Tuesday, May 4, 2010

တို့ဖူးနွေး

ငယ်ငယ်က ဖေဖေ တစ်ခါတစ်လေ ချက်ကြွေးတတ်တဲ့ တို့ဖူနွေးကို သတိရလို့ ပြီးခဲ့တဲ့ စနေက စမ်းပြီး ချက်စားကြည့်တယ်။

ဖေဖေချက်တုန်းက တစ်ခါမှ ဘေးကနေ မကြည့်ဘူးတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ အဲဒါနဲ့ မမီး(www.99sanay.com)ဆီက ချက်နည်းသွားကြည့်ပြီး ချက်လိုက်တယ်။ မမီးရဲ့ ဟင်းချက်နည်းတွေက လုပ်ရလွယ်လို့ သူ့ဆီက သွားသွားပြီး ပညာယူရတယ်။



ကိုယ်တိုက်ချက် တို့ဖူးနွေးလုပ်ဖို့ ပြင်ဆင်ပုံ အဆင့်ဆင့်က...

၁။ ပထမဆုံး မွှေး တံဆိပ် ကုလားပဲ အစိမ်းမှုန့်ထုပ်ကို ရေ လီတာဝက်လောက်နဲ့ ဖျော်ပြီး နာရီဝက်ထားထားလိုက်တယ်။
၂။ ကြက်သွန်ဖြူ အခွံခွာပြီး ညက်ရုံ ထောင်းထားတယ်။ ထောင်းစရာ မရှိရင် ပါးပါးလေး စကာစိပ်စိတ်ထားလည်း ရတယ်။
၃။ ငရုတ်သီးခြောက် အနီတောင့် ကြော်ထားပြီးသားကိုလည်း ညက်အောင် ထောင်းထားတယ်။
၎။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတယ်။
၅။ ကြက် (သို့) ၀က်သား တောက်တောက်စင်းထားတာကို ၀ယ်ထားပါ။ အိမ်မှာတော့ အဲ့ဒီ့နေ့က အစီအစဉ်မရှိဘဲ ချက်တာမို့လိုက် နှစ်မျိုးစလုံး မရှိပါဘူး။ အဲဒါနဲ့ အစ်မက ရန်ကုန်က ပို့ထားတဲ့ ၀က်သားဒုတ်ထိုးတွေကို ကတ်ကြေးနဲ့ ပါးပါးလေးဖြစ်အောင် ညှပ်ပေးပါတယ်။
၆။ ခေါက်ဆွဲခြောက်ကို ပြုတ်ထားပါ။ ကျမကတော့ ဘာခေါက်ဆွဲဖြစ်ဖြစ် ဂျုံနဲ့ လုပ်ထားရင်ပြီးရောဆိုပြီး သုံးလိုက်ပါတယ်။ ခေါက်ဆွဲသား သိပ်မထူတာဆို ပိုအဆင်ပြေပါတယ်။

စချက်ကြစို့...

၁။ ဆီချက် ချက်မှာမို့ ဆီများများထည့်ပြီး ဆီအိုးတည်ပါတယ်။ ဆီကျက်ရင် ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မီးခဏပိတ်ပါတယ်။ ပြီးရင် ငရုတ်သီးထောင်းထည့်ပါတယ်။ ကြက်သွန်ဖြူတွေက ထောင်းထားတော့ ညက်နေပြီး ပူနေတဲ့ ဆီအများကြီး ရှိနေတဲ့အိုးထဲထည့်လိုက်တော့ မြန်မြန်ကျက်ပြီး တူးသွားတတ်လို့။ အဲလို တူးချင်သလိုဖြစ်သွားလို့ ပထမတစ်အိုးကို သွန်ပစ်လိုက်ရတယ်။ နှမြောလိုက်တာ။ ပင်ပင်ပန်းပန်းထောင်းထားရတာ.။

၂။ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပါ။ ကျက်ရင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး လိတ်သွားတဲ့အထိ ဆီသတ်ပါတယ်။ ပြီးရင် အသား တောက်တောက်စင်းထားတာကိုထည့်ပြီး၊ ဆား၊ ပဲငံပြာရည် နဲ့ အချိုမှုန့် သင့်ရုံ ထည့်ပါတယ်။

၃။ ရေဖျော်ထားတဲ့ ကုလားပဲ အစိမ်းမှုန့်ကို အိုးထဲအကုန်ထည့် ရေနည်းမယ်ထင်ရင် သင့်ရုံထပ်ထည့်ပြီး ဆူအောင်တည်ပါ။ လက်ကို ပဲရည်အပူတွေ မစင်အောင် သတိထားပါ။ တစ်ဖြည်းဖြည်း ပျစ်လာပြီဆိုရင် လိုချင်တဲ့အနေရပြီဆိုရင် မီးပိတ်လို့ရပါပြီ။

စားလို့ရပြီ...



၁။ ခေါက်ဆွဲကို စားနိုင်သလောက် ပန်းကန်ထဲထည့်ပါ။ လျှော့ထည့်ရင် ပိုကောင်းပါတယ်။ တို့ဖူးနွေးထည့်လိုက်ရင် စားမကုန်ဘဲ ဖြစ်တတ်လို့ပါ။

၂။ တို့ဖူးနွေးကို ခေါက်ဆွဲတွေဖုံးအောင် (သို့) ကြိုက်သလောက် ထည့်ပါ။

၃။ အသားချက်ထားတာ ထည့်ပါ။

၎။ ကြက်သွန်ဖြူ၊ ငရုတ်သီး ဆီချက်ထည့်ပါ။

၅။ ရောမွှေပြီး အပေါ့၊ အငံမြည်းပြီး အားရပါးရ စားလို့ရပါပြီ။

သူများတွေကတော့ မုန်ညင်းချဉ်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ သံပုရာသီး၊ ဘာ၊ ညာ တွေ ထည့်စားကြပါတယ်။ ကျမကတော့ အဲဒါတွေ မရှိလို့ ဒီအတိုင်းပဲ စားပါတယ်။ စားသလောက်လည်း ၀င်ပါတယ်။ ချက်တာ အောင်မြင်လို့လည်း ပျော်ပါတယ်။ :)

ပျော်ရွှင်ကြပါစေ။

1 comment:

  1. ကောင်းတယ်ဗျို့.... လုပ်ကြည့်လိုက်ဦးမှ......

    ReplyDelete