Friday, July 1, 2011

ဂျူးဖူး၊ ဝက်အသဲကြော် နှင့် ဝက်အူကြော်

ထိုင်းစားသောက်ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ဂျူးဖူး၊ ဝက်အသဲကြော်ကို အိမ်မှာ ပထမဆုံး စမ်းကြော်ပြီး စားကြည့်ပါတယ်။ အရသာက တူတူပါပဲ။

ခုတစ်လော ဟင်းချက်တာကို ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ သုံးပြီး ဆီအရင်သတ်ရမှာမျိုး မချက်ချင်လို့ အဲ့ဒီအဆင့်ကို ကျော်ပြီး ချက်ပါတယ်။ ကြက်သွန်ဆီသတ်ပြီးမှ ချက်တာကို ကြိုက်သူများက ကြက်သွန်ကို အရင်ဆီသတ်ပြီး ကျန်တဲ့အဆင့်အတိုင်း ချက်လို့ ရပါတယ်။

၁။ ဂျင်းကို အခွံသင်ပြီး ပါးပါးလှီးထားပါတယ်။

၂။ ဝက်အသဲကို ရေဆေးပြီး ပါးပါးလှီး၊ ပဲငံပြာရည် အနောက်၊ ခရုဆီ၊ ဆား သင့်ရုံနဲ့ နယ်ထားပါတယ်။

၃။ ဂျူးဖူးတွေကို ရင့်တဲ့ အပိုင်းတွေ ဖယ်ပြီး တစ်လက်မခွဲခန့် အရှည်အနေနဲ့ ဖြတ်ထားပါတယ်။

၎။ အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဂျင်းကို မွှေးအောင် ခြောက်တဲ့အထိ ကြော်ပါတယ်။

၅။ ဂျင်းကြော်တာ ရပြီဆိုရင် ဝက်အသဲထည့်ပြီး နဲနဲမွှေပါ။

၆။ အသဲ မကျက်ခင် ဂျူးဖူးတွေထည့်၊ ခရုဆီနဲ့ ဆား သင့်ရုံထည့်ပြီး ကြော်ပါတယ်။ ဂျူးဖူးတွေ အစိမ်းရင့်ရောင်ကို ပြောင်းသွားပြီဆိုရင် မီးပိတ်ပြီး အိုးအဖုံးပိတ်ထားပေးပါ။ (ဂျူးဖူးကျက်တာ သေချာအောင်လို့။)

ခဏကြာရင် ပန်းကန်ထဲ ခပ်ထည့်ထားပြီး သုံးဆောင်နိုင်ပါပြီ။ (ဝက်အသဲက ခဏပဲ ကြော်ရပါတယ်။ ကြာကြာကြော်ရင် မာသွားတတ်လို့ ခပ်မြန်မြန်ချက်ရပါတယ်။)

ဝက်အူကြော်
ဝက်အူက သေချာနူးဖို့ကို တော်တော်ကြာကြာချက်ရပါတယ်။ ဒါကြောင့် ဝက်အူချက်ရင် အချိန်ကုန်၊ မီးကုန်လို့ သိပ်မချက်ချင်ဘူး။ ဒါပေမယ့် တစ်အိမ်လုံးက ကြိုက်တော့လည်း တစ်ခါတစ်ခါ စိတ်လိုလက်ရရှိရင် ချက်ဖြစ်ပါတယ်။

၁။ အရင်ဆုံး ဝက်အူကို အတွဲလိုက် ရေဆေးပြီး ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ဆား သင့်ရုံနဲ့ နယ်ထားပါတယ်။ (ဝက်အူကို မပြုတ်ခင် မလှီးရပါဘူး။ အထဲက အနှစ်တွေ ထွက်ကုန်မှာ စိုးလို့။ စစ ချက်ကြည့်တုန်းက ဘယ်လိုလုပ်ရမလဲ သေချာမသိလို့ လှီးပြီး ပြုတ်လိုက်မိတာ အနှစ်တွေ အကုန် အပြင်ထွက်ကုန်တယ်။)

