Thursday, November 17, 2011

မျှစ်ချဉ်နဲ့ ဝက်သား၊ ပဲကြာဇံ ဟင်းချိုနှင့် တို့ဟူးကြော်

တစ်နေ့က မြို့ပြင်ကိုရောက်တော့ အဲ့ဒီက ဈေးထဲမှာ မျှစ်ချစ်တွေ့တာနဲ့ တစ်ထုပ်ဝယ်လာပြီး ဒီရောက်ကတည်းက တစ်ခါမှ မချက်စားဖူးတဲ့ မျှစ်ချဉ်နဲ့ ဝက်သားချက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။
တစ်ခါမှ မချက်ဖူးတော့ သူများတွေ ဘယ်လိုချက်လဲ လိုက်စနည်းနာဦးမှဆိုပြီး ကြည့်လိုက်တော့ ဗစ်စတာ က လောလောလတ်လတ်ကြီး ချက်ထားတာမို့ သူ့ကိုပဲ မေးလိုက်တော့ သူပြောတဲ့နည်းက အရမ်းလွယ်ပါတယ်။ အဲ့ဒါနဲ့ သူနည်းနဲ့ ချက်လိုက်မယ်ဆိုပြီး ထုံးစံအတိုင်းနဲနဲကွန့်တာကလွဲလို့ သူပြောသလိုပဲ ချက်လိုက်ပါတယ်။

မျှစ်ချဉ်တွေကို ရေဆေးပြီး ကိုယ်လိုချင်သလောက် အနေတော်အရွယ် ဓါးနဲ့ လှီးဖြတ်ထားပါတယ်။ ဗစ်က ခရမ်းချဉ်သီး၊ ကြက်သွန်တွေ မထည့်ခိုင်းပေမယ့် အိမ်မှာ စားတုန်းက ပါသလားလို့ ထင်ပြီး ခရမ်းချဉ်သီး တစ်လုံးကို အစေ့ထုတ်ပြီး ၁၂ပိုင်း ပိုင်းထည့်လိုက်ပါတယ်။
ဝက်သား သုံးထပ်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံထည့်၊ ငရုတ်သီး အရောင်တင်မှုန့် ကုန်နေတာနဲ့ ငရုတ်သီးခြောက် ၅တောင့်ကို ရေစိမ်ပြီး ညက်လုနီးပါးဖြစ်အောင် ထောင်းထည့်ပါတယ်။
ပြီးရင် လက်အိပ်စွပ်ပြီး သမအောင် နယ်ပါတယ်။
ထမင်းပေါင်းအိုးထဲကို မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ဝက်သား၊ ဆီ အနည်းငယ်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ ရေမြုပ်လုနီးပါးထည့်ပြီး တည်ထားပါတယ်။ ညကတည်းက ချက်ထားတာမို့ ရေကို နည်းနည်းခမ်းအောင် တည်လိုက်ပါတယ်။
မနက် စားခါနီးမှ ရေထပ်ထည့်ပြီး ထပ်တည်ပြီးတဲ့အခါ ဆီကျန်၊ ရေကျန် ချဉ်၊ငံ၊စပ် မျှစ်ချဉ်နဲ့ ဝက်သားဟင်းတစ်ခွက်ကို သုံးဆောင်ရန် အသင့် ရပါပြီရှင်။
အစပ်ပြေ ပဲနီလေးဟင်းချိုပါ။
မွှေးတံဆိပ် ပဲစိမ်းမှုန့်နဲ့ ကျိုထားတဲ့ တိုဟူးကို ကြော်ထားတာပါ။ ဒီတစ်ခါပဲ တိုဟူးကြော်ကို ဆိုင်တွေလိုနီးပါး အနေနဲ့ ရဖူးတော့တယ်။ :)

တို့ဟူးကျိုနည်းကို တစ်ခါက (မေလတုန်းက) မရို့စ်က မေးထားဖူးတယ်။ အခုတော့ မရို့စ် နည်းရသွားပြီလား မသိဘူး။

