Saturday, July 23, 2011

ဝက်သား အချိုချက်နှင့် မျှစ်စိမ်း ချဉ်စပ်ဟင်းချို

၁။ ဝက်သားကို အတုံးခပ်ကြီးကြီးတုံးပြီး ဆား၊ ပဲငံပြာရည် အနောက်၊ သကြားအနည်းငယ်နဲ့ သမအောင်နယ်ပြီး ခဏနှပ်ထားပါတယ်။

၂။ ကြက်သွန်နီ ၆လုံးကို အခွံသင်၊ ရေဆေးပြီး လေးစိပ်စိတ်ထားပါတယ်။

၃။ ဂျင်း လက်တစ်ဆစ်သာသာလောက်ကို အခွံသင်ပြီး ပါးပါးလှီးထားပါတယ်။

၎။ ဆီအိုးထဲကို ဆီ ဟင်းချက်ဇွန်း ၂ဇွန်းစာလောက်ထည့်ပြီး ဆီပူရင် ဂျင်း၊ ကြက်သွန်နီတွေကိုထည့်ပြီး ဆီသတ်ပါတယ်။

၅။ ဆီသတ်ထားတာတွေ နည်းနည်း ဝါရောင်သန်းလာပြီဆိုရင် ဝက်သားထည့်ပြီး နည်းနည်း ဆီသတ်ပါတယ်။

၆။ ပြီးရင် ဝက်သားကို ရေအနည်းငယ်မြုပ်အောင်ထည့်ပြီး ရေခန်းအောင် တည်ထားပါတယ်။

၇။ ရေခန်းခါနီးရင် ဝက်သားကို ဇွန်းဖျားနဲ့ ဖိကြည့်လို့ မနူးသေးရင် ရေနဲနဲထပ်ထည့်ပြီး တည်ထားပါ။ နူးပြီဆိုရင်တော့ ဆီပြန်အောင် မွှေပေးပြီး ရေခန်းလို့ ဆီပြန်ပြီဆိုရင် ရပါပြီ။

မျှစ်စိမ်း ချဉ်စပ်ဟင်းချို
ဝက်သားအချိုချက်က အီမှာမို့ အအီပြေ ချဉ်စပ်ဟင်းရည်အနေနဲ့ မျှစ်စိမ်းဟင်းချိုကို တွဲဖက်ပြုလိုက်ပါတယ်။ (ဝန်ခံချက် ။ ။ တကယ်တော့ ချက်ရင်းနဲ့မှ ချဉ်စပ်ဟင်းရည် ဖြစ်သွားတာပါ။ )

ရေပြောင်းကို သူငယ်ချင်းတစ်ယောက်က ကြော်ကျွေးမယ်ပြောဖူးတုန်းကမှ စကြားဖူးတာ၊ နောက် အန်တီချမ်းနဲ့ တွေ့ပြီး သူညစာကျွေးတော့ ရေပြောင်းဟင်းပါ ပါတော့မှ အဲ့ဒါရေပြောင်းပါလားလို့ သိတော့တာ။ ဒါတောင် ပုံပန်းသဏ္ဍာန် သိပ်ကွဲပြီး မသိသေးဘူး။ မျှစ်လိုမျိုး ဒါပေမယ့် အပိတ်လို့တော့ ပြောတယ်။

ဒီလိုနဲ့ စမ်းသပ်ချင်စိတ်တွေက ရှိနေတော့ တစ်ရက် ဈေးသွားရင်းနဲ့ ရေပြောင်းလို့ စိတ်ကထင်တာတစ်ခုကို တွေ့တယ်။ အဲ့ဒါနဲ့ပဲ တစ်ခုယူမယ်ပြောတော့ ဆိုင်ရှင်က ချက်တတ်လို့လားတဲ့.. :D.. မချက်တတ်ဘူး.. စမ်းကြည့်မလို့ ဆိုတော့ သူက ရီပြီး ဒါနဲ့ ဘာဟင်းတွေ ချက်လို့ရတယ်.. ဘာညာ.. ပြောပြတယ်။ သိပ်တော့နားမလည်ဘူး.. ဒါပေမယ့် ခေါင်းညိတ်ပြီးပဲ ယူခဲ့လိုက်တယ်။

