Saturday, May 28, 2011

ရခိုင်မုန့်တီ

ဒီနေ့ မနက်စာအတွက် ပြီးခဲ့တဲ့ရက် မုန့်ဟင်းခါးချက်တုန်းက သူငယ်ချင်းဝယ်လာပေးတဲ့ မုန့်ဖတ်တွေ ရှိနေသေးတာနဲ့ အန်တီချမ်းပေးထားတဲ့ အိမ့်စည်းစိမ် ရခိုင်မုန့်တီထုပ်နဲ့ မုန့်တီချက်စားဖြစ်ပါတယ်။
၁။ မုန့်တီဟင်းရည်ကို အိမ့်စည်းစိမ် အထုပ် ၂ထုပ်ထဲက အစာတွေနဲ့ ကြက်သွန်ဖြူ ၅မြှောင့်၊ ငါးသေတ္တာငါး (ဗူးထဲက) ၃ကောင်၊ ငရုတ်ကောင်း လက်ဘက်ရည်ဇွန်း ၁ဇွန်းကို ရောပြီး ညက်အောင်ထောင်း၊ ရေသင့်ရုံထည့်ပြီး တည်ပါတယ်။

၂။ အိမ်မှာ ဆန်လှော်မှုန့်တွေ ရှိနေတာနဲ့ မုန့်ဟင်းရည်ပွက်တော့ ဆန်လှော်မှုန့်တွေကို ရေဖျော်ပြီး ထည့်လိုက်တယ်။

၃။ ပဲသီး ၅တောင့်ကို ပါးပါးလှီးထားပါတယ်။

၎။ ကြက်သွန်ဖြူ ၆တောင့်ကို ညက်အောင်ထောင်းပြီး ဆနွင်းမှုန့် အနည်းငယ်နဲ့ ဆီချက် ချက်ထားပါတယ်။

၅။ ကြက်သွန်နီ ၃ဥကို အခွံသင်၊ ပါးပါးလှီးထားပြီး မုန့်တီထဲ ထည့်စားမလောက်ကို ရေအေးစိမ်ထားပါတယ်။
၆။ ကျန်ကြက်သွန်နီတွေထဲကို ကြက်သွန်ကြော်ကြော်ဖို့ အကြော်မှုန့် ဟင်းခတ်ဇွန်း ၄ဇွန်းထဲ့ ဆား၊ အချိုမှုန့်၊ ရေ အနည်းငယ်ထည့်ပြီး သမအောင် နယ်ပြီး ဆီခပ်များများထည့်ထားတဲ့ ဆီအိုးပူပူထဲကို နယ်ထားတဲ့ ကြက်သွန်နီတွေ ဖြန့်ထည့်ပြီး တစ်ခုစီ ကြော်ပါတယ်။
၇။ ပန်းကန်ထဲကို မုန့်ဖတ်ထည့်၊ ကြက်သွန်ကြော် ညှပ်ထည့်၊ ပဲသီး၊ ကြက်သွန်စိမ်း၊ ကြက်သွန်ဖြူဆီချက်နဲ့ ငရုတ်သီးအလှော်မှုန့်ထည့်၊ မုန့်တီဟင်းရည်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Wednesday, May 25, 2011

မုန့်ဟင်းခါး

ဒီနေ့ အိမ်ကို သူငယ်ချင်းတွေ ရောက်လာလို့ ထမင်း၊ ဟင်းချက်ရင် ကြာနေမှာစိုးလို့ မြန်အောင် စံပြဒေါ်ကြည် မုန့်ဟင်းခါး ဟင်းရည်ထုပ်နဲ့ မုန့်ဟင်းခါးချက်စားလိုက်ပါတယ်။

၁။ ဟင်းရည်ချက်နည်းကို အထုပ်ပေါ်မှာ ပြထားတဲ့အတိုင်းပဲ ချက်ပြီး ကြက်ဥ ၃လုံးကို ပြုတ်ပြီး ပါးပါးလှီးထည့်၊ ကြက်သွန်ဖြူကြော်တွေ ထပ်ဖြည့်ထည့်ပါတယ်။

၂။ ပဲသီး ၅တောင့်ကို ခပ်သေးသေးညှပ်ထားပါတယ်။

၃။ မုန့်ဖတ်ကို အဆင်သင့် ဝယ်ထားတာ မရှိလို့ ရှမ်းခေါက်ဆွဲချက်တဲ့ ဆန်ခေါက်ဆွဲမျိုး အခြောက်ထုပ်ကို ရေစိမ်၊ ပြုတ်ပြီး သုံးပါတယ်။

