မရို့စ်က ဘလော့ဂ်ဒေး (၃၁ရက် သြဂုတ်လ ၂၀၁၁) အတွက်ဆိုပြီး သြဂုတ်လ ၂၄ရက်နေ့ကတည်းက တဂ်ထားတာ အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်နဲ့ ခုဆို ဘာလိုလိုနဲ့ ၃လလောက်တောင်ရှိသွားပြီ။ အဲ့ဒီတဂ်ပို့ မရေးဖြစ်မချင်း တခြားပို့စ်တွေ မရေးဘူးလို့ ဆုံးဖြတ်ထားတာ ရက်က လသာပြောင်းသွားတယ် မရေးဖြစ်၊ မရေးဖြစ်ပဲ ဖြစ်နေလို့ ဒီနေ့တော့ ဖြစ်အောင်ရေးမှပါဆိုပြီး အားခဲပြီး ရေးလိုက်ပါတယ်။
ကျမ ဘလော့ဂ် စလုပ်ဖြစ်တဲ့ အကြောင်းက မြန်မာလိုရေးချင်လို့ပါ။ အရင်က အများစုရေးကြတဲ့ ဝဘ်ဆိုဒ်တစ်ခုမှာ အပျော်ရေးဖူးပါတယ်။ ကျမရေးထားတာတွေကို အစ်မကို ပြတော့ သူက နောက်မရေးပါနဲ့လား.. ရေးထားတာတွေက မကောင်းတော့ ရှက်စရာကြီးလို့ အားပေးရှာတယ်။ ဒါပေမယ့် ဘယ်သူပဲ ဘယ်လိုပဲပြောပြော ရေးချင်တဲ့စိတ်ကရှိနေတော့ ဆက်ရေးတာပါပဲ။
နောက်ပိုင်း အားတဲ့အချ မြန်မာဘလော့ဂ်တွေ ဖတ်တော့
မနိုင်းနိုင်းစနေက ကျမအတွက် နေ့စဉ်ထုတ်သတင်းစာလိုပဲ။ တနေ့မဖတ်ရ မနေနိုင်ဘူး။
ကိုညီလင်းဆက်၊ ကိုရန်အောင်၊ မခွန်မြလှိုင်၊ မအိမ့်ချမ်းမြေ့၊ မမိုးချိုသင်း ဘလော့ဂ်တွေလည်း သွားဖတ်ဖြစ်တယ်။ တခြားဘလော့ဂ်တွေတော့ သိပ်မဖတ်ဖြစ်ဘူး။ နောက်ပိုင်း ဘလော့ဂ်တွေ လုပ်ကြတာများတော့ ကိုယ်လည်းလုပ်ချင်လာတယ်။ အဲ့ဒီတော့ ကျမ စိတ်အဝင်စားဆုံး၊ ရေးမယ်ဆိုရင်ခေါင်းထဲကနေစာထွက်လာတာ အလွယ်ဆုံးဖြစ်မယ့် အစားအသောက်အကြောင်းကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကိုယ့်ကိုယ်ကို အစားအသောက် အဲ့လောက်စိတ်ဝင်စားမယ်လို့ အရင်က မထင်ခဲ့မိဘူး။ ကိုယ့်နိုင်ငံအပြင်ရောက်လို့ ကိုယ်တိုင်မှ မချက်ရင် စားချင်တာမစားရတဲ့ဘဝရောက်မှ ထမင်း၊ ဟင်းကို သေချာစချက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ဟင်းချက်ရတာကို ပျော်လာပြီး လျှောက်လက်တည့်စမ်းတော့တာပဲ။ သူငယ်ချင်းတွေကပြောတယ်.. ကျမက ဟင်းချက်တာမဟုတ်ဘူး experiment လျှောက်လုပ်နေတာလို့။ ဘယ်လိုပဲဖြစ်ဖြစ် ချက်ပြီးရင် စားပေးမယ့်သူတွေရှိတာ တော်တော်ကံကောင်းတယ် ပြောရမယ်။တစ်ယောက်ထဲရှိတဲ့အချိန်ဆိုရင် ချက်ချင်တာ ချက်ဖို့ သိပ်မလွယ်ဘူး။ တစ်ယောက်စာချက်တာ သိပ်လက်ပေါက်ကပ်တာဆိုတော့ ပုံမှန်အတိုင်းပဲချက်၊ ဗူးထဲထည့်၊ ရေခဲသေတ္တာထဲထည့်သိမ်း၊ နောက်နေ့ပြန်နွေးစားနဲ့ သိပ်အလုပ်ရှုပ်တာပဲ။
