Saturday, July 2, 2011

လက်ဖက်သုပ်နှင့် အသီးအရွက်သုပ်

အသုပ် သုပ်စားခဲ့ဖူးတာတွေကို တစ်နေရာထဲမှာ စုထားချင်လို့ပါ။ များသောအားဖြင့်ကတော့ စိတ်ကူးပေါက်သလို လျှောက်လုပ်ထားတာ။ စားလို့ အဆီအငေါ် တည့်သွားတာလည်းရှိ၊ မတည့်တာလည်းရှိ ပါပဲ။ အဆင်မပြေတော့လည်း နောက်အဲ့ဒီနည်းမျိုးနဲ့ မလုပ်တော့ဘူးပေါ့နော။ :D

လက်ဖက်သုပ်


မြန်မာလူမျိုးဆိုရင် လက်ဖက်မကြိုက်တဲ့သူ ရှားမယ် ထင်ပါတယ်။ လက်ဖက်ကို အရင် ကျောင်းသူဘဝတုန်းက မစားချင်မှ အဆုံး၊ အိမ်မှာ အမြဲ အများကြီးရှိနေလို့ မုန်းတောင် မုန်းချင်သလိုဖြစ်ခဲ့တယ်။ ခုလည်းကျရော တစ်ခါတစ်လေ ရန်ကုန်ပြန်မှ၊ ဒါမှမဟုတ် သူများက လက်ဆောင်ပေးမှပဲ ရှားရှားပါးပါးစားရတော့တယ်။

ပထမနည်းက ဒညင်းသီးလက်ဖက်၊ နှစ်ပြန်ကြော်၊ ဆေးဘဲဥ တစ်လုံး သေးသေးလှီး၊ ပုဇွန်ခြောက် အနည်းငယ်၊ ဂျင်း နှပ်ထားပြီးသား စားပွဲဇွန်း တစ်ဇွန်း၊ ကြက်သွန်ဖြူ နှစ်မြှောင့် ပါးပါးလှီး၊ သံပုရာသီး တစ်စိတ်၊ ဆီ၊ ဆား သင့်ရုံထည့်နယ်လိုက်ရင် ဆွေမျိုးမေ့ လက်ဖက်သုပ်တစ်ပွဲ ရပါပြီ။

နောက်တစ်နည်းက လက်ဖက်၊ ဂျင်း၊ ခရမ်းချဉ်သီး တစ်လုံး အစေ့ဖယ် ပါးပါးလှီး၊ ကြက်သွန်ဖြူ ၂မြှောင့် ပါးပါးလှီး၊ အကြော်စုံ၊ ပုဇွန်ခြောက်၊ ဆီ၊ ဆား၊ ငံပြာရည်ထည့်ပြီး ရောနယ်လိုက်ပါတယ်။ ဒါလည်း စားကောင်းတာပါပဲ။

ပဲစောင်းလျားသီးသုပ်
ဒါကတော့ ပဲစောင်းလျားသီးကို ပြုတ်၊ ပါးပါးလှီး၊ ခရမ်းချဉ်သီး ပါးပါးလှီး၊ ကီဝီသီးကို အခွံသင်၊ လေးစိပ်စိတ်၊ ပါးပါးလှီး၊ အကြော်စုံထည့်၊ ဆီ၊ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင်နယ်ထားတာပါ။ တော်တော် စားလို့ ကောင်းပါတယ်။

နောက်တစ်နည်းက အိမ်လာလည်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့နည်းပါ။

ပဲစောင်းလျားသီးကို ပြုတ်၊ ပါးပါးလှီး၊ ကြက်သွန်နီတစ်ဥ ပါးပါးလှီး၊ ကြက်သွန်ဖြူ ဆီချက်၊ ပုဇွန်ခြောက်၊ မြေပဲထောင်း၊ ဆီ၊ ဆား၊ ငံပြာရည်တို့နဲ့ သမအောင်နယ်ပြီးရင် ပဲစောင်းလျားသီးသုပ် တစ်ပန်းကန် ရပါပြီ။

ကန်ဇွန်းရွက်သုပ်
ဒါကတော့ အိမ်မှာရှိနေတဲ့ ဟင်းချက်စရာလက်ကျန်ရှင်းတမ်းလေးပါ။ ပြုတ်ပြီး ပါးပါးလှီးထားတဲ့ ကန်ဇွန်းရွက်၊ ဘိုစားပဲ၊ ကြွက်နားရွက်မှို၊ ဝက်အူတို့ကို ကြက်သွန်ဖြူဆီချက်၊ သံပုရာသီး အရည်ညှစ်ထည့်၊ ဆီ၊ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး ရောနယ်လိုက်တာပါ။ ဒါလည်း တော်တော်စားကောင်းပါတယ်။

ဒါကလည်း လက်ကျန်ရှင်းတမ်းပါပဲ။ ကန်ဇွန်းရွက်ပြုတ်ကို ပါးပါးလှီး၊ ခရမ်းချဉ်သီးကို အစေ့ဖယ်၊ ပါးပါးလှီး၊ ကန်ဇွန်းရိုးထည့်ကြော်ထားတဲ့ မတ်ပဲဗယာကြော် နှစ်ခုကျန်တာကို ခပ်သေးသေးလှီး၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ဆီ၊ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး သုပ်လိုက်တာပါ။ သိပ်စားမကောင်းပါဘူး။ ဘယ်သူမှ သိပ်မစားတာနဲ့ ကိုယ့်ဘာသာကိုယ် ရှင်းလိုက်ရတဲ့ မျက်နှာငယ်တဲ့ ဟင်းလေးပါ။

အမဲသားလုံးသုပ်
ပြုတ်ထားတဲ့ အမဲသားလုံးနဲ့ ကြွက်နားရွက်မှိုကို ပါးပါးလှီး၊ ပဲတောင့်ရှည် ၄တောင့်ကို ဟိုဘက်၊ ဒီဘက်ထိပ်တွေဖြတ်၊ ပါးပါးလှီး၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ သံပုရာသီး အရည်ညှစ်၊ ဆီ၊ ဆား၊ ငံပြာရည်သင့်ရုံထည့်ပြီး နယ်လိုက်ရင် ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ အမဲသားလုံးသုပ်တစ်ပွဲ ရပါပြီ။

ဆေးဘဲဥသုပ်

ဆေးဘဲဥသုပ်ကို အိမ်က သခင်မလေးတစ်ယောက်က ကြက်သွန်နီ ပါးပါးလှီးထည့်တာ မကြိုက်လို့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သုပ်လိုက်ပါတယ်။ သုပ်ပြီးသားပုံက နဲနဲရွံစရာကြီးလို ဖြစ်နေလို့ မတင်တော့ပါဘူး။ :)

3 comments:

  1. အသုပ်တွေ အားလုံးကြိုက်တယ် လက်ဖက်ကို ဓညင်းသီးနဲ့ သုပ်တာတော့ အကြိုက်ဆုံးပေါ့။ ဘယ်လောက်စားစား မဝဘူး ။

    ReplyDelete
  2. စားချင်ပါဒယ် ဆိုနေမှ .....:):)

    ReplyDelete
  3. အသုပ်အားလုံးစားသွါးပါတယ်..ဗိုက်နာရင်တာဝန်ယူရမယ်နော်.. :)

    ReplyDelete