ဒီတစ်ခေါက် ကျိုခဲ့တဲ့နည်းလေးက ပဲစိမ်းမှုန့်နဲ့ ရေကို ဆတူထည့်၊ ဆနွင်းမှုန့် ပါလေရုံထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ကျိုတာပါ။ အိုးထဲက ပဲရည်တွေကို နာရီစက်တံလည်သလို ဆက်တိုက် ပတ်မွှေပေးနေပါတယ်။ ပြောင်းပြန် ပြန်မမွှေပါဘူး။ တော်တော်ကို မွှေရခက်လာလောက်အောင် ပျစ်လာပြီဆိုရင် မီးပိတ်ပြီး ပန်းကန် အပက်ထဲထည့်၊ မျက်နှာပြင်ကို အတတ်နိုင်ဆုံးညှိပေးပြီး အအေးခံထားပါတယ်။ တိုဟူးထဲကို ဓားဦးချွန်စိုက်ကြည့်လိုက်လို့ ဘာမှကပ်ပါမလာဘူးဆိုရင် တိုဟူးခဲ ရပါပြီ။

Tuesday, November 15, 2011

ထိုင်းနိုင်ငံ ရေဘေးအန္တရာယ်နှင့် ရေကြီးဟင်းများ

ခရီးတွေသွား၊ နေမကောင်းတွေဖြစ်၊ ရေတွေကြီး၊ စာတွေပိ၊ အိမ်မှာသုံးနေတဲ့ ကွန်ပျူတာကပျက်၊ ရုံးမှာက ဘလော့ဂ်စပေါ့ထဲ ဝင်မရနဲ့ ပို့စ်တွေ မရေးဖြစ်တာ အရမ်းကို ကြာသွားတယ်။ ကိစ္စများမြောင် လူတို့ဘောင်ဆိုတာ မှန်လိုက်တာ။

စာတွေ မရေးဖြစ်သလို ဟင်းလည်း အရင်ကလောက် မချက်ဖြစ်တာ တော်တော်ကြာသွားတယ်။ ကြာဆို ရေတွေစကြီးတော့ ရေကသာ အိမ်ဘက်ရောက်မလာတယ်.. ပထမ ၂-၃ပါတ်လောက်က အစားအသောက် ဝယ်ရတာတွေ အရမ်းကို ရှားပါးခက်ခဲသွားတာ။ ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲနဲ့ အာလူးကြော်တွေကို ၂ပါတ်စာလောက် ဝယ်ထားပြီး အဲ့ဒါတွေက အထားခံတဲ့ အစာတွေဆိုတော့ ရေကြီးခဲ့ရင် အဲ့ဒါတွေနဲ့ အသက်ဆက်ရမယ်ဆိုပြီး ဝယ်ထားလိုက်တာ။ ဒါတောင် လွယ်လွယ်ကူကူ ပေါပေါများများ ဝယ်လို့ မရဘူး။ အိမ်နားက စူပါမားကတ်မှာ ဝယ်မရလို့ ကားစီးသွားရတဲ့ နောက်စူပါတစ်ခုကို မနက်ပိုင်း ၉-၁၀နာရီလောက် စောစောသွားဝယ်မှ ပစ္စည်းပြန်ဖြည့်ပြီးခါစမို့ ဝယ်လို့ရတာ.. ညနေဘက်များသွားလို့ကတော့ ဘာမှ သိပ်မရှိတော့ဘူး။ နောက် ရေကြီးလို့ မီးပြတ်ခဲ့ရင်စားဖို့ဆိုပြီး ဟင်းနည်းနည်းချက်ထားလိုက်ပါတယ်။ဒီလိုနဲ့ ၁ပါတ်ပြီး ၁ပါတ်သာကြာသွားတယ်.. အစာတွေလည်း ဝယ်စုထားလိုက်၊ စားလို့ကုန်သွားလိုက်၊ ပြန်ဖြည့်လိုက်သာ ဖြစ်သွားတယ်.. ရေကတော့ ခုထိ ရောက်မလာပါဘူး။

