Tuesday, June 28, 2011

ကြက်နှလုံး ဆီပြန်ဟင်း၊ မုန်ညှင်းဖြူကြော်၊ ငပိရည်နှင့် တို့စရာ

ငပိရည်ကျိုမယ် စဉ်းစားလိုက်တော့ ငပိရည်ကျိုက ဆီပြန်ဟင်းနဲ့မှ လိုက်မှာဆိုပြီး ကြက်နှလုံးကို ဆီပြန်ဟင်း ချက်ပါတယ်။

၁။ ကြက်နှလုံးကို ရေစင်အောင်ဆေး၊ ဘေးက အဆီတွေ ဖယ်၊ ထက်ခြမ်း ခြမ်းပြီး ဆား၊ ဆနွင်း၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့် သင့်ရုံနဲ့ နယ်ထားပါတယ်။

၂။ ခရမ်းချဉ်သီး ၂လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။

၃။ ကြက်သွန်ဖြူ ၄မြှောင့်၊ ကြက်သွန်နီ ၃လုံးကို ပါးပါး သေးသေးလှီးထားပါတယ်။

၎။ နံနံပင်တွေကို ရေစင်အောင် ဆေးပြီး နှစ်ပိုင်း ပိုင်းထားပါတယ်။

၅။ အိုးထဲကို ဆီ ဟင်းချက်ဇွန်း ၃ဇွန်းခန့်ထည့်ပြီး ဆီကျက်ရင် ကြက်သွန်တွေကို ထည့်ပြီး ခြောက်အောင် ကြော်ပါတယ်။

၆။ ကြက်သွန်တွေ ကျက်ပြီဆိုရင် ခရမ်းချဉ်သီးထည့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ငံပြာရည်နဲ့ ဆား သင့်ရုံထည့်ပြီး ခရမ်းချဉ်သီး လိတ်အောင် ချက်ပါတယ်။

၇။ ခရမ်းချဉ်သီး လိတ်ပြီဆိုရင် အရသာနယ်ထားတဲ့ ကြက်နှလုံးထည့်၊ မွှေ၊ ဆီပြန်ရင် ရေသင့်ရုံထည့်ပြီး ဆူအောင်တည်၊ ပွက်ပြီဆိုရင် ဆီပြန်အောင် ထားပြီး နောက်ဆုံးမှာ နံနံပင်အုပ်ပြီး မီးပိတ်လို့ရပါပြီ။ ငရုတ်သီးစိမ်းရှိရင် နံနံပင် အုပ်တဲ့အချိန်မှာ ငရုတ်သီးစိမ်းပါ ထည့်အုပ်လို့ ရပါတယ်။

ပြီးရင်တော့ အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ ကြက်နှလုံး ဆီပြန်ဟင်း တစ်ခွက် ရပါပြီ။

မုန်ညှင်းဖြူကြော်
အရွက်ကြော်အတွက် အသင့်ရှိနေတဲ့ မုန်ညှင်းဖြူထုပ်ကို ကြက်ဥနဲ့ ကြော်လိုက်ပါတယ်။

၁။ မုန်ညှင်းဖြူကို တစ်လွှာချင်းစီ ရေစင်အောင်ဆေးပြီး အနေတော် အပိုင်းလေးတွေဖြစ်အောင် လက်နဲ့ ဖြတ်ထားပါတယ်။

၂။ အရွက်ကြော်ကို မြန်မြန်ကြော်ချင်တဲ့အခါတိုင်း ကြက်သွန်ဖြူ ဒါးပြားရိုက်တာ မထည့်ဘဲ ဆီအိုးတည်ပြီး ဆီပူလာရင် ကြက်ဥ နှစ်လုံးထည့်ပြီး မွှေကြော်ပါတယ်။

၃။ ကြက်ဥ ကျက်ရင် အရွက်ထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ မွှေပြီး အရွက်က ရေတွေ နဲနဲခန်းအောင် အိုးအဖုံးကို ခဏအုပ်ထားပါတယ်။

