ပါတယ်။

(ဝက်သားနဲ့ ဝက်အသည်းကို စမ်းပြီးရောကြည့်တာ နည်းနည်းညှီတယ်။ နောက်မှ ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ပြီး ထပ်စမ်းကြည့်ကြည့်ပါဦးမယ်။ အခုတော့ သိပ်မဆိုးပေမယ့် အနံ့တော့ရှိနေတယ်။)

နဂါးမောက်သီး ဂျယ်လီ

တကယ်တော့ နဂါးမောက်သီး ဘလူးဘယ်ရီ ဂျယ်လီလို့ ပြောရမယ်။ ဘလူးဘယ်ရီ ဂျယ်လီအထုပ်ကို သူ့အညွှန်းအတိုင်းကျိုပြီး နဂါးမောက်သီးထည့် အအေးခံထားတာပါ။ လွယ်လွယ်လေးနဲ့ စားကောင်းတဲ့ ဂျယ်လီလေးပါ။ ရေခဲသေတ္တာထဲမှာ ထည့်ထားတာကို ကြာကြာထားမိတော့ ပြန်ပျော်သွားတယ်။ ဒါကြောင့် လုပ်ပြီး သိပ်မကြာခင်မှာ စားမှ အဆင်ပြေပါတယ်။

1 comment:

  1. နဂါးမောက်သီးဂျယ်လီလေးကစားချင်စရာလေး.......

    ReplyDelete