အစားအသောက်နဲ့ပါတ်သတ်တဲ့ ဘလော့ဂ်လေးကို စလုပ်ဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ့်လိုပဲ အချက်အပြုတ်ဝါသနာရှင် ဘလော့ဂါတွေကိုတွေ့၊ သူတို့ဆီက နည်းတွေယူ၊ လျှောက်စမ်းလုပ်ကြည့်နဲ့ တော်တော်ပျော်စရာကောင်းပါတယ်။ များသောအားဖြင့် သွားဖြစ်တဲ့ဘလော့ဂ်တွေက
မရို့ (မရို့ဆီက မုန့်ဖုတ်တာတွေဖတ်ပြီး အိမ်မှာ စမ်းလုပ်ကြည့်တာ ၂ခါ၊ ၃ခါလောက်၊ စိတ်မှန်းနဲ့ပဲလုပ်ပြီး အသေအချာချိန်မလုပ်တော့ အကုန်ပျက်တာပဲ။ အဲ့လိုပျက်တာကိုလည်း စားမယ့်သူရှိတယ်။ :D)၊ နောက်
မအိုင်ဗီ၊ မရို့ရှာရွန်၊ မချော၊ မဘေဘီ၊ မစန္ဒကူး၊ စူးနွယ်၊ အန်တီတင့်၊ အန်တီဦး၊ အက်ဒီချမ်း၊ မမိုးကောင်းသူ၊ မလုလု၊ နောက်ဘယ်သူတွေရှိသေးလဲ သေချာတောင် မမှတ်မိတော့ဘူးရယ်။ အဆက်ပြတ်တာလည်း နည်းနည်းကြာသွားလို့။ ကျန်သွားတဲ့သူတွေကို ဆောရီးပါ။ စိတ်ဝင်စားတာက အစားအသောက်ဆိုတော့ အစားအသောက်အကြောင်းရေးတဲ့သူတွေဆီပဲ သွားဖြစ်တာများနေတယ်။ အဲ့ဒီကနေမှ နည်းတွေလည်း သွားသွားယူရတာဆိုတော့။ မှတ်မှတ်ရရ မစန္ဒကူးရဲ့ မျှစ်ထောင်းလေးကို တော်တော်သဘောကျဖူးတယ်။ တခြားဟင်းချက်နည်းတွေ ရေရေရာရာမသိရင်လည်း အပေါ်ကဘလော့ဂ်ရှင်တွေဆီပါတ်သွား၊ လိုက်ရှာပြီး ချက်ကြည့်ရတယ်။ ကြည့်တာတွေက များသွားရင် ဘယ်သူဆီကနည်းကို ယူခဲ့လဲ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ အပြင်မှာ မမြင်ဖူးပေမယ့် အွန်လိုင်းကနေပဲ ဘလော့ဂ်တွေသွားလည်ရင်း အွန်လိုင်းကနေ ခင်မင်စရာကောင်းတဲ့သူတွေ အတော်များများနဲ့ တွေ့ခဲ့ရပါတယ်။
အခုဆိုရင် ဘလော့ဂ်ဒေးကို ကျော်သွားတာ တော်တော်ကြာတာ တစ်ကြောင်း၊ ကျမက လူမှုရေး အားနည်းလို့ရယ်၊ ဘလော့ဂ်လည် အားနည်းလို့ရယ်ကြောင့်က တစ်ကြောင်း ဘယ်သူအသစ်၊ ဘယ်သူအဟောင်းဆိုတာကို မသိလို့ ဘလော့ဂါအသစ်၅ယောက်ကို ရေးမပြနိုင်တာလည်း ဆောရီးပါရှင်။
အင်တာနက်စာမျက်နှာပေါ်မှ စာရေးသူများအားလုံး (ခ) ဘလော့ဂါများ အားလုံး မိမိနှစ်သက်ရာ စာတွေရေးရင်း ပျော်ရွှင်ကြပါစေ...
ဝန်ခံချက်။ ။ဓါတ်ပုံကို
Purple Vine ထံမှ တောင်းယူပါတယ်။