Monday, April 9, 2012

ငါးသေတ္တာဟင်း၊ မြင်းခွာရွက်သုပ်၊ သခွားသီး ပဲကြာဇံဟင်းချို၊ ငပိရည်နှင့် တို့စရာ


၁။ ငါးသေတ္တာဟင်းအတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကို ထည့်ချင်သလောက် ရေဆေး၊ ပါးပါးလှီးထားပါတယ်။

၂။ ဆီသင့်ရုံထည့်ထားတဲ့ ဆီအိုးတည်ပြီး ဆီကျက်ရင် ကြက်သွန်တွေကို ဆီသတ်၊ ကြက်သွန်တွေ နွမ်းရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်အောင် ဆီသတ်ပါတယ်။

၃။ ခရမ်းချဉ်သီးတွေ ရပြီဆိုရင် ငါးသေတ္တာဗူးတစ်ဗူး ဖောက်ထည့်၊ ငရုတ်သီးစိမ်းပိုင်းထားတာတွေထည့်ပြီး ခဏမွှေပါတယ်။ ဆီကျန် ရေကျန်ဟင်းချက်ချင်လို့ ရေနည်းနည်းထည့်ပြီး မွှေပါတယ်။ ဆီပြန်လာရင် မီးပိတ်ပြီး ပန်းကန်ထဲထည့် သုံးဆောင်နိုင်ပါပြီ။


မြင်းခွာရွက်သုပ်


၁။ မြင်းခွာရွက်သုပ်အတွက် မြင်းခွာရွက်တွေကို ရေစင်အောင်ဆေးပြီး ပါးပါးရိတ်ရိတ်လှီးထားပါတယ်။

၂။ ကြက်သွန်နီဥကြီး ၁လုံးကို အခွံသင်၊ ရေဆေး၊ ပါပါးလှီး၊ ရေစိမ်ပြီး ရေပြန်စစ်ထားပါတယ်။

၃။ ကြက်သွန်နီဆီချက်ကတော့ အိမ်မှာ အသင့်ရှိပြီးသားမို့ ထပ်ချက်စရာ မလိုတော့ပါဘူး။ မရှိသေးရင်တော့ ချက်ရမှာပါ။

၎။ မြေပဲမှုန့်ထည့်ဖို့မှာ အိမ်မှာ မြေပဲအသင့်မရှိတာနဲ့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်း ဥာဏ်ကောင်းတဲ့အဒေါ်က အိမ်မှာ အပျင်းပြေစားဖို့ ဝယ်ထားတဲ့ မြေပဲရယ်၊ ကြက်သွန်ဖြူရယ်၊ ငါးလေးတွေရယ် ရောကြော်ထားတဲ့ အထုပ်ကို ထောင်းထည့်လိုက် ပြီးတာပဲဆိုပြီး အထုပ်လိုက် ငရုတ်ကျီပွေ့နဲ့ ကျိတ်ပေးပါတယ်။ အိမ်မှာ ပုစွန်ခြောက်ကုန်နေတာ၊ အဲ့အထဲမှာ ငါးလေးတွေပါနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ :)

၅။ အပေါ်က အစာပလာတွေ အားလုံးကို နယ်မယ့် ဇလုံထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ရှာလကာရည် သင့်ရုံထည့်၊ သမအောင် နယ်ပြီးတဲ့အခါမှာ ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ မြင်းခွာရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ။


သခွားသီး ပဲကြာဇံဟင်းချို


၁။ အရည်သောက်ဟင်းတစ်ခွက်အတွက် အရင်ဆုံး ဟင်းရည်အိုးကို ခနောတစ်ခဲထည့်ပြီး တည်ထားပါတယ်။

၂။ ဟင်းရည်ပွက်ရင် သခွားသီးအတုံးလေးတွေထည့်ပြီး တစ်ခါထပ်ပွက်အောင် တည်ပါတယ်။

၃။ သခွားသီးလေးတွေ အရောင်ပြောင်းပြီဆိုရင် အရွယ်တော်အနေ ဖြတ်ထားပြီး၊ ရေစိမ်ထားတဲ့ ပဲကြာဇံတွေကိုထည့်၊ အရသာ အပေါ့အငံမြည်းပြီး ဟင်းရည်ပွက်ရင် မီးပိတ်လိုက်လို့ ရပါပြီ။

ငရုတ်ကောင်းမှုန့် ကြိုက်တတ်ရင် ခတ်သောက်လို့ ရပါတယ်။


ငပိရည်နှင့် တို့စရာ


ဒါလေးကတော့ ဟိုးအရင်ကတည်းက ကျိုပြီး ပုလင်းထဲထည့်၊ ရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့ ငပိရည်ကို စားမလောက်ထုတ်၊ ရေနည်းနည်းထည့်ပြီး ပွက်အောင် ပြန်ကျိုထားတာပါ။

တို့စရာအတွက်ကိုတော့ သခွားသီး အသေးလေးတွေကိုပဲ လေးစိပ်စိတ်ထားလိုက်ပါတယ်။

1 comment:

  1. ကျေးဇူးပါ..ဟင်းလေးတွေကဆန်းတယ်နော်...
    ချက်လိုက်အုံးမယ်...
    ရှမ်းစာလေးတွေတင်ပြပေးပါလား...

    ReplyDelete