Monday, January 31, 2011

ဗူးသီးကြော်၊ ပြောင်းဖူးကြော်





ခုတလော Diet လုပ်မယ်ဆိုပြီး တတ်နိုင်သလောက် အသီးများများစားပြီး ဆီကြော်တွေရှောင်နေတာ တစ်ပတ်တောင်မခံပါဘူး။ အကြော်စားချင်စိတ် အရမ်းပေါက်လာလို့ ဗူးသီးလေးလုံး (သေးသေးလေးတွေ၊ လက်သီးဆုပ်လောက်ပဲ ရှိတယ်။ ဗူးသီးကြီးကြီးက မြန်မာပြည်မှာပဲ ရှိတာလားလို့တောင် ထင်မိတယ်။) နဲ့ ပြောင်းဖူးနဲ့ ဝယ်လာပြီး ကြော်စားလိုက်တယ်။

အရင်က အကြော်ဆိုင်တွေလို ကြော်တာ ခက်တယ်ထင်နေတာ၊ တကယ်လုပ်ကြည့်တော့ သိပ်မခက်ဘူး။

၁။ အရင်ဆုံး ဗူးသီးကို အခွံခွာ၊ လက်ညှိုးလောက် အချောင်းလေးတွေဖြစ်အောင် ဖြတ်ပါတယ်။

၂။ ပြောင်းဖူးကို အစေ့ခြွေထားပါတယ်။



၃။ အကြော်မှုန့်ကို ခပ်ပျစ်ပျစ်အနေရအောင် ဖျော်ပြီး ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါတယ်။ (မုန့်နှစ် မပျစ်ရင် ကြော်လိုက်တဲ့အခါ ဗူးသီးမှာ ကပ်မနေတော့ဘဲ ပြန့်ကျဲသွားတတ်ပါတယ်။)



၎။ ကြော်မယ့်အိုးထဲကို ဆီခပ်များများထည့်ပါ။ ဆီတွေပူလာလို့ အငွေ့ထွက်လာရင် ဗူးသီးချောင်းတွေကို တစ်ချောင်းချင်းစီ မုန့်နှစ်ထဲ နှစ်ပြီး အိုးထဲထည့်ပါ။ ဗူးသီးကို သစ်သားတူနဲ့ညှပ်ပြီး ထည့်ရင် ပိုအဆင်ပြေပါတယ်။ အိုးထဲကို ဗူးသီးချောင်းတွေ သိပ်မနည်းမများထည့်ပြီး ဟိုဘက်ဒီဘက်လှန်ပေးပါ။ ရွှေညိုရောင်လေးဖြစ်လာရင် ဆယ်လို့ရပါပြီ။ ကျမကတော့ ဆယ်ခါနီးရင် မီးပိတ်ပြီးမှ ဆယ်ပါတယ်။ အရမ်း အကျက်လွန်ပြီး တူးတဲ့ဘက်ကို ရောက်မှာစိုးလို့ပါ။ အကုန်ဆယ်ပြီးမှ နောက်တစ်သုတ် ထပ်ထည့်ပြီး မီးပြန်ဖွင့်ပါတယ်။ အိမ်မှာ ဆီစစ်ဇကာမရှိလို့ ဆယ်ထားတဲ့ ဗူးသီးကြော်တွေကို တစ်သျူးတွေခံထားတဲ့ ပန်းကန်ထဲထည့်ပြီး ဆီစစ်လိုက်ပါတယ်။