၎။ ပန်းကန်ထဲကို မုန့်ဖတ်ထည့်၊ ဟင်းရည်ထည့်၊ ပဲသီးစိမ်းနဲ့ ငရုတ်သီး အလှော်မှုန့်ထည့်ပြီးရင် အတော်အသင့်စားကောင်းတဲ့ မုန့်ဟင်းခါးတစ်ပွဲကို သုံးဆောင်နိုင်ပါပြီ။

Monday, May 23, 2011

ကြက်ဥချဉ်ရည်ဟင်း

ဟင်းသေချာချက်မစားဖြစ်တာ ကြာပြီမို့ အရမ်းကြိုက်ပေမယ့် ချက်မစားဖြစ်တာ တော်တော်ကြာနေပြီဖြစ်တဲ့ ကြက်ဥချဉ်ရည်ဟင်းကို ဒီနေ့ ချက်ဖြစ်ပါတယ်။

၁။ ခရမ်းချဉ်သီး လေးလုံးကို အစေ့တွေဖယ်ပြီး ပါးပါးလှီးပါတယ်။ ခရမ်းချဉ်သီးအစေ့က အမျိုးသမီးတွေအတွက် အရိုးပွစေတယ်လို့ ကြားဖူးလို့ရော၊ ဟင်းစားရင် ခရမ်းချဉ်သီးအစေ့တွေကို ဝါးမိတာကို မကြိုက်လို့ပါ အမြဲဖယ်စားပါတယ်။

၂။ ကြက်သွန်နီ ဥကြီး ၂ဥကို ပါးပါးလှီးထားပါတယ်။

၃။ ငရုတ်သီးစိမ်းတွေကို မလှီးဘဲ အတောင့်လိုက် ရေဆေးထားပါတယ်။ စပ်တာ မစားချင်ရင် ဖယ်စားလို့ ရအောင်လို့။
၎။ ကြက်ဥ ၆လုံးကို ပြုတ်၊ အခွံခွာပြီး အပ်ချည်ကြိုးနဲ့ နှစ်ခြမ်း ခြမ်းထားပါတယ်။
၅။ အိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီပူရင် ကြက်သွန်နီတွေကို ခြောက်အောင် ကြော်ပါတယ်။

၆။ ကြက်သွန်နီကြော်ရရင် ငရုပ်သီး အရောင်တင်မှုန့် ဟင်းခတ်ဇွန်းနဲ့ ၁ဇွန်း၊ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးစိမ်းကိုထည့်ပြီး လိတ်အောင်ချက်ပါတယ်။

၇။ ဆား၊ အချိုမှုန့် နဲ့ ငံပြာရည် သင့်ရုံထည့်၊ မကျည်းမှည့် စားပွဲဇွန်း ၁ဇွန်းကို အရည်ဖျော်ထည့်ပါတယ်။

၈။ ဟင်းပွက်ရင် ခြမ်းထားတဲ့ ကြက်ဥတွေကို မှောက်ထည့်၊ ရေနည်းနည်းထည့်ပြီး ဆူအောင် တည်ပါတယ်။

၉။ အရသာမြည်းပြီး၊ ဟင်းက ဆီပြန်ရေကျန်လေးဖြစ်ပြီဆိုရင် ရပါပြီ။

ဟင်းထဲမှာ မကျည်းမှည့်ထည့်ချက်ထားလို့ အိုးမပေါက်အောင် ဟင်းကျက်တာနဲ့ ပန်းကန်ထဲခပ်ထည့်ထားလိုက်ပါတယ်။

ထမင်းပူပူ၊ ငါးခြောက်ထောင်းကြော်လေးနဲ့စားလို့ အရမ်းကို ကောင်းပါတယ်။

Monday, May 9, 2011

ဝက်ခေါက်သုပ်


တစ်နေ့ တစ်နေ့ ဒါတွေပဲစားနေရတယ် ထင်လို့ အပြောင်းအလဲဖြစ်အောင် တစ်ခါမှလုပ်မစားဖူးတာ စားကြည့်မယ်ဆိုပြီး ဈေးကနေ ဝက်အခေါက် (ဆေးပြီး အမျှင်လေးတွေဖြတ်ပြီးသား) တစ်ကဒ်ဝယ်လာခဲ့တယ်။ ဘယ်လို သုပ်စားရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ နောက်ဆုံးတော့