၂။ ဂျင်း လက်နှစ်ဆစ်လောက်ကို အခွံသင်ပြီး ပါးပါးလှီးထားပါတယ်။

၃။ အိုးထဲကို ဆီပါလေရုံထည့်၊ ဝက်အူထည့်၊ ဂျင်းပြားတွေထည့်ပြီး ဝက်အူမြုပ်အောင် ရေထည့်ပြီး ဆူအောင်တည်ပါတယ်။ ဆူရင် ဟိုဘက်၊ ဒီဘက် လှည့်လှည့်ပေးပါတယ်။ အကျက်ညီအောင်လို့။

ရေခန်းလုနီးရင် အူကို ဇွန်းနဲ့ ဖြတ်ကြည့်လို့ မနူးသေးရင် ရေထပ်ထည့်ပြီး တည်ရပါတယ်။ အိမ်က ဟင်းအိုးက မီးကို သိပ်မှန်းမရတော့လို့ စမ်းစမ်းပြီး တည်ရပါတယ်။ ပုံမှန်အားဖြင့်တော့ သုံးရေလောက် တည်ရပါတယ်။

ပြုတ်ထားတာ သုံးရေလောက်ရှိလို့ သေချာနူးပြီဆိုရင် ရေခန်းအောင် လုံးလိုက်ပြီး အအေးခံထားပါတယ်။
၎။ အူတွေ အေးသွားပြီဆိုရင် လက်တစ်ဆစ်သာသာလောက် အတုံးလေးတွေတုံးပြီး ဂျင်း၊ ကြက်သွန်ဖြူဆီသတ်ပြီး ကြော်လို့ ပါပြီ။

ကြော်ပြီးသား အူတွေကို ဗူးနဲ့ သိမ်းထားပြီး ဆီပြန်ဟင်းအဖြစ် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နဲ့ပဲ ချက်စားစား၊ အရွက်ပြုတ်နဲ့ ရောပြီးပဲ သုပ်စားစား၊ ကြာဇံနဲ့ပဲ ရောကြော်ပြီး စားစား အဆင်ပြေပါတယ်။

5 comments:

  1. Snow ရေ 'မြင်သာမြင်ရမကြင်ရ' ဆိုသလိုဖြစ်နေပြီ အန်တီကဝက်သား မစားဘူးလေး) ဒါပေမယ့် သားတွေအတွက် ကြော် ချက်နည်းလေးတွေ မှတ်သွားတယ်နော်။ ကျေးဇူးပါကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မမရေ ဂျူးဖူးဆိုတာ ခုမှကြားဖူးတယ် ..အဟီးး
    အဲလို ဗဟုသုတ စုံတယ် ညီမလေးက ..
    မမလက်ရာလေးက စားချင်စဖွယ်လေး...
    ဗိုက်ဆာလိုက်တာနော်...:):)

    ReplyDelete
  3. @အန်တီတင့်: အမြဲလို လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ :)

    @Angle: ဂျူးဖူးက ကြက်သွန်မြတ်တို့၊ ခူးချိုင်တို့နဲ့ ဆင်သလို ရှိတယ် ညီမ။ သူက ထိပ်မှာ အဖူးလေးပါတယ်။ ကြော်စားရင် တော်တော်ချိုပြီး စားကောင်းတယ်။ လာလာလည်တာ ကျေးဇူးပါ။ :)

    ReplyDelete
  4. ဟင်းနှစ်မျိုးလုံးကြိုက်တယ် ဝက်အူလည်းကြိုက်တယ် ဒါပေမဲ့ တစ်ခါမှ ကိုယ်တိုင် လုပ်မစားဖူးဘူး။ ခု စိတ်ဝင်စားသွားတယ် အိမ်မှာချက်စားကြည့်ဦးမှ

    ReplyDelete
  5. @မချော: စမ်းစားကြည့်ပါ အစ်မ။ တကယ်စားလို့ကောင်းပါတယ်။ :)

    ReplyDelete