Friday, April 27, 2012

ကြက်အသဲအမြစ်ဟင်း၊ ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်နှင့် ချဉ်ပေါင်ဟင်း


ကြက်အသဲအမြစ်ဟင်းကို အသားဟင်းထက် ပိုကြိုက်လို့ အရင်ကတော့ မကြာမကြာချက်ဖြစ်ပါတယ်။ ခုနောက်ပိုင်း မချက်ဖြစ်တာကြာပြီမို့ ပြီးခဲ့တဲ့ပိတ်ရက်က ဈေးရောက်တုန်း လိုအပ်မယ့် အဆာပလာတွေ ဝယ်လာခဲ့လိုက်တယ်။

၁။ မြန်မာဟင်း ထုံးစံဖြစ်တဲ့ ဟင်းအနှစ်အတွက် လိုအပ်မယ့် ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ ၉မြှောင့်၊ ဂျင်း လက်တစ်ဆစ်၊ ငရုတ်သီးစိမ်း ၄တောင့်နဲ့ ရှမ်းနံနံတစ်ပင်ကို အသင့်ပြင်ထားပါတယ်။


၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းကို ပါးပါးလှီးပြီး ပြန်နုတ်နုတ်စင်းထားပါတယ်။ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံကို လိုချင်တဲ့ အနေ အပိုင်းပိုင်းဖြတ်ထားပါတယ်။


၃။ ဟင်းချက်မယ့်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး (ကျမတော့ ဆီထည့်တာ ပုံမှန်ထက် များသွားတယ်) ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ သူ့အဆင့်အတိုင်းထည့်ပြီး ကြက်သွန်တွေ ဝါရောင်သမ်းပြီး ကျက်တဲ့အထိ ဆီသတ်ပါတယ်။


၎။ ပြီးရင် အရွယ်တော်ပိုင်းထားတဲ့ အသဲ၊ အမြစ်တွေထည့်၊ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံထည့်၊ ခဏမွှေပြီး ရေနည်းနည်းထည့်၊ အရသာအတွက် ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ချက်ပါတယ်။ ရေခန်းလို့ ဆီပြန်ပြီဆိုရင် ကြက်အသဲအမြစ်ဟင်းတစ်ခွက် ရပါပြီ။

ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်


ကန်ဇွန်းရွက် ကြက်အသဲအမြစ်ကြော်ကတော့ ကြက်အသဲအမြစ်ဟင်းက ဆီတွေနဲ့ အနှစ်နည်းနည်းရယ်၊ အသဲအမြစ်နည်းနည်းရယ်ကို ယူပြီး နည်းနည်းပြန်ကြော်ပါတယ်။ ပြီးတော့ အရွက်သင်ပြီး ရေစင်အောင်ဆေးထားတဲ့ ကန်ဇွန်းရွက်တွေထည့်၊ ဆားနည်းနည်းထည့်ပြီး ကြော်လိုက်ရုံပါပဲ။

အရမ်းလွယ်သလို စားလို့လည်း အတော်ကောင်းပါတယ်။

ချဉ်ပေါင်ဟင်း


ရန်ကုန်က ရောက်နေတဲ့ စားစရာတွေထဲမှာ ချဉ်ပေါင်ကြော်လည်းပါလို့ ငါးကင်စားတဲ့နေ့တုန်းက ပိုနေတဲ့ ငါးကင်တစ်ခြမ်းနဲ့ နောက်ရက်မှာ ချဉ်ပေါင်ရွက်ချဉ်ဟင်း ချက်လိုက်ပါတယ်။ 

ဟင်းချက်ဇွန်းနဲ့ ချဉ်ပေါင်ကြော်တစ်ဇွန်းယူပြီး အရည်သောက်တစ်ခွက်စာရေထဲထည့်၊ ငါးကင်နဲ့ ငါးခေါင်းထည့်၊ ပွက်အောင်တည်၊ အရသာမြည်းကြည့်ပြီး ဆားလိုသလောက်ထည့်လိုက်တာနဲ့ အရသာရှိတဲ့ ချဉ်ပေါင်ရွက်ချဉ်ဟင်းတစ်ခွက်ရပါပြီ။

ဒီဟင်းကို ဓါတ်ပုံရိုက်ဖို့ကို ဘယ်လိုမှ ချဉ်ပေါင်ရွက်ချဉ်ဟင်း ပုံပေါ်အောင် မရိုက်နိုင်လို့ နောက်ဆုံး ငါးလေးကိုပဲ ခေါင်းထောင်ခိုင်းလိုက်ရတယ်။ မသိရင် ငါးခေါင်းဟင်းချိုလိုလို ဘာလိုလို..။ :D

4 comments:

  1. မလေး လေ့လာသွားပါတယ်။
    ချဉ်ပေါင်ရွက်ချဉ်ဟင်း ပုံပေါ်အောင် မရိုက်နိုင်လို့ နောက်ဆုံး ငါးလေးကိုပဲ ခေါင်းထောင်ခိုင်းလိုက်ရတယ်.. ဆိုတာလေး သဘောကျတယ်း))

    ReplyDelete
  2. ချက်နေရတာကြာပါတယ်လေ
    (တစ်ခါထဲ အ၀တီးခဲ့ပါပြီ)
    စားချင်စရာလေးပုံတွေကြည့်ရတာ

    ReplyDelete