၃။ ခဏကြာလို့ အရွက်တွေ နွမ်းပြီး သေချာကျက်ပြီဆိုရင် အရွက်ကြော် ရပါပြီ။ ငရုတ်ကောင်းကြိုက်ရင် မီးပိတ်ပြီးမှ နဲနဲဖြူးပြီး မွှေလိုက်ပါ။

ငပိရည်ကျို
ငပိရည်ကျို ကျိုနည်းကို အရင်ကလည်း ဒီမှာ ရေးဖူးပါတယ်။ အခု အဲ့ဒီကပဲ ကူးပြီး တင်လိုက်ပါတယ်။

၁။ အရင်ဆုံး ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါတယ်။ ပမာဏကိုတော့ ကြိုက်သလိုသာ ထည့်ပါ။

၂။ ငါးသစ်တာဗူးထဲက ငါးကို အလယ်ရိုးထုတ်၊ အသားတွေကို ကျေအောင်ချေပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ထောင်းထားတာနဲ့ ရောနယ်ထားပါတယ်။

၃။ ငပိရည်မကျိုခင် အဖတ်၊ အရည် ရောရာကို ရေသင့်ရုံထည့်၊ ဆနွင့်မှုန့်နဲနဲထည့်ပြီး ပွက်အောင်တည်ပါတယ်။

၎။ ပွက်ရင် အရိုးဖယ်ပြီး ငါး၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးအကျက်မှုန့်များများနဲ့ ထပ်ကျိုပါတယ်။ ပွက်ပြီဆိုရင် အပေါ့၊ အငံမြည်းပြီး အိုးကို မီးပိတ်ပြီး အအေးခံထားပါတယ်။ အေးရင် ဗူးထဲ ပြောင်းထည့်ပြီး သိမ်းပါတယ်။ အိုးထဲမှာ ကြာကြာထားရင် ဆားပေါက်မှာစိုးလို့ပါ။

တို့စရာ အရွက်ပြုတ်
၁။ တို့စရာအတွက်ကိုတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ဆီလေး ပါလေရုံထည့်ပြီး မျှစ်ထည့်ပြုတ်ပါတယ်။

၂။ မျှစ် ကျက်ရင် ဆယ်ပြီး၊ အိုးကို မီးပိတ်ပြီး၊ ပဲတောင့်ရှည်နဲ့ မုန်ညှင်းစိမ်း ထည့်၊ ခဏကြာလို့ အရွက်တွေ စိမ်းရင့်ရောင် ဖြစ်လာရင် ဆယ်ပြီး ရေအေးနဲ့ ခဏစိမ်၊ ပြီးရင် ရေစစ်ထားပါတယ်။

တို့စရာ အရွက်ပြုတ် လတ်လတ်ဆတ်ဆတ်တွေ ရပါပြီ။

3 comments:

  1. ကလီစာဆို ဘာဖြစ်ဖြစ် ကြိုက်တယ် ..
    ချက်ထားတာလေးက စားချင်လိုက်တာ ထမင်းဖြူနဲ့ နယ်စားချင်တယ်
    ငပိရည်နဲ့ အတို့အမြုပ်ကလည်း ရှယ်ဘဲ
    ဗိုက်ဆာလာပြီ

    ReplyDelete
  2. အန်တီ့အိမ်မှာ ကင်မ်ချီလုပ်တော့ ပိုနေတဲ့ မုန့်ညှင်းဖြူတွေကို စနိုးရဲ့ ကြော်နည်းအတိုင်း မုန်ညှင်းဖြူကြော်လေး လုပ်စားအုံးမယ်။
    ငါးပိရည်ကျိုနဲ့ တို့စရာ စားချင်စဖွယ်လေးနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဟင့် ဟင့် ဗိုက်ဆာလာပြီ မမရေ ပြန်တော့မယ် ....:):)

    ReplyDelete