Saturday, May 29, 2010

ခရမ်းသီးနှပ်



ခရမ်းသီးမစားဖြစ်တာ ကြာနေတာကြောင့်ရော ဈေးမှာ လတ်တတ်ဆတ်ဆတ် ခရမ်းသီးတွေ တွေ့တာကြောင့်ရော ခရမ်းသီးနှပ်ဖြစ်ပါတယ်။

ခရမ်းသီးနှပ်ဖို့ ပုစွန်ခြောက် လက်တစ်ဆုပ်လောက်၊ ငပိလက်နှစ်ဆစ်၊ ခရမ်းချဉ်သီး နှစ်လုံး၊ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ သုံးမြှောင့်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတာတွေကို တစ်ခုချင်းစီ အစဉ်လိုက်ထည့်ပြီး ဆီသတ်ပါတယ်။ အစပ်စားရင် ငရုတ်သီး အကြမ်းဖတ် (သို့) ငရုတ်သီးစိမ်းတွေ ထောင်းထည့်ပါ။

ဆီသတ်လို့ ကျက်ပြီဆိုရင် ထောင်းထားတဲ့ ပုစွန်ခြောက်ထည့်၊ ငပိထည့်ပြီး သမပြီဆိုရင် အရွယ်တော် တုံးထားတဲ့ ခရမ်းသီးတွေထည့်၊ ဆားသင့်ရုံထည့်၊ ရေအနည်းငယ်ထည့် ရောမွှေပြီး အိုးအဖုံးခဏပိတ်ထားပါ။ ဟင်းအိုးကို မကပ်အောင် မကြာမကြာမွှေပေးပါ။ ရေခမ်းလို့ ဆီပြန်လာပြီဆိုရင်တော့ ခရမ်းသီးနှပ် တစ်ခွက် ရပါပြီ။

1 comment: