ရန်ကုန်ပြန်ရောက်ပြီးနောက်ပိုင်း များသောအားဖြင့် ဟင်းချက်ရင် အလွယ် ပလိန်းတွေပဲ ချက်ဖြစ်နေရာက ဒီနေ့တော့ ပလိန်းမချက်ဘဲ ဟင်းအနှစ်လေးနဲ့ ဆီပြန်ဟင်းချက်ဖြစ်ပါတယ်။ ကျမချက်တဲ့ ပလိန်းဆိုတာက အရွက်ကြော်ဆိုရင် ကြက်သွန်ဖြူ ဆီမသတ်ဘဲ၊ ဆီကျက်ရင် ကြက်ဥထည့်ရင်ကြက်ဥကို အရင်ထဲ့မွှေကြော်၊ မထဲ့ရင် ဒီအတိုင်း အရွက်ထည့်၊ အရသာထည့်ပြီး ကြော်လိုက်တာကို ပြောတာပါ။
ဝက်သား အချိုချက်
- ဝက်သား ၂၀သား
(အရွယ်တော် တုံးပြီး ဆား၊ ဆနွင်း၊ သကြား၊ ပဲငံပြာရည်၊ ကြက်သားမှုန့်အနည်းငယ်နဲ့ သမအောင်နယ်ထားပြီး ခဏထားပါ။)
- ကြက်သွန်နီ ၇ဥ
(၄ဥ ကို ကြိတ်ပြီး ၃ဥကို လေးစိတ်စိပ်ထားပါ။)
- ကြက်သွန်ဖြူ ၈မြှောင့်
(၄မြှောင့်ကို ရောကြိတ်ပြီး၊ ၄မြှောင့်ကို ထက်ခြမ်းခြမ်း၊ ဓါးပြားရိုက်ထားပါ။)
ကြိတ်ထားတဲ့ ကြက်သွန်တွေကို ဆီဟင်းချက်ဇွန်း ၄ဇွန်းလောက်ထည့်ပြီး ကျက်အောင်တည်ထားတဲ့ အိုးထဲထည့်ပြီး ဆီသတ်ပါ။
ဆီသတ်တာ ရပြီဆိုရင် ဝက်သားထည့်လုံးပြီး နည်းနည်းတင်းလာအောင် ကြော်ပါ။
ပိုင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီတွေထည့်၊ ခဏလုံးပြီး ရေ ဟင်းချက်ဇွန်း၃-၄ဇွန်းလောက်ထည့်ပြီး မီးအေးအေးနဲ့ တည်ထားပါ။
ရေခန်းလိုက်၊ မွှေလိုက်၊ ရေနည်းနည်းထပ်ထည့်လိုက်နဲ့ ၃ခါလောက်ရှိရင် ဝက်သားလည်း နူးပြီမို့ ဆီပြန်အောင်တည်ပြီး မီးပိတ်ထားလို့ ရပါပြီ။
ငပိရည်ကျို၊ ချဉ်ပေါင်ဟင်းရည်လေးနဲ့ဆို အင်မတန်လိုက်ဖက်မယ့် ဟင်းတစ်မယ်ပါ။