အဖြူရောင် နတ်သမီး ဘလော့ဂ်က ဟင်းချက်နည်းဖြစ်တဲ့ ဝက်သားဆွမ်းချက်ကို တအိမ်လုံးက သိပ်ကြိုက်ကြတာနဲ့ ခဏခဏ ချက်စားဖြစ်ပါတယ်။ အရင်က ကြက်သားနဲ့ ချက်တဲ့နည်းကို
ဒီမှာ တင်ဖူးပါတယ်။
ဝက်သားနဲ့ ကြက်သားပဲ ကွာသွားပြီး ချက်နည်းက တူတူမို့ အရင်ပို့စ်ကနေ ကော်ပီကူးပြီးပဲ တင်လိုက်ပါတယ်။
၁။ ဝက်သားတွေကို အရွယ်တော် တုံး၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပါတယ်။
၂။ ကြက်သွန်နီ ၃ဥကို စကာစိပ်စိတ်၊ ကြက်သွန်ဖြူ ၄မြှောင့် ပါးပါးလှီး၊ ဂျင်း လက်တစ်ဆစ်ကို အချောင်းလေးတွေ လှီးထားပါတယ်။
၃။ ဆီအိုးထဲ ဆီ ဟင်းချက်ဇွန်း တစ်ဇွန်းစာထည့်တည်၊ ဆီကျက်ရင် ဝက်သားထည့်၊ ပြီးရင် ဝက်သားကို ရေမြုပ်လုနီးပါးထည်ြ့ပီး တည်ပါတယ်။
၎။ ရေ တစ်ဝက်လောက် ခန်းသွားရင် သရက်သီးသနပ် သုံးဖတ်လောက်ထည့်၊ မွှေပြီး အုပ်ထားပါတယ်။
၅။ ခဏလောက်ကြာရင် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်၊ မွှေပြီး အုပ်ထားပါတယ်။ (နတ်သမီးရဲ့ နည်းက ဂျင်းကို အရင်ထည့်၊ ပြီးရင် ကြက်သွန်ဖြူ၊ ပြီးမှ ကြက်သွန်နီ မာရာက ပျော့ရာ အဆင့်ဆင့် ထည့်ပါတယ်။ အိမ်ကလူတွေက အားလုံးကို နူးနေတာမျိုးကို ကြိုက်လို့ အကုန် တူတူထည့်လိုက်ပါတယ်။)
၆။ ဟင်းအိုးကို မကြာမကြာမွှေပေးပြီး ဆီကျန်ရေကျန်အနေမှာ မီးပိတ်လို့ ရပါပြီ။ မဆလာကြိုက်တတ်ရင် မဆလာထည့်မွှေပြီးမှ မီးပိတ်ပါ။
အရမ်း အရမ်းကို စားကောင်းတဲ့ ဝက်သားဆွမ်းချက်ဟင်း တစ်ခွက် ရပါပြီ။
ကြက်ဥမွှေကြော်
တစ်လောက အိမ်လာလည်သွားတဲ့ သူငယ်ချင်း ချက်ကျွေးတော့မှ ဒီလိုကြက်ဥကြော်နည်းမျိုးကို စားဖူးတာပါ။ သူချက်တာ အရမ်းစားကောင်းလို့ အိမ်က အစ်မက နောက်ပိုင်း သူ့နည်းလိုမျိုးကို နဲနဲပြုပြင်စီရင်ပြီး ချက်ချက်ပေးတတ်ပါတယ်။
၁။ ကြက်သွန်နီ တစ်ဥ၊ ခရမ်းချဉ်သီး တစ်လုံးကို စကာစိတ်လိုမျိုး သေးသေးလေးတွေ လှီးထားပါတယ်။
၂။ နံနံပင် ၁ပင်၊ ကြက်သွန်မြိတ် ၂စည်းနဲ့ ငရုတ်သီးစိမ်း ၂တောင့်ကို ပါးပါးလှီးထားပါတယ်။
၃။ ကြက်ဥနှစ်လုံးကို ဆားအနည်းငယ်ထည့်ပြီး ခေါက်ထားပါတယ်။
၎။ ဆီအိုးတည်ပြီး ဆီကျက်ရင် ကြက်သွန်နီထည့်ကြော်ပါတယ်။
၅။ ကြက်သွန်နီ အရောင်ပြောင်းပြီး နွမ်းပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်တဲ့အထိ ကြော်ပါတယ်။
၆။ ပြီးရင် ကြက်ဥထည့် မွှေကြော်၊ ခဏကြာရင် ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ထည့်၊ ငံပြာရည်၊ ဆား သင့်ရုံထည့် မွှေ၊ ပြီးရင် ရပါပြီ။
နံနံပင်နံလေး မွှေးနေတဲ့ ကြက်ဥမွှေကြော် တစ်ပွဲ ရပါပြီ။
ပဲကြာဇံဟင်းချို
ပဲနီလေး ဟင်းချိုကို အရမ်းကြိုက်ပေမယ့် ပဲနီလေး ဝယ်မရလို့ မသောက်ရတာ ကြာပြီ။ တစ်လောက အမေလာတော့ ပဲနီလေးတွေ ယူလာပေးတာနဲ့ ပဲနီလေး ပဲကြာဇံဟင်းချိုကို ပြန်သောက်ရတော့တယ်။
၁။ ပဲနီလေးတွေကို ရေစင်အောင်ဆေး၊ ဂဲဖယ်ပြီး ရေစိမ်ထားပါတယ်။ ပဲကြာဇံကိုလည်း ရေစိမ်ထားပါတယ်။
၂။ အိုးထဲကို ဆီ ပါလေရုံထည့်ပြီး ဆီပူလာရင် ငရုတ်သီး အရောင်တင်မှုန့် နည်းနည်းထည့်၊ ရေစိမ်ထားတဲ့ ပဲနီလေးထည့်ပြီး မွှေ၊ ပြီးရင် ရေထည့်ပြီး ပွက်အောင် တည်ထားပါတယ်။ (ပဲကို ပြုတ်ရင် ဆားမထည့်ရပါဘူး။ ထည့်ရင် ပဲက မပွလာဘူးလို့ ပြောကြပါတယ်။)
၃။ ပဲနီလေးတွေ ပွလာပြီဆိုရင် ဆား၊ ငံပြာရည် သင့်ရုံထည့်၊ ပဲကြာဇံကို ကတ်ကြေးနဲ့ ညှပ်ပြီး ထည့်၊ မွှေ၊ ကြက်သွန်နီ ကြော်ထားတာ စားပွဲဇွန်း တစ်ဇွန်းလောက်ထည့်ပြီး ပွက်ရင် မီးပိတ်ထားလိုက်လို့ ရပါပြီ။