Thursday, January 6, 2011

ငပိရည်ကျို



ငပိရည်ကို မြန်မာနိုင်ငံသား တော်တော်များများ ကြိုက်မယ်လို့ ယူဆပါတယ်။ ကျမတို့ အိမ်မှာတော့ အိမ်ကလူတွေသိပ်မကြိုက်ကြလို့ရယ်၊ ကျိုရင် နံလို့ရယ်ကြောင့် ကျမမှတ်မိသလောက် တစ်ခါမှ မကျိုဖူးပါဘူး။ အိမ်အပြင်ရောက်မှ ကရင်သူငယ်ချင်းတစ်ယောက်က ကျိုပေးပြီး မိတ်ဆက်ပေးလိုက်တော့မှ ငပိရည်ကျိုကို အရင်ကထက် ပိုပြီး တမ်းတမ်းမက်မက်စားဖြစ်တယ်။ အရင်က ထင်တာက ငပိရည်ကျိုရတာကို ခက်တယ်ထင်တာကို။

အဲဒီသူငယ်ချင်းကျိုပုံက ငပိရည်မကျိုခင် အဖတ်၊အရည်ရောရာကို ရေထည့်၊ ဆနွင့်မှုန့်နဲနဲထည့်ပြီး ပွက်အောင်တည်၊ ပွက်ရင် အရိုးဖယ်ပြီး အချိုမှုန့်လေးနဲနဲ၊ ငရုတ်သီးအကျက်မှုန်းများများနဲ့ ထပ်ကျို၊ ပွက်ရင် ရပြီ။ ထမင်းပူပူ၊ ငပိရည်၊ တို့စရာနဲ့ဆို တခြားဟင်းတောင် မလိုတော့သလိုပဲ။

ကျမကျိုပုံကတော့သူနဲ့ နဲနဲကွဲပါတယ်။

၁။ အရင်ဆုံး ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါတယ်။ ပမာဏကိုတော့ ကြိုက်သလိုသာ ထည့်ပါ။

၂။ ငါးသစ်တာဗူးထဲက ငါးကို အလယ်ရိုးထုတ်ပြီး ချေပါတယ်။ ပြီးရင် ငရုတ်၊ ကြက်သွန်ဖြူထောင်းထားတာနဲ့ ရောနယ်ထားပါတယ်။

၃။ ငပိရည်မကျိုခင် အဖတ်၊အရည်ရောရာကို ရေသင့်ရုံထည့်၊ ဆနွင့်မှုန့်နဲနဲထည့်ပြီး ပွက်အောင်တည်ပါတယ်။

၎။ ပွက်ရင် အရိုးဖယ်ပြီး ငါး၊ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူထောင်း၊ငရုတ်သီးအကျက်မှုန်းများများနဲ့ ထပ်ကျိုပါတယ်။ ပွက်ပြီဆိုရင် အပေါ့၊ အငံမြည်းပြီး အိုးကို မီးပိတ်ထားလိုက်ပါတယ်။ အေးရင် ဗူးထဲ ပြောင်းထည့်ပြီး သိမ်းပါတယ်။ အိုးထဲမှာ ကြာကြာထားရင် ငပိရည်က အငံဆိုတော့ အိုးပေါက်မှာစိုးလို့ပါ။

2 comments:

  1. အိမ်မှာလည်း ငပိရည် သိတ်မကျိုဖူး
    ဒါပေမဲ့ ကျိုပြီးရင်တော့ လက်မလွတ်ချင်ဘူး :)

    ReplyDelete
  2. ငါးပိရည် အရမ်းကြိုက်တယ်.. ဒီတိုင်းတောင် ခပ်သောက်ချင်တာ.. :)

    ReplyDelete