၅။ ဗူးသီးကြော်ပြီးတော့ ပိုနေတဲ့ မုန့်နှစ်နဲ့ပဲ ပြောင်းဖူးဆက်ကြော်ပါတယ်။ မုန့်နှစ်နည်းနေလို့ အကြော်မှုန့်ထပ်ထည့်၊ ရေပိုထည့်၊ ပြောင်းဖူးထည့်၊ အရသာ သင့်အောင် ဆားနည်းနည်းထပ်ဖြည့်ပြီး သမအောင်မွှေလိုက်ပါတယ်။ ပြောင်းဖူးက မုန့်နှစ်သိပ်ပျစ်ဖို့မလိုပါဘူး။ ပြီးတော့ ပန်းကန်ပြားအသေးလေးပေါ် ရောထားတဲ့ပြောင်းဖူးတွေ ဖြန့်ခင်းပြီး ဆီအိုးထဲ အလိုက်သင့် လောင်းချမှာမို့ မုန့်နှစ်နည်းနည်းကျဲမှ ပိုကောင်းပါတယ်။ အဲ့လိုလုပ်မှ ပြောင်းဖူးကြော် အချပ်လိုက် ပြန့်ပြန့်လေး ရပါတယ်။

၆။ ပြောင်းဖူးကြော်ကိုလည်း ဟိုဘက်၊ဒီဘက်လှန်ပြီး နဲနဲညိုပြီး အကျက်ညီရင် ဆယ်လို့ရပါပြီ။

၇။ ကြက်သွန်ကြော်စားချင်ရင်လည်း ပြောင်းဖူးကြော်တဲ့ ပုံစံအတိုင်း ကြော်လို့ရပါတယ်။ ဒါဆို အိမ်မှာပဲ ဆီသန့်အကြော်စုံ ပူပူလေးကို သုံးဆောင်လို့ ရပါပြီ။

7 comments:

  1. အကြော်မှုန်.က ဘာသုံးလဲဟင်..

    ReplyDelete
  2. Gold Label and Kanor. Actually any kind of tempura powder is fine. :)

    ReplyDelete
  3. မမ၊ အချဉ်ရေ မပါပဲ စားတာလား။ အချဉ်လုပ်နည်းလေးပါ ရေးသင့်တယ် ထင်တယ်။ ကျွန်တော်က အခြားအမ တစ်ယောက် blog ကနေ လိုက်လာတာပါ။

    ReplyDelete
  4. @Hnin: အဲ့ဒီ့နေ့တုန်းက အချဉ်မပါဘဲပဲ စားလိုက်ကြတာ။ အရင်တုန်းကတော့ အချဉ်ပုလင်းနဲ့ စားကြတယ်။ နောက်တစ်ခါမှ အချဉ်လုပ်နည်းလေးနဲ့ တွဲတင်လိုက်ပါမယ်နော်။ အကြံပေးတဲ့အတွက် ကျေးဇူးပါ။ :)

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)February 15, 2011 at 11:03 PM

    ပြောင်းဖူးကြော်ကို မန္တလေးရောက်မှ စပြီးစားဖူးတာ
    အသက် ၁၆နှစ်လောက်မှ ဆိုပါတော့
    သိပ်ကြိုက်တာဘဲ
    ဘယ်တော့စားစားမရိုးဘူး
    ဘူးသီးကြော်တော့ ငယ်ကတည်းက စားဖူးတော့ ဒီလောက်မဟုတ်ဘူး
    ပြောင်းဖူးကို ဘယ်လိုလုပ်စားစားကြိုက်တယ်

    ReplyDelete
  6. သိပြီ သိပြီ
    ရှင် စနေလာရင် ဘူးသီး ကြော်ကြော်လာခဲ့ ပေတော့
    ကျုပ် ပဲကြော်တော့ မှာပြီးပြီ ရမရ မသေချာဘူး

    ReplyDelete
  7. အချဉ်လုပ်နည်းလေးပြောမယ်နော် မန်ကျည်းသီးအနှစ်မပျစ်တပစ်ဖျော် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂျင်း(အနည်းငယ်) ညက်နေအောင်ထောင်းထည့် နံနံပင်လေးလှီးထည့် ဟင်းချိုမှုန့် နဲ့ ငံပြာရည်ကို ကိုယ်လိုသလောက်ထည့် ရပါပြီ

    ReplyDelete