ဘန်ကောက်ပို့စ်ထဲမှာ ရေးထားတာ တစ်ချို့လူတွေက ရေကြီးတော့ ပစ္စည်းတွေတော့ ဈေးတက်တော့မှာပဲဆိုပြီး အများကြီးကို ဝယ်သိမ်းထားတာ.. သတင်းရေးသူက စူပါတစ်ခုမှာ ဈေးဝယ်သူ အမျိုးသမီးတစ်ယောက်က ဖုန်းနဲ့ သူ့မိတ်ဆွေကို ပစ္စည်းတွေ ဝယ်သိမ်းထားဖို့၊ သူဆို ကလေးနို့မှုန့်တွေကို တစ်နှစ်စာလောက် ဝယ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း၊ ခုလည်း ရသလောက် ထပ်လာဝယ်တာဖြစ်ကြောင်း၊ နောင်ဆို ဈေးတွေတက်၊ ပစ္စည်းတွေပြတ်ဖြစ်နိုင်ကြောင်း လှမ်းပြောနေတာကို ကြုံရတယ် ပြောပါတယ်။ ကိုယ်လိုတဲ့ပစ္စည်းက သူများလည်း လိုမှာပဲ.. ဒုက္ခရောက်ချိန်မှာ မျှမျှတတ လိုသလောက်လေးပဲ ဝယ်မယ်ဆိုတဲ့ စိတ်မရှိကြတာများလို့လည်း ပစ္စည်းပြတ်တာတွေ အဲ့လောက်မြန်သွားတာဖြစ်မှာ။ ရုပ်ဝတ္တုတွေ ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ စိတ်ဓါတ်က လိုက်ပါမလာတာ စိတ်မကောင်းစရာပါပဲ။

ရေကြီးတဲ့အထဲမှာ မပါပေမယ့် ရေဘေးဒုက္ခက ခြင်တွေ၊ ပိုးကောင်တွေအနေနဲ့ ရောက်လာပါတယ်။ တစ်ရက်၊ တစ်ရက် ညနေ ၆နာရီလောက်မှာမှ တံခါးတွေ၊ ပြတင်းပေါက်တွေကို အကုန်မပိတ်လို့ကတော့ ခြင်တွေ၊ ပိုးကောင်တွေ ဝင်လာလိုက်တာ နံရံအဖြူမှာ မည်းမည်းလှုပ်နေအောင်ကို များတာ.. ကြောက်စရာတောင် ကောင်းတယ်။ အစက သတိမထားမိခင်မှာ ခြင်တွေ အများကြီးဝင်လာတော့ စပရေးမှုတ်ပြီး အခန်းကို ပိတ်ခဲ့၊ အပြင်ခဏထွက်၊ မိနစ်၂၀-၃၀လောက်မှပြန်လာတော့ ကြမ်းပြင်ပေါ်မှာ ခြင်တွေ၊ ပိုးကောင်တွေက အတုံးအရုံးပဲ.. ဘယ်လောက်များ များသလဲ သိချင်တာနဲ့ ရေကြည့်တော့ ၂၅၀-၃၀၀လောက်ရှိတယ်။ ဒီအတိုင်းသာ ထားမိလို့ကတော့ အပ်ချုပ်စက်ထဲ ထည့်အချုပ်ခံရသလိုကို ဖြစ်မှာ။

ရေကြီးမယ်ဆိုပြီး သတင်းစကြီးတုန်းက လန့်ဖျန့်ပြီး ညနေမှာ ဈေးဝယ်ပြီး မနက်၁နာရီခွဲ၊ ၂နာရီလောက်အထိ ပြင်ဆင်ချက်ပြုတ်ခဲ့တဲ့ ရေကြီးဟင်းတွေပါ။


