Tuesday, March 15, 2011

ပဲပြားဟင်း


မနေ့က နွေးနေခြည်ရဲ့ ဖေ့စ်ဘွတ်ခ်က ပုံတွေထဲက ပဲပြားဟင်းပုံကို တွေ့တာနဲ့ ပဲပြားဟင်းစားချင်စိတ်ပေါက်လာလို့ အိမ်မှာလည်း ခရမ်းချဉ်သီးနဲ့ ပဲပြား အဆင်သင့်ရှိတာနဲ့ ချက်လိုက်ပါတယ်။

၁။ ပဲပြားကို ခပ်ပါးပါးတုံးပြီး ဆား၊ အချိုမှုန့်နယ်ထားပါတယ်။

၂။ ကြက်သွန်နီ ၁ဥ၊ ခရမ်းချဉ်သီး ၃လုံးကို ပါးပါးလှီးထားပါတယ်။

၃။ အိုးထဲကို ပဲပြားကြော်ဖို့ ဆီသင့်ရုံထည့်၊ ဆီကျက်ရင် ဆနွင်းမှုန့်ထည့်၊ ပဲပြားထည့်ပြီး အပေါ်ယံတင်းအောင် ကြော်ပါတယ်။ ရပြီဆိုရင် ပဲပြားကြော်ကို ဆယ်ပြီး ပန်းကန်တစ်လုံးထဲမှာ သတ်သတ်ဖယ်ထားပါတယ်။

၎။ ကျန်နေတဲ့ဆီတွေ သိပ်မများဘူးဆိုရင် ကြက်သွန်နီကို ဆီအရင်သတ်ပြီး ခရမ်းချဉ်သီးကို လိတ်နေအောင် ဆီသတ်ပါတယ်။ (ဆီများရင်တော့ ခပ်ပြီး ဖယ်ထားပါ။ နောက်တစ်ခါ ဟင်းချက်လို့ ထည့်သုံးချင်ရင် သုံးလို့ ရအောင်လို့ပါ။)

၅။ ခရမ်းချဉ်သီး လိတ်ပြီဆိုရင် ပဲငံပြာရည် သင့်ရုံထည့်၊ ဆားနည်းနည်းထည့်ပြီး ငရုတ်သီးစိမ်း ၅တောင့်လောက်ထည့် မွှေပါတယ်။

၆။ ခဏနေရင် ပဲပြားကြော်တွေထည့်၊ ရေနည်းနည်းထည့်ပြီး ရေခန်းအောင် ချက်ပါတယ်။ ရေခန်းလို့ ဆီပြန်ပြီဆိုရင် ပဲပြားဟင်း ရပါပြီ။

5 comments:

  1. ပဲပြားဟင်းလေးစာကောင်းမဲ့ပုံပဲ၊သတ်သတ်လွတ်စားရင်
    ချက်စားရမယ်။

    ReplyDelete
  2. ပဲပြား ခရမ်းချဉ်သီးလေးနဲ့ဆိုတော့ စားကောင်းမယ့်ပုံလေးပါ.. ပဲပြားသိပ်မစားဖြစ်ဘူး.. ကျေးဇူးနော်..

    ReplyDelete
  3. ပဲပြားပာင်းလေး လာစားပါတယ် မစနိုးရေ... ရန်ကုန်မှာ နေစဉ်ကတော့ ပဲပြားဆို သိပ် မကြိုက်ပေမယ့် ဒီဘက် ရောက်တော့ အာရှဆိုင်တွေမှာ ၀ယ်လို့ ရတော့ ရှားလို့ သိပ် ကြိုက် နေရော။

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)March 15, 2011 at 9:29 PM

    ပဲပြားကြိုက်တယ်..
    အိမ်မှာ ပဲပြားဟင်းမျိုးစုံချက်တဲ့စာအုပ်လေး တစ်အုပ် လက်ဆောင်ရထားတယ်
    ဒါပေမဲ့ ခက်တာက တရုတ်လိုရေးထားလို့ တစ်လုံးမှ မဖတ်တတ်ဘူး
    ဒီထဲက နည်းလေးတွေက ပုံတွေပြထားတာ စားချင်စရာရယ်
    နောက်တော့မှ သူများကိုမေးပြီး ချက်ပါဦးမယ်..း)
    ခုတော့ ဒီမှာဘဲ စားသွားတော့မယ်နော်

    ReplyDelete
  5. မငွေစန္ဒာ၊ မဆန်နီ၊ မရို့စ်နဲ့ မချော - ကျေးဇူးပါ။ ခုလို လာပြီး ကွန်မန့်ပေးမယ့်သူတွေရှိတာ ရေးရတာ တကယ်အားရှိစေပါတယ်။ အစ်မတို့လို ဟင်းချက်ကောင်း၊ စာရေးကောင်းသူတွေက အားပေးတော့ ပိုပျော်ရပါတယ်ရှင်။ :)

    ReplyDelete