Saturday, July 2, 2011

ကောက်ညှင်းငချိတ်ပေါင်းနှင့် အကြော်စုံ

၁။ နှမ်းကို ဆားအနည်းငယ်ထည့်ပြီး လှော်၊ ထောင်းထားပါတယ်။

၂။ ကောက်ညှင်း ငချိတ်က အကြောမာလို့ ရေတစ်ည ကြိုပြီး စိမ်ထားပါတယ်။

၃။ နောက်တစ်နေ့ မနက်မှာ အိုးထဲကို ရေထည့်၊ ပေါင်းခံအိုးထဲမှာ ရေညှိခင်းပြီး ကောက်ညှင်းတွေ ထည့်ပေါင်းပါတယ်။

၎။ ကောက်ညှင်းတွေကို သွားသွား စမ်းကြည့်ပြီး အိပြီဆိုရင် မီးပိတ်ထားလိုက်ပါတယ်။

ကောက်ညှင်းပေါင်းကို နှမ်းထောင်းလေး ဖြူးပြီး အကြော်တွေနဲ့ သုံးဆောင်နိုင်ပါပြီ။

မတ်ပဲ ဗယာကြော်
၁။ မွှေး မတ်ပဲ ဗယာကြော်မှုန့် အထုပ်ကို ရေ ဆတူထည့်ပြီး ၃-၄နာရီလောက် နှပ်ထားပါတယ်။

၂။ မတ်ပဲမှုန့်တွေ ပွလာပြီဆိုရင် ဂျင်းလက်တစ်ဆစ်လောက် ထောင်း၊ အရည်ညှစ်ထည့်၊ ကြက်သွန်နီ နှစ်ဥ ပါးပါးလှီးထည့်၊ ဆား သင့်ရုံထည့်ပြီး ဆီပူပူထဲ ထည့်ကြော်လို့ ရပါပြီ။

မတ်ပဲ ဗယာကြော် (ကန်ဇွန်းရိုး ပါးပါးလှီးထည့်)
၁။ နောက်တစ်မျိုးကတော့ မွှေး မတ်ပဲ ဗယာကြော်မှုန့်ထဲကို ကြက်သွန်နီတို့ ဂျင်းရည်တို့ မထည့်ဘဲ ကန်ဇွန်းရိုးကို ပါးပါးလှီးပြီး အကြော်မှုန့်၊ ကုလားမဆာလာထည့် ကြော်ထားတာပါ။ လျှောက်ပြီး စမ်းလုပ်ကြည့်တာ။ စားလို့တော့ ဖြစ်ပါတယ်။ နဲနဲတော့ ပအာသလိုပဲ။ နောက် လုပ်မစားတော့ဘူးဆိုတဲ့အထဲကို ထည့်လိုက်ပါတယ်။ :D

ကျောက်ဖရုံသီးကြော်
၁။ ကျောက်ဖရုံသီးကို ဟင်းချိုချက်သောက်ရင် ရင်အေးတယ်လို့ ကြားဖူးလို့ ဝယ်လာတာ။ တော်တော်နဲ့ ချက်တာ မနူးလို့ စိတ်မရှည်တာနဲ့ နောက်မချက်တော့ဘူးဆိုပြီး ကျန်နေတဲ့ ကျောက်ဖရုံသီးတွေကို အခွံသင်၊ ခြစ်တံနဲ့ ခြစ်၊ အကြော်မှုန့်နဲ့ နယ်၊ ဆားသင့်ရုံထည့်ပြီး အကြော်ကြော်စားပစ်လိုက်တယ်။ စားလို့ကောင်းပေမယ့် ဆီသိပ်များသလိုပဲ။ ဆီစုပ်တစ်သျူးမခံမိလို့လားတော့ မပြောတတ်ဘူး။

အာလူး၊ ဝက်သားလုံးကြော်
၁။ အာလူးတစ်လုံးကို အခွံသင်ပြီး ခြစ်ထားပါတယ်။

၂။ ကြက်သွန်ဖြူ ၃မြှောင့်ကို စကာစိတ် လှီးထားပါတယ်။

၃။ ဝက်သားကို အတုံး သေးသေးလေးတွေဖြစ်အောင် လှီးထားပါတယ်။
၎။ အာလူး၊ ကြက်သွန်ဖြူ၊ ဝက်သားတွေထဲကို ကြက်ဥ တစ်လုံး၊ ကော်မှုန့် စားပွဲဇွန်း ၅ဇွန်း၊ ပဲငံပြာရည် အနောက် စားပွဲဇွန်း ၁ဇွန်း၊ ဆား သင့်ရုံထည့်ပြီး သမအောင် နယ်ထားပါတယ်။
၅။ ဆီအိုးထဲကို ဆီ ခပ်များများထည့်ပြီး အနေတော်အရွယ် ဝက်သားလုံးတွေ ဇွန်းနှစ်ချောင်းနဲ့ လုံးပြီး ထည့်ကြော်ပါ။

ခဏကြာရင် ဟိုဘက်၊ ဒီဘက် အကျက်ညီအောင် လှန်ပေးပါ။ နှစ်ဖက်လုံး ညိုရောင်သန်းလာပြီဆိုရင် ဆီစစ်ဇကာထဲ ထည့်ပြီး စစ်ထားပါတယ်။ ဆီစစ်ပြီးသွားပြီဆိုရင် ဝက်သားလုံးကြော် ရပါပြီ။

3 comments:

  1. ဝေးခဲ့တာ အတော်ကြာပေါ့ မမရေ..:):)

    ReplyDelete
  2. အဟဲ..အာလူးဝက်သားကြော်ကိုတော့မှတ်သွားလိုက်ပါတယ်
    ခင်ဗျာ.အဲ့ဒီပစ္စည်းတွေကတော့အရန်သင့်ရှိတယ်..
    အလုပ်ထဲရောက်မှစမ်းကြော်ကြည့်အုံးမယ်...:D

    ReplyDelete
  3. Snow ရေ တကယ့်ကို ဖွယ်ဖွယ်ရာရာ စုံစုံလင်လင်လေး ကြော်ထားတာပဲနော် ။ စိတ်ရှည်လိုက်တာကွယ်။ ပျော်ရွှင်ပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete