Friday, January 7, 2011

ဗယာကြော်



ဗယာကြော်ကို တကယ်တော့ ကုလားပဲ ရေစိမ်၊ ထောင်းပြီး ကြော်တာမျိုးကို ပိုကြိုက်ပါတယ်။ ကိုယ်တိုင်တော့ တစ်ခါမှ အဲ့လို လုပ်မကြည့်ဖူးဘူး။ ကုလားပဲအစိမ်းကို တစ်ခါမှ မမှာဘူးတော့ လုပ်စရာ ပဲမရှိတာလည်း ပါပါတယ်။ ဒါကြောင့် ရန်ကုန်က လုပ်ဖော်ကိုင်ဖက်ဟောင်း အစ်မတစ်ယောက်လာတုန်းက ဝယ်လာပေးတဲ့ မွှေးတံဆိပ် ကုလားပဲဗယာကြော်မှုန့်နဲ့ အာသာပြေ ဗယာကြော် ကြော်လိုက်ပါတယ်။ မွှေးတံဆိပ် ကုလားပဲဗယာကြော်မှုန့်က သုံးရတာ တော်တော်အဆင်ပြေပါတယ်။

၁။ ကုလားပဲမှုန့်ကို သူ့အချိန်အဆအတိုင်း ရေထည့်ပြီး ကြာကြာနှပ်ထားပါ။ အညွှန်းက ၄၅မိနစ်လို့ ရေးထားပေမယ့် ကြာကြာထားမှ ပိုစားကောင်းတယ်လို့ ထင်လို့ ၃နာရီလောက် စိမ်ထားလိုက်ပါတယ်။

၂။ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပူစီနံ (နံနံပင်၊ ကြက်သွန်မြိတ် လွယ်တာ၊ ရှိတာကို ကြုံသလို ထည့်ပါတယ်။) တို့ကို ပါးပါးလှီးပြီး လေသလပ်ခံထားပါတယ်။ ခြောက်အောင်လို့ပါ။

၃။ ကုလားပဲတွေ ပွလာပြီဆိုရင် ငရုတ်သီး၊ ကြက်သွန်နီ၊ ပူစီနံ ပါးပါးလှီးထားတာနဲ့ရော၊ မဆလာ၊ ဆားသင့်ရုံထည့်ပြီး သမအောင် နယ်ပါ။

၎။ ဆီအိုးထဲ ဆီများများထည့်ပြီး ဆီကျက်ရင် ထမင်းစား ဇွန်းနှစ်ချောင်းကိုသုံးပြီး အိုးထဲကို အရွယ်တော် ဗယာကြော်တွေ ထည့်ပါ။ ဇွန်းသုံးပြီး ထည့်ရင် အရွယ်ညီပြီး ပုံစံလှပါတယ်။

၅။ ဗယာကြော်လေးတွေ ညိုလာပြီဆိုရင် ဟိုဘက်ဒီဘက်လှန်ပေးပြီး အကျက်ညီရင် ဆယ်လို့ရပါပြီ။ ဆီအိုးကို အရမ်းပူလာရင် မီးအလျှော့အတင်း လုပ်ပေးပါ။ မဟုတ်ရင် တူးသွားတတ်ပါတယ်။

၆။ တစ်သျူးခံထားတဲ့ ပန်းကန်ထဲထည့်ရင် ဆီစုပ်ပြီးသားဖြစ်လို့ ပိုအဆင်ပြေမယ် ထင်ပါတယ်။

3 comments:

  1. ဒီလို မွှေးရယ်ဒီမိတ် ဗယာကြော်မှုန့်
    တခါမှ မမြင်ဖူးဘူးသိလား
    ဗယာကြော်ကြိုက်၏

    ReplyDelete
  2. ဗယာကြော် လုပ်စားကြည့်ဦးမယ်.. လင့်ချိတ်ထားလိုက်မယ်နော်..

    ReplyDelete
  3. ကျမလည်းမွှေးပဲသုံးတယ်။ မြန်မြန်နဲ့ ကောင်းလည်းကောင်းတယ်နော်။

    ReplyDelete