Wednesday, February 2, 2011

မုန့်ဟင်းခါး



မုန့်ဟင်းခါးကို တစ်ခါမှ ကိုယ်တိုင် အစအဆုံး မချက်ဖူးပါဘူး။ အရင်က ရန်ကုန်ကနေ စံပြဒေါ်ကြည်၊ မြောင်းမြဒေါ်ချို၊ တင်တင်အေး၊ ခင်ထွေးရီ စတဲ့ အထုပ်တွေ မှာပြီး ချက်စားပါတယ်။ မုန့်ဟင်းခါးက အကြိုက်ဆုံးအစာဖြစ်လို့ တစ်လကို သုံးခါလောက် ချက်ချက်စားဖြစ်တယ်။ အခုတော့ ဘာအထုပ်မှလည်းမရှိ၊ မြန်မာဆိုင်တွေမှာ သွားစားရတာလည်း အဆင်မပြေ၊ ဝေးကလည်း ဝေးဆိုတော့ ကိုယ့်ဘာသာကိုယ် စမ်းချက်ကြည့်မယ်ဆိုပြီး ချက်လိုက်ပါတယ်။ ကျမက မုန့်ဟင်းခါးဆို ဘဝပျက် မုန့်ဟင်းခါးကအစ ကြိုက်တော့ ပျက်သွားလည်း ကိစ္စမရှိဘူးဆိုပြီး ချက်လိုက်တယ်။

၁။ အရင်ဆုံး အကြေးခွံဖယ်၊ ပါးဟက်ဖယ်၊ ဗိုက်ခွဲပြီး အူထုတ်ထားတဲ့ အရွယ်ခပ်လတ်လတ် ငါး(ဘာငါးလည်း မသိပါ)နှစ်ကောင်ကို ထောင်းထားတဲ့ စပါးလင် သုံးပင်၊ ကြက်သွန်ဖြူ ငါးမြှောင့်၊ ဂျင်း လက်တစ်ဆစ်၊ ငံပြာရည် ဟင်းချက်ဇွန်း သုံးဇွန်းနဲ့ နူးနေအောင် အရင်ပြုတ်ပါတယ်။

၂။ ပြုတ်ထားတဲ့ ငါးတွေကို ဆယ်ပြီး အအေးခံ၊ အေးရင် အရေခွံဖယ်ပြီး အရိုးသင်ပါတယ်။

၃။ ငါးတွေ သင်နေတုန်း ငါးပြုတ်ရည်ကို ဆက်ပြုတ်ထားပါတယ်။ စပါးလင်၊ ကြက်သွန်ဖြူနဲ့ ဂျင်းအနံ့ ပိုရအောင်လို့ပါ။

၎။ ဟင်းရည်တည်မယ့်အိုးထဲကို ဆီ ဟင်းချက်ဇွန်းနဲ့ တစ်ဇွန်းခွဲလောက်ထည့်ပြီး ဆီကျက်အောင် လုပ်ပါတယ်။

၅။ ဆီကျက်ရင် ငရုတ်သီး အရောင်တင်မှုန့် ဟင်းခတ်ဇွန်း တစ်ဇွန်းမောက်မောက်လောက်ထည့်ပြီး ဆီသတ်ပါတယ်။ (တစ်ကယ်က ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဆီသတ်ရမယ် ထင်ပါတယ်။ မြန်အောင် ဒီလိုပဲ လုပ်လိုက်တာ။)

၆။ ငရုတ်သီးနံ့လေး မွှေးလာရင် ငံပြာရင် ဟင်းချက်ဇွန်းနဲ့ နှစ်ဇွန်းလောက်ထည့်၊ ငါးအသားတွေကို ထည့်ပြီး ဆီသတ်ပါတယ်။

၇။ ငါးဆီသတ်ထားတာ နဲနဲခြောက်လာရင် အဲဒီ့အိုးထဲကို ငါးပြုတ်ရည်တွေ အဖတ်မပါအောင် စစ်ပြီး ထည့်ပါ။

၈။ ဆန်လှော်မှုန့် ဟင်းခတ်ဇွန်း ၆ဇွန်းနဲ့ ပဲအကျက်မှုန့် ဟင်းခတ်ဇွန်း ၄ဇွန်းကို ရေအေးနဲ့ သမအောင် ဖျော်ပြီး ဟင်းရည်အိုးပွက်လာရင် ထည့်ပါ။

၉။ ပြီးရင် ကြက်သွန်နီဥကြီးတစ်လုံးကို အခွံခွာ ၈စိတ်ပိုင်းထားတာနဲ့ ကြက်ဥပြုတ် ၂လုံး ပါးပါးလှီးထားတာတွေ ထည့်ပါတယ်။ အရင်က ကြာစွယ်ကို အခွံခွာပြီး အဝိုင်းလေးတွေ ပါးပါးလှီးထည့်ပါတယ်။ သူက ငှက်ပျောအူထက် အများကြီး ပိုစားကောင်းပါတယ်။

၁၀။ ဟင်းရည်အိုး ပွက်ပွက်ဆူရင် အရသာ အပေါ့၊ အငံ၊ ဟင်းရည် အပျစ်၊ အကျဲပေါ်လိုက်ပြီး ရေထပ်ထည့်ပါတယ်။

၁၁။ အားလုံးပြီးရင်တော့ နံနံပင်၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သွန်ဖြူဆီချက်လေးနဲ့ အရသာရှိလှတဲ့ အိမ်ချက်မုန့်ဟင်းခါးကို သုံးဆောင်နိုင်ပါပြီ။

3 comments:

  1. မဆိုးဘူးနော်
    စားလို့ ဖြစ်မယ့် ပုံပဲ
    ချက်စားကြမလား

    word verification က အာရုံနောက်တယ် ဖြုတ်ပစ်

    ReplyDelete
  2. @K.AMH: စားချင်တယ်..။ ပဲကပ်ကြော်လေးနဲ့လေ။
    word verification ရှိနေမှန်း မသိလိုက်ဘူး။ ဖြုတ်လိုက်မယ်။

    ReplyDelete
  3. ငါးဆီသတ်တာကြက်သွန်ဖြူ ဂျင်း စပါးလင် ထောင်းသတ်ရင်ပိုမွှေးပါတယ် ကြက်သွန်နီမသုံးပါဘူး

    ReplyDelete