Sunday, May 23, 2010

မုန့်ဟင်းခါးသုပ်




ဒီနေ့ ကျောင်းနားကို သူငယ်ချင်းတစ်ယောက်ဆီက လူကြုံပစ္စည်းသွားယူဖို့ ရောက်သွားတယ်။ အပြင်သွားလိုက်ရင် အိမ်မှာ ထမင်း၊ ဟင်းချက်ဖို့က ပျင်းပျင်းသွားလို့ လွယ်လွယ်ကူကူလည်းဖြစ်၊ မြန်လည်းမြန်တဲ့ မုန့်ဟင်းခါးပဲ ချက်စားတော့မယ်ဆိုပြီး ကျောင်းနားကဈေးကနေ မုန့်ဟင်းခါးမုန့်ဖတ်ဝယ်လာပြီး အိမ်ပြန်ရောက်တော့ မြောင်းမြဒေါ်ချိုအထုပ်ဖောက်ချက်လိုက်တယ်။

တကယ်တမ်းက မုန့်ဟင်းခါးအထုပ်ကို မြောင်းမြဒေါ်ချိုနဲ့ စံပြဒေါ်ကြည်ဆိုရင် သိပ်မကြိုက်တော့ဘူး။ စားခဲ့ရတာလည်း ၃နှစ်နီးပါးရှိနေပြီဆိုတော့လေ။ ခင်ထွေးရီ ဒါမှမဟုတ် တင်တင်အေးစားချင်တယ်လို့ မှာလိုက်တာ.. မေမေက အဲဒါတွေ မတွေ့လို့ မြောင်းမြဒေါ်ချိုပဲ ထည့်ပေးလိုက်တယ်တဲ့။ ဘာပဲဖြစ်ဖြစ် မုန့်ဟင်းခါးဖြစ်ရင် ပြီးတာပဲလို့ သဘောထားပြီး ချက်စားလိုက်တယ်။ အဆင်သင့်ချက်စရာရှိတာပဲ တော်လှပြီ။

ခုအချိန်ထိ တစ်ခါမှ မုန့်ဟင်းခါးကို ကိုယ့်ဖာသာကိုယ် အစအဆုံး ချက်မစားဖူးသေးဘူး။ တစ်နေ့နေ့တော့ စမ်းသပ်ပြီး ချက်ကြည့်ချင်ပါသေးတယ်။ ထုံးစံအတိုင်း သူများ ဘလော့လေးတွေ သွားကြည့်ပြီးတော့ပဲ ချက်ရမှာပဲ။

အထုပ်ဖောက်ချက်တာကတော့ ကြက်ဥပြုတ်ထက်တောင် လွယ်သေးတယ်။ ကြက်ဥပြုတ်ကမှ အပြုတ်လွန်တာတို့၊ မကျက်သေးတာတို့၊ အခွံခွာရခက်တာတို့ ဖြစ်နေဦးမယ်။

အရင်ဆုံး ရေနွေးအိုးတည်၊ ပွက်ရင် ငါးထုပ်ဖောက်ထည့်၊ ပွက်ရင် ဆန်လှော်မှုန့် ရေဖျော်ထားတာထည့်၊ ကြက်သွန်နီဥသေးနဲ့ ကြက်သွန်ဖြူဓါးပြားရိုက်ထားတာကို ကြိုက်တတ်ရင်ထည့်၊ ကြက်ဥကို ခေါက်ထားတာကို အမျှင်လေးတွေဖြစ်အောင် ပွက်တဲ့အချိန် နဲနဲချင်းဆီလောင်းထည့်၊ ကြက်ဥဖြစ်ဖြစ်၊ ဘဲဥဖြစ်ဖြစ် ပြုတ်ထားတာကို ပါးပါးလှီးထည့်လိုက်ရင် ဟင်းရည်အိုးရပြီ။ ငရုတ်ကောင်းစားရင် နောက်ဆုံးမှထည့်လိုက်။ ဒါပဲ။

ဒီနေ့တော့ ချက်တာက အရမ်းကို ဖြစ်ကတတ်ဆန်းနိုင်လွန်းလို့ မုန့်ဟင်းခါးကို ဓါတ်ပုံရိုက်ပြီး မတင်တော့ဘူး။ အစ်မက မုန့်ဟင်းခါးသိပ်ကြိုက်တာမဟုတ်လို့ သူ့အတွက် သုပ်ပေးလိုက်တဲ့ မုန့်ဖတ်သုပ်လေးပဲ တင်လိုက်ပါတယ်။

သုပ်ပုံကတော့ မုန့်ဖတ်၊ ဆီချက်၊ ကုလားပဲအကျက်မှုန့်၊ ငံပြာရည်နဲ့ နှမ်းထောင်းကို ရောပြီး ခပ်ဖွဖွ၊ နှံ့နှံ့စပ်စပ်နယ်လိုက်ရုံပါပဲ။ အချဉ်၊ အစပ်ကြိုက်တတ်ရင် မကျည်းမှည့်ရည်ဖြစ်ဖြစ်၊ သံပုရာရည်ဖြစ်ဖြစ်ထည့်၊ ငရုတ်သီးမှုန့်ထည့်နယ်ပါ။ နှမ်းထောင်းကတော့ အိမ်မှာ အသင့်ရှိနေလို့ ထည့်လိုက်တာပါ။ နှမ်းက နက်နေတော့ မီးသွေးမှုန့်တွေ ထည့်ထားတာလိုပဲ ဖြစ်နေတယ်။ ဟီး။ ဒါပေမယ့် စားရှာတာပါပဲ။ တစ်ခြားဟာမှ မရှိတာကိုး။ စားလို့ ကောင်းတယ်လို့တော့ ပြောတယ်။ နောက်မှ သေချာချက်ဖြစ်ရင် ဓါတ်ပုံ ကောင်းကောင်းလေးရိုက်ပြီး တင်ပါမယ်။

No comments:

Post a Comment