Friday, May 21, 2010

ကြက်သားဟင်း



နိုင်ငံရေး မတည်ငြိမ်လို့ ရုံးတွေပိတ်ထားတော့ တစ်နေ့၊ တစ်နေ့ ဘာချက်ရင်ကောင်းမလဲပဲ စဉ်းစားနေမိတယ်။ စိတ်က အစားအသောက်ဆိုရင် အရမ်းဝင်စားတာဆိုတော့လေ။

အဲဒီ့နေ့က ကြက်သားနဲ့ အာလူးဟင်း ချက်ဖြစ်တယ်။ ချက်ရင်းနဲ့ စိတ်ကူးပေါက်လို့ မွှေးအောင်ဆိုပြီး ငရုတ်သီးစိမ်းခြောက်တောင့်လောက် ထောင်းထည့်လိုက်တယ်။ စိတ်ထဲမှာ ထင်နေတာက ဟင်းထဲကို ငရုတ်သီးထောင်းထည့်လိုက်ရင် အဲ့ဒါ ကချင်ချက်ဖြစ်သွားပြီပေါ့။ အစ်မကိုလည်း ပြောလိုက်သေးတယ်.. ကြက်ကချင်ချက် ချက်ပြီးပြီလို့။

ဟင်းချက်နည်းတွေနဲ့ ပတ်သတ်လို့ ကျမထင်ခဲ့တာက (ခုထိလည်း ထင်နေတုန်းပဲ၊ =D) ငရုတ်သီးစိမ်း ထောင်းထည့်ရင် - ကချင်၊
ဂျင်းတွေ အသားထဲကို သေးသေးနုတ်နုတ်လှီးထည့်ရင် - ကယား၊
ဆန်လှော်တွေ၊ မျှစ်တွေနဲ့ အရည်စပ်စပ်ချက်ရင် - ကရင်၊
မရမ်းပြားခြောက်တွေ၊ ငပိစိမ်းစားတွေနဲ့ ချက်ရင် - မွန်၊
ငပိနဲ့ ဟင်းတွေကို လုံးချက်ရင် - ရခိုင် လို့ ဘယ်သူမှ ပြောလို့၊ ဘယ်စာအုပ်ထဲမှာမှ ဖတ်မိလို့ မဟုတ်ဘဲ ဘာကြောင့် ထင်မိထင်ရာ ထင်နေမှန်းကို မသိပါဘူး။

ငယ်ငယ်ကဆို သူများတွေနဲ့ မြန်မာနိုင်ငံရဲ့ ပထ၀ီအကြောင်း ပြောရင်လည်း ချောက်မြို့က စစ်ကိုင်းတိုင်းထဲကလိုလို၊ မြိတ်က မွန်ပြည်နယ်ကလိုလို ဇဝေဇ၀ါ၊ ထင်မိထင်ရာတွေ လျှောက်ပြောလွန်းလို့ အိမ်ကလူတွေက ပထ၀ီ ပါမောက္ခကြီးလို့ နာမည်ပေးထားခဲ့ကြတာ။ ရေရေရာရာမရှိဘဲ ရောယောင်လုပ်တာက ကလေးကတည်းကပဲ။

သူများ ဘလော့တွေ သွားဖတ်တုန်းက ကြက်ကချင်ချက်ကို ဖတ်ဖူးတယ်။ ငရုတ်သီးစိမ်း ထောင်းထည့်တာပဲ စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ရှိနေတယ်။ မမိုးကောင်းသူလား၊ မြူးသျှရီလား၊ မလုလုလား မမှတ်မိတော့ဘူး။

အဲ့ဒီတုန်းကလည်း စားပြီးတော့မှ ကြက်ကချင်ချက်အစစ်က ငါချက်တာနဲ့ တူရဲ့လား သွားကြည့်ကြည့်လိုက်ပါဦးမယ် ဆိုပြီး မမိုးကောင်းသူဆီမှာ ကြည့်လိုက်တော့မှ ... နဲနဲမှကို မတူတာ။ ရှက်ချင်သလိုလိုတောင် ဖြစ်သွားတယ်။ =D

ကဲ.. ဘာချက်ပဲဖြစ်ဖြစ် စားလို့ ရဖို့က အရေးကြီးတာဆိုတော့ စချက်ဖို့ ပြင်တဲ့အဆင့်ကို ပြောပါတော့မယ်။ ဟင်းချက်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက..

ကြက်သား - ကီလိုဝက်
ကြက်သွန်နီ - နှစ်ဥ (အရွယ် အလတ်)
ကြက်သွန်ဖြူ - သုံးမြှောင့်
ခရမ်းချဉ်သီး - နှစ်လုံး
အာလူးသီး - တစ်လုံး (ခပ်ကြီးကြီး)
ငရုတ်သီးစိမ်း - ငါးတောင့်
ငရုတ်သီးအရောင်တင်မှုန့် - တစ်ဇွန်းခွဲ (ထမင်းစားဇွန်း)
ငံပြာရည် - တစ်ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
အချိုမှုန့် - အနည်းငယ်

ကြက်သားကို ရေစင်အောင် ဆေးပါ။

ဟင်းအနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးအရောင်တင်မှုန့်ကို ရောပြီး ညက်အောင်ထောင်းထားပါ။

ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။

အာလူးသီးကို အတုံးလေးတွေ တုံးထားပါ။ (စာကြွင်းအနေနဲ့ တစ်ခါက ဟင်းချက်နည်းရေးရင်းနဲ့ အာလူးသီးလို့ ရေးလို့ သူများလှောင်တာ ခံရဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အမြဲတမ်း အာလူးသီးလို့ ခေါ်နေကြဖြစ်နေလို့ မြေမှာဥပေမယ့် အာလူးဥလို့ မရေးဘဲ အာလူးသီးလို့ပဲ ရေးပါရစေ။)

ထောင်းထားတာတွေထဲက တစ်ဇွန်းလောက်ယူပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည်တို့နဲ့ ကြက်သားကို ရောနယ်ပြီး ခဏထားပါ။

ဆီအိုးတည်ပြီး ဆီကျက်ရင် ဟင်းအနှစ်တွေကို ဆီသတ်ပါ။

ကျက်ရင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး ထည့်ပြီး အခွံလိတ်အောင် ဆီသတ်ပါ။

အာလူးတုံးလေးတွေထည့်ပါ။

ပြီးရင် ရောနယ်ထားတဲ့ ကြက်သားကို ထည့်ပြီး မွှေပါ။

အိုးမကပ်ခင် ရေအနည်းငယ်ထည့်၊ ငရုတ်သီးစိမ်းထောင်းတာ ထည့်မွှေပြီး ဟင်းအိုး အဖုံးပိတ်ထားပါ။

အိုးမကပ်အောင် မကြာမကြာ မွှေပေးပါ။ ကြက်သားနဲ့ အာလူး မနူးသေးရင် ရေနည်းနည်းထပ်ထည့်ပြီး တည်ပါ။ ကျက်ပြီဆိုရင် ရေခန်းအောင်လုပ်ပြီး ဆီပြန်လာရင် ရပါပြီ။

မြန်မာဟင်းကြိုက်တတ်သူတွေအတွက် အင်မတန်စားမြိန်တဲ့ ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment