Tuesday, January 4, 2011

ကြက်သား၊မှိုဟင်း

မင်္ဂလာ နှစ်သစ်ပါ။

ဘလော့ဂ်ပေါ်မရောက်ဖြစ်တာ အရမ်းကို ကြာနေပါပြီ။ ဟင်းမချက်ဖြစ်လို့ မဟုတ်ဘဲ အိမ်မှာ အင်တာနက်သုံးချိန် နည်းသွားလို့ရယ်၊ စာလုပ်နေရလို့ရယ်၊ ဧည့်သည်တွေများသွားလို့ရယ်ကြောင့်ပါ။

ဟင်းချက်တိုင်းလည်း ဘလော့ဂ်ပေါ်တင်မယ်ဆိုပြီး အမြဲလိုလို ဓါတ်ပုံရိုက်ထားပါတယ်။ တင်တဲ့ စခန်းကိုသာ မရောက်တာပါ။

ဒီပို့စ်က ၂၀၁၁ အတွက် ပထမဆုံးတင်တဲ့ပို့စ်ဖြစ်လို့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ချက်တဲ့ ကြက်သား၊မှိုဟင်းနဲ့ စတင်ပါမယ်။ အရင်တုန်းကချက်ခဲ့တဲ့ဟင်းတွေကိုတော့ နောက်မှ ဖြည်းဖြည်းချင်း ပြန်တင်ပါမယ်။



ဒီဟင်းက လုံးပြီးချက်တာမို့ ချက်ရတာ ပုံမှန်ထက် ပိုလွယ်ပါတယ်။ အခုအတိုင်းအဆတွေက ကြက်ပေါင် နှစ်ပေါင်အတွက်ပါ။

၁။ ကြက်သားကို အရွယ်တော်တုံးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အပျစ်နဲ့ ရောနယ်ထားပါ။

၂။ ကြက်သွန်ဖြူ ၂မြှောင့် နဲ့ ဂျင်း လက်တစ်ဆစ်လောက်ကို အခွံသင်၊ ညက်အောင်ထောင်းပြီး ကြက်သားနဲ့ ရောနယ်ပါ။

၃။ ကြက်သွန်နီ တစ်ဥကို ၈စိတ်လှီးပါ။

၎။ မှိုခြောက်ကို ရေစိမ်ပြီး မှိုရေနူးပြီဆိုရင် ကိုယ်လိုချင်တဲ့အရွယ်လှီးဖြတ်ထားပါ။

၅။ ချက်မယ့်အိုးထဲကို ကြက်သားနယ်ထားတာရယ်၊ ကြက်သွန်နီစိတ်ထားတာရယ်၊ ဆီ ဟင်းချက်ဇွန်း ၁ဇွန်းခန့်ရယ်ထည့်၊ ရေကို မြုပ်အောင်ထည့်ပြီး တည်ပါ။

၆။ ကြက်သားကျက်ရင် လှီးထားတဲ့ မှိုထည့်ပြီး သမအောင် ရောမွှေပါ။

၇။ ရေခန်းလို့ ဆီပြန်ရင် ဟင်းအိုးချလို့ ရပါပြီ။

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

3 comments:

  1. ကြက်သားမှိုဟင်းလေး စားသွားပါတယ်.. ထူးထူးခြားခြားလေးမို့ အိမ်မှာ ချက်စားဦးမယ်..

    ReplyDelete
  2. စားကောင်းမဲ့ပုံလေးနော်
    လင့်ခ်ယူသွားတယ်နော်

    ReplyDelete
  3. Sunny နဲ့ Baby Taster ကို ကျေးဇူးတင်ပါတယ်။ ဒီဘလော့ဂ်ကို ဖတ်သူ မရှိဘူးထင်နေတာ။ ပြတ်တောင်း၊ ပြတ်တောင်းပဲ ရေးဖြစ်နေလို့။ ခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete