Friday, May 21, 2010

မျှစ်သုတ်



ရာသီဥတုက ပူတော့ စားချင်၊ သောက်ချင်စိတ်က သိပ်မရှိဘူး ဖြစ်တတ်တယ်။ အဲဒီ့တော့ ခံတွင်းလိုက်အောင် မျှစ်သုတ်လေး လုပ်စားဖို့ စိတ်ကူးရလို့ ဟိုတစ်နေ့က ဈေးကနေ မျှစ်နုတစ်ထုပ် ၀ယ်လာခဲ့တယ်။

၁။ မျှစ်သုပ်ဖို့ အရင်ဆုံး မျှစ်တွေကို နူးအောင် ကြာကြာပြုတ်လိုက်တယ်။
မျှစ်နူးတော့ ဆယ်ပြီး သေးသေးမျှင်မျှင်လေးတွေဖြစ်အောင် ခက်ရင်း (သို့) အပ်ချိတ်နဲ့ ခြစ်ပါတယ်။
ခြစ်ပြီးသား မျှစ်တွေကို တစ်လက်မ အရွယ်လောက်အပိုင်းလေးတွေပိုင်းပြီး အဖန်ရည်တွေထွက်အောင် ညှစ်ထားပါ။

၂။ ကြက်သွန်နီ သုံးလုံးလောက် ပါးပါးလှီးပြီး တစ်လုံးစာလောက်ဖယ်၊ ရေဆေးပြီး ရေညှစ်ထားပါ။
ကျန်တဲ့ကြက်သွန်နီတွေကို ဆီချက်ချက်ထားပါ။

၃။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်နီအစိမ်းနဲ့ မျှစ်တို့ကို သုပ်မယ့်ပန်းကန်ထဲ ထည့်ပြီး ပါးပွတ်လှီးထားတဲ့ သံပုရာသီး တစ်စိတ်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ပဲမှုန့်၊ ဆီချက်တို့ စိတ်ကြိုက်ထည့်ပြီး သမအောင် နယ်ပါ။

အရသာ အရမ်းမပြင်းအောင်တော့ သတိထားပါ။ ဒီနေ့ သုပ်လိုက်တာ သံပုရာရည်များသွားလို့ ငံပြာရည်လိုက်ထည့်လိုက်၊ ပဲမှုန့်လိုက်ထည့်လိုက်နဲ့ အရင်တစ်ခါသုပ်တာလောက် စားမကောင်းဘူး ဖြစ်သွားတယ်။

၎။ အရသာ အနေတော်ဖြစ်ပြီဆိုရင် ကြက်သွန်နီကြော်ထည့်ပြီး ဖွဖွလေး ထပ်နယ်ပါ။

အစကတည်းက ထည့်နယ်ရင် ပျောက်သွားမှာ၊ ပျော့သွားမှာစိုးလို့။ ဘယ်သူမှ ပြောလို့တော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ထင်လို့။ အဲလို ဖြစ်ချင်မှလည်း ဖြစ်မှာပါ။

၅။ မျှစ်သုတ်ကို ဟင်းပန်းကန်ထဲ ထည့်ပြီးရင် ကြက်သွန်နီကြော်လေး နည်းနည်းထပ်ဖြူးပြီး သုံးဆောင်လို့ ရပါပြီ။

ကြက်သွန်နီကြော်ဖြူးတာ များသွားတော့ မိုးကြိုးပစ် မျှစ်သုတ်ပုံ ဖြစ်သွားတယ်။ ကိုယ်တိုင်တောင် မျှစ်သုတ်ဟုတ်ရဲ့လားလို့ မနည်းကြည့်ယူလိုက်ရတယ်။ =D

No comments:

Post a Comment