ကြက်ကြော် - ကြက်သားကို ဆား၊ ဆနွင်း ပါလေရုံ၊ အချိုမှုန့်၊ ငရုတ်ကောင်းမှုန့်တိုနဲ့ နယ်နှပ်ထားပြီး ကြော်ထားတာပါ။ သိပ်မာသွားမှာစိုးလို့ ကြွပ်နေအောင်မကြော်ဘဲ အသားတင်းပြီး အတွင်း၊ အပြင်ကျက်ရုံပဲ ကြော်လိုက်ပါတယ်။






အာလူးသီး၊ ကြက်သားကြော် - ကြက်သားကို ခပ်သေးသေးတုံးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံနဲ့ နယ်ထားပါတယ်။ အာလူးတွေကိုလည်း ကြက်သားလိုပဲ ခပ်သေးသေးတုံးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် သင့်ရုံနဲ့ နယ်ထားပါတယ်။ ဆီအိုးတည်ပြီး ဆီပူတော့ ကြက်သားတွေထည့်လုံး၊ အာလူးသီးထည့် မွှေ၊ ရေသင့်ရုံထည့်ပြီး ရေခန်း လုံးချက် ချက်လိုက်ပါတယ်။ ရေခန်းခါနီးမှာ မဆလာတစ်ထုပ်ထည့်၊ မွှေပြီး မီးပိတ်ထားလိုက်ပါတယ်။

အရင်က ဟင်းချက်ရင် မဆလာထည့်ချက်လေ့ သိပ်မရှိတော့ အစ်မက မဆလာမကြိုက်တာကို သတိမထားမိလိုက်ဘူး။ အဲ့လိုနဲ့ တစ်ယောက်ထဲလည်း စားမကုန်၊ နောက်ပိုင်းမှာ ပုံစံပြောင်းပြီး သီးစုံ ဘဲဥ ချဉ်ဟင်းချက်တာလည်းမကုန်နဲ၊့ ကြာသွားပြီး သွန်ပစ်လိုက်ရတဲ့စခန်းကို ရောက်သွားတဲ့ ဟင်းလေးပါ။

ကြက်ဥပြုတ်

ဒါကတော့ ရေကြီးလို့ မီးပြတ်ရင် ဒီအတိုင်း မသိုးဟင်းအဖြစ်စားဖို့ ပြုတ်ထားတဲ့ ကြက်ဥတွေထဲက တစ်ချို့ပါ။ နောက်ပိုင်းမှာ ကြက်ဥတွေက ဝယ်မရလောက်အောင် ရှားသွားပြီး၊ ဝယ်လို့ရပြန်တော့ အရမ်းကို သေးတဲ့ ကြက်ဥတွေ၊ ဘယ်လောက်တောင်သေးလဲဆိုတာ မှန်းကြည့်လို့ ရအောင် မနက်စာ ပေါင်မုန့်နဲ့စားဖို့ ကြော်ထားတဲ့ ကြက်ဥကြော်ပုံလေးပါ ထည့်လိုက်ပါတယ်။ ပုံမှန်က တစ်ယောက် တစ်လုံးကြော်ရင် မနက်စာစားလို့ရပြီ။ အခုတော့ သေးလွန်းလို့ ၂လုံးစီကြော်မှ ရတယ်။

အချိုပွဲ သလဲသီး



Monday, November 14, 2011

၂၀၁၁ ဘလော့ဂ်ဒေး အမှတ်တရ

မရို့စ်က ဘလော့ဂ်ဒေး (၃၁ရက် သြဂုတ်လ ၂၀၁၁) အတွက်ဆိုပြီး သြဂုတ်လ ၂၄ရက်နေ့ကတည်းက တဂ်ထားတာ အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်နဲ့ ခုဆို ဘာလိုလိုနဲ့ ၃လလောက်တောင်ရှိသွားပြီ။ အဲ့ဒီတဂ်ပို့ မရေးဖြစ်မချင်း တခြားပို့စ်တွေ မရေးဘူးလို့ ဆုံးဖြတ်ထားတာ ရက်က လသာပြောင်းသွားတယ် မရေးဖြစ်၊ မရေးဖြစ်ပဲ ဖြစ်နေလို့ ဒီနေ့တော့ ဖြစ်အောင်ရေးမှပါဆိုပြီး အားခဲပြီး ရေးလိုက်ပါတယ်။

