Thursday, January 6, 2011

ကြက်သားဆီပြန်ဟင်း



မနေ့က ဈေးသွားတော့ ငပိရည်အထုတ်တွေ့တာနဲ့ ငပိရည်ကျိုပါတယ်။ ငပိရည်က ဆီပြန်ဟင်းနဲ့မှ လိုက်တာမို့ အိမ်မှာ ကြက်သားလည်း ကျန်နေသေးတာနဲ့ ကြက်သားဆီပြန်ဟင်း ချက်လိုက်ပါတယ်။

၁။ အရင်ဆုံး ကြက်ပေါင်နှစ်ပေါင်ကို နှစ်ပိုင်းစီ အရိုးနုနေရာကနေ ပိုင်းလိုက်ပါတယ်။

၂၊ ဂျင်းလက်တစ်ဆစ်နဲ့ ကြက်သွန်ဖြူ၁၀မြှောင့်ကိုငရုတ်သီးအရောင်တင်မှုန့် ဟင်းခတ်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး ညက်အောင်ထောင်းပါ။

၃။ ကြက်သွန်နီကို စကာစိတ်လှီးပြီး ထည့်ထောင်းပါ။ (မြန်မြန်ညက်အောင်လို့။)

၎။ ညက်ရင် ကြက်သားကို ဂျင်း၊ကြက်သွန်ထောင်း၊ ဆားသင့်ရုံထည့်ပြီး သမအောင် နယ်ထားပါ။

၅။ ခရမ်းချဉ်သီးကို သေးသေးလေးတွေဖြစ်အောင် လှီးပါ။

၆။ ဆီအိုးတည်ပြီး ဆီကျက်ရင် နယ်ထားတဲ့ ကြက်သားကို အရင်ထည့်၊ နဲနဲမွှေပြီး ခရမ်းချဉ်သီးထည့်၊ ငံပြာရည်ထည့်၊ ရေမြုပ်အောင်ထည့်ပြီး အဖုံးပိတ်ပြီး တည်ထားပါ။

၇။ မကြာမကြာဖွင့်ကြည့်ပြီး လိုသလို မွှေပေးပါ။ လုံးချက်တာက အနံသက်သာပြီး မြန်မြန်ကျက်ပါတယ်။ ခရမ်းချဉ်သီးအဖတ်လေးတွေကျေ၊ ရေခန်းပြီး ဆီပြန်ပြီဆိုရင် ဟင်းကျက်ပါပြီ။ မဆလာ၊ ငရုတ်သီးစိမ်း၊ နံနံပင် ကြိုက်သလို အိုးချခါနီးမှာ ထည့်လို့ရပါတယ်။ ကျမကတော့ ကုလားလေးမဆလာ အဆင်သင့်ရှိနေတာကြောင့် မဆလာပဲ ထည့်လိုက်ပါတယ်။

No comments:

Post a Comment