အိမ်ရောက်တော့ အစ်မနဲ့ နှစ်ယောက်သား ဝိုင်းပြီး စမ်းသပ်ကြ၊ ခွာကြပေါ့နော်။ သူ့အခွံမှာ အမွှေးသေးသေးလေးတွေပါတယ်။ အဲ့ဒါတွေက စူးပြီး ယားစေသလိုပဲ။ နောက်ဆို လက်အိတ်နဲ့ကိုင်မှလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ အဲ့ဒါက ခွာလည်းပြီးရော ဘာမှတောင် သိပ်မရသလိုပဲ။ အရင့်တွေ ဖယ်လိုက်တာ ဒီဟင်းတစ်ခွက်စာပဲ ရတယ်။ မမြင်ဖူးသေးတဲ့သူတွေအတွက် ပုံပါ တင်ပေးလိုက်ပါတယ်။

(နောက်မှ သူများတွေ ပြောလို့သိတာ.. ဒါက ရေပြောင်း မဟုတ်ဘူး။ မျှစ်ပေါက်ကလေးတဲ့။ ဒါကြောင့် အခု ရေပြောင်းလို့ ရေးထားသမျှနေရာတိုင်းကို မျှစ်စိမ်းလို့ ပြင်လိုက်ပါတယ်။ လာပြင်ပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။)
၁။မျှစ်စိမ်းကို အခွံခွာ၊ အနုတွေပဲ ယူ၊ ဆားနည်းနည်းနဲ့ ရေဆေး၊ ပါးပါးလှီးပြီး အရှည်လိုက် အချောင်းလေးတွေ ပြန်လှီးပြီး ရေစိမ်ထားပါတယ်။ (ရေစိမ်တာကတော့ ဒီအတိုင်း စိမ်ထားရင် ကောင်းမယ်ထင်လို့ စိမ်လိုက်တာပါ။)

၂။ ဟင်းအိုးထဲ ဆီအနည်းငယ်ထည့်၊ ကြက်သွန်နီ ဆီချက်ချက်ထားတဲ့အထဲက ကြက်သွန်ကြော် နည်းနည်းထည့်ပြီး ဆီအိုးတည်ထားပါတယ်။ ဆီပူလာတော့ မျှစ်စိမ်းတွေကို ဆယ်ထည့်ပြီး ကြော်လိုက်ပါတယ်။

၃။ တကယ်က မျှစ်ကြော်လိုမျိုး ပလိန်းကြော်ကြည့်မလို့၊ ဒါပေမယ့် မြည်းကြည့်လိုက်တော့ တော်တော်သက်နေတာနဲ့ ဒီဟင်းကို ဘဝပြောင်းမှ ဖြစ်တော့မယ်ဆိုပြီး ငပိလက်တစ်ဆစ်လောက်ကို ရေဖျော်ပြီးထည့်၊ ပုစွန်ခြောက် စားပွဲဇွန်း တစ်ဇွန်းခွဲလောက်ထည့်၊ ငရုတ်သီးစိမ်း ၅တောင့်ကို ထက်ဝက် အရှည်လိုက် ခြမ်းပြီး ထည့်၊ ရေထည့်ပြီး တည်ထားလိုက်ပါတယ်။

၎။ ဟင်းရည်ပွက်တော့ အရသာမြည်းကြည့်ပြီး ဆားသင့်ရုံထပ်ထည့်ပြီး ခဏဆူအောင် ထားလိုက်ပါတယ်။ မျှစ်စိမ်းကို မြည်းကြည့်တော့ သိပ်မသက်တော့တာနဲ့ စားလို့ရပြီလို့ အောက်မေ့လိုက်ပါတယ်။

၅။ ဟင်းကို ပန်းကန်ထဲ ခူးပြီးမှ သံပုရာသီးလေး ညှစ်ထည့်လိုက်ရင် ချဉ်စပ်ဟင်းရည်လေးဖြစ်သွားမှာပဲဆိုပြီး သံပုရာသီး တစ်လုံးကို အရည်ညှစ်ထည့်လိုက်တော့ တော်တော်ကို အဆင်ပြေသွားပါတယ်။

ဒီလိုနဲ့ မျှစ်စိမ်း ချဉ်စပ် ဟင်းချိုတစ်ခွက်ကို ရင်တမမနဲ့ အောင်မြင်စွာ ချက်ပြုတ်၊ စားသောက်နိုင်လိုက်ပါတယ်။ ရင်တမမဖြစ်ရတာက အစာ အဆိပ်များ သင့်မလားလို့။ သေချာသိပြီး လုပ်တာမဟုတ်တော့ လူက လန့်နေတာ။ အခု စားပြီး ဘာမှ မဖြစ်လို့ ချက်နည်းကို ဘလော့ဂ်ပေါ်တင်ပြီး ဝေငှလိုက်ပါတယ်။ ဒီမျှစ်စိမ်းဟင်းလေးက အရမ်းကို ထမင်းမြိန်ပြီး စားကောင်းပါတယ်။ သုံးဆောင်ကြပါ။