ကျမ ဘလော့ဂ် စလုပ်ဖြစ်တဲ့ အကြောင်းက မြန်မာလိုရေးချင်လို့ပါ။ အရင်က အများစုရေးကြတဲ့ ဝဘ်ဆိုဒ်တစ်ခုမှာ အပျော်ရေးဖူးပါတယ်။ ကျမရေးထားတာတွေကို အစ်မကို ပြတော့ သူက နောက်မရေးပါနဲ့လား.. ရေးထားတာတွေက မကောင်းတော့ ရှက်စရာကြီးလို့ အားပေးရှာတယ်။ ဒါပေမယ့် ဘယ်သူပဲ ဘယ်လိုပဲပြောပြော ရေးချင်တဲ့စိတ်ကရှိနေတော့ ဆက်ရေးတာပါပဲ။

နောက်ပိုင်း အားတဲ့အချ မြန်မာဘလော့ဂ်တွေ ဖတ်တော့ မနိုင်းနိုင်းစနေက ကျမအတွက် နေ့စဉ်ထုတ်သတင်းစာလိုပဲ။ တနေ့မဖတ်ရ မနေနိုင်ဘူး။ ကိုညီလင်းဆက်၊ ကိုရန်အောင်၊ မခွန်မြလှိုင်၊ မအိမ့်ချမ်းမြေ့၊ မမိုးချိုသင်း ဘလော့ဂ်တွေလည်း သွားဖတ်ဖြစ်တယ်။ တခြားဘလော့ဂ်တွေတော့ သိပ်မဖတ်ဖြစ်ဘူး။ နောက်ပိုင်း ဘလော့ဂ်တွေ လုပ်ကြတာများတော့ ကိုယ်လည်းလုပ်ချင်လာတယ်။ အဲ့ဒီတော့ ကျမ စိတ်အဝင်စားဆုံး၊ ရေးမယ်ဆိုရင်ခေါင်းထဲကနေစာထွက်လာတာ အလွယ်ဆုံးဖြစ်မယ့် အစားအသောက်အကြောင်းကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကိုယ့်ကိုယ်ကို အစားအသောက် အဲ့လောက်စိတ်ဝင်စားမယ်လို့ အရင်က မထင်ခဲ့မိဘူး။ ကိုယ့်နိုင်ငံအပြင်ရောက်လို့ ကိုယ်တိုင်မှ မချက်ရင် စားချင်တာမစားရတဲ့ဘဝရောက်မှ ထမင်း၊ ဟင်းကို သေချာစချက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ဟင်းချက်ရတာကို ပျော်လာပြီး လျှောက်လက်တည့်စမ်းတော့တာပဲ။ သူငယ်ချင်းတွေကပြောတယ်.. ကျမက ဟင်းချက်တာမဟုတ်ဘူး experiment လျှောက်လုပ်နေတာလို့။ ဘယ်လိုပဲဖြစ်ဖြစ် ချက်ပြီးရင် စားပေးမယ့်သူတွေရှိတာ တော်တော်ကံကောင်းတယ် ပြောရမယ်။တစ်ယောက်ထဲရှိတဲ့အချိန်ဆိုရင် ချက်ချင်တာ ချက်ဖို့ သိပ်မလွယ်ဘူး။ တစ်ယောက်စာချက်တာ သိပ်လက်ပေါက်ကပ်တာဆိုတော့ ပုံမှန်အတိုင်းပဲချက်၊ ဗူးထဲထည့်၊ ရေခဲသေတ္တာထဲထည့်သိမ်း၊ နောက်နေ့ပြန်နွေးစားနဲ့ သိပ်အလုပ်ရှုပ်တာပဲ။

အစားအသောက်နဲ့ပါတ်သတ်တဲ့ ဘလော့ဂ်လေးကို စလုပ်ဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ့်လိုပဲ အချက်အပြုတ်ဝါသနာရှင် ဘလော့ဂါတွေကိုတွေ့၊ သူတို့ဆီက နည်းတွေယူ၊ လျှောက်စမ်းလုပ်ကြည့်နဲ့ တော်တော်ပျော်စရာကောင်းပါတယ်။ များသောအားဖြင့် သွားဖြစ်တဲ့ဘလော့ဂ်တွေက မရို့ (မရို့ဆီက မုန့်ဖုတ်တာတွေဖတ်ပြီး အိမ်မှာ စမ်းလုပ်ကြည့်တာ ၂ခါ၊ ၃ခါလောက်၊ စိတ်မှန်းနဲ့ပဲလုပ်ပြီး အသေအချာချိန်မလုပ်တော့ အကုန်ပျက်တာပဲ။ အဲ့လိုပျက်တာကိုလည်း စားမယ့်သူရှိတယ်။ :D)၊ နောက် မအိုင်ဗီ၊ မရို့ရှာရွန်၊ မချော၊ မဘေဘီ၊ မစန္ဒကူး၊ စူးနွယ်၊ အန်တီတင့်၊ အန်တီဦး၊ အက်ဒီချမ်း၊ မမိုးကောင်းသူ၊ မလုလု၊ နောက်ဘယ်သူတွေရှိသေးလဲ သေချာတောင် မမှတ်မိတော့ဘူးရယ်။ အဆက်ပြတ်တာလည်း နည်းနည်းကြာသွားလို့။ ကျန်သွားတဲ့သူတွေကို ဆောရီးပါ။ စိတ်ဝင်စားတာက အစားအသောက်ဆိုတော့ အစားအသောက်အကြောင်းရေးတဲ့သူတွေဆီပဲ သွားဖြစ်တာများနေတယ်။ အဲ့ဒီကနေမှ နည်းတွေလည်း သွားသွားယူရတာဆိုတော့။ မှတ်မှတ်ရရ မစန္ဒကူးရဲ့ မျှစ်ထောင်းလေးကို တော်တော်သဘောကျဖူးတယ်။ တခြားဟင်းချက်နည်းတွေ ရေရေရာရာမသိရင်လည်း အပေါ်ကဘလော့ဂ်ရှင်တွေဆီပါတ်သွား၊ လိုက်ရှာပြီး ချက်ကြည့်ရတယ်။ ကြည့်တာတွေက များသွားရင် ဘယ်သူဆီကနည်းကို ယူခဲ့လဲ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ အပြင်မှာ မမြင်ဖူးပေမယ့် အွန်လိုင်းကနေပဲ ဘလော့ဂ်တွေသွားလည်ရင်း အွန်လိုင်းကနေ ခင်မင်စရာကောင်းတဲ့သူတွေ အတော်များများနဲ့ တွေ့ခဲ့ရပါတယ်။

အခုဆိုရင် ဘလော့ဂ်ဒေးကို ကျော်သွားတာ တော်တော်ကြာတာ တစ်ကြောင်း၊ ကျမက လူမှုရေး အားနည်းလို့ရယ်၊ ဘလော့ဂ်လည် အားနည်းလို့ရယ်ကြောင့်က တစ်ကြောင်း ဘယ်သူအသစ်၊ ဘယ်သူအဟောင်းဆိုတာကို မသိလို့ ဘလော့ဂါအသစ်၅ယောက်ကို ရေးမပြနိုင်တာလည်း ဆောရီးပါရှင်။

အင်တာနက်စာမျက်နှာပေါ်မှ စာရေးသူများအားလုံး (ခ) ဘလော့ဂါများ အားလုံး မိမိနှစ်သက်ရာ စာတွေရေးရင်း ပျော်ရွှင်ကြပါစေ...

ဝန်ခံချက်။ ။ဓါတ်ပုံကို Purple Vine ထံမှ တောင်းယူပါတယ်။