9 comments:

  1. အန်တီစိတ်ထင်မျှစ်ပေါက်လေးလို.ထင်ပါတယ်။မှားကောင်းမှားနိုင်ပါတယ်။
    မျှစ်စိမ်းတွေကရေစိမ်ရုံတင်မက၃-၄ရေပြုတ်လိုက်၊သွန်လိုက်
    လုပ်ပစ်ရတယ်။နို.မို.တောက်တတ်တယ်။တာလပေါဟင်း(သို.)
    သ္မီးချက်သလိုချဉ်စပ်လေးချက်တာသိတ်စားကောင်းပါတယ်။

    ReplyDelete
  2. ဟုတ်မယ်ထင်တယ် အန်တီ။ သူ့ပုံစံက ဝါးပေါက်လေးနဲ့ တူတယ်။ တော်ပါသေးတယ်.. စားပြီး ဘာမှ မဖြစ်လို့..။ နောက်ဆိုရင် အန်တီပြောသလို ရေ ၄ခါလောက် ပြုတ်ပြီးမှ ချက်ကြည့်လိုက်ပါဦးမယ်။

    ReplyDelete
  3. ရှင်လဲ လုပ်ချင်တာ လုပ်တာပဲနော်
    အဲ့တာ မျှစ်ပဲ မမ ရေပြောင်း မဟုတ်သေးဘူး

    ရေပြောင်းက ပိုကြီးတယ် (ထင်တယ်)

    ReplyDelete
  4. အဲ.. တော်သေးတာပေါ့။ နတ်ပြည်တွေ ဘာတွေ မရောက်သွားတာ။

    ရေပြောင်းကို တွေ့ရင် ဒါ့ပုံ ရိုက်ပြပါ။ ချက်နည်းလည်း ပြောပြပါ။ ချက်စမ်းကြည့်ချင်လို့။ :D

    ReplyDelete
  5. အဲဒါ မျှစ်ပေါက်လေးပါ။ ဒါကြောင့်ယားတာ။
    ရေပြောင်းက စပါးပင်လိုလို မြက်ပင်တုတ်တုတ်လို လို့ ထင်ပါတယ်။ ပြီးတော့ စိမ့်တယ်။
    လင့်လေးယူသွားမယ်နော်။ ခွင့်ပြုပါ။
    အိုင်အိုရာ

    ReplyDelete
  6. ကျေးဇူးပါ အိုင်အိုရာ။ ရေပြောင်းရှာပုံတော်ကို နောက်မှ ထပ်ဖွင့်လိုက်ဦးမယ်။ အဲ့ကျမှ နောက်တစ်ခေါက် ထပ်ပြီး စမ်းချက်ကြည့်ဦးမှ။ :D

    ReplyDelete
  7. မျှစ်စိမ်းက အနေတော်အတုံးလေးတွေတုံးပြီး ဆန်ဆေးရေလေး...တစ်ရက်လောက်စိမ်ထားရင်အခါးလဲသက်သာပြီး..အဆိတ်အတောက်လဲပြေပါတယ်....စားလို့လဲပိုအရသာရှိပါတယ်...

    ReplyDelete
  8. အခုမှလာဖတ်ဘူးတာ
    ကိုယ့်အကြိုက်ဟင်းတွေချည်းပဲ
    ကျနော်တို့အညာမှာတော့
    မျစ်စိမ်းကို ငရုတ်သီးစိမ်း ပင်စိမ်းနဲ့ အဖြူထည်အရည်သောက်ဆမ်းချက်ကျတယ်
    မပါမဖြစ်ခရမ်းချဉ်သီးလေးတော့
    တလုံးလောက်ထည့်ပါတယ်
    လုံးချက်လေးပေါ့ ဆီလေးနည်းနည်းပဲထည့်ပြီးကျက်ရင် တော့ အသားမပါလည်း စားလို့ကောင်းပြီးသားပဲ
    " ရှလွတ် "

    ReplyDelete
  9. ရေပြောင်းချက်နည်းရေးပေးပါ။ ကျေးဇူး...

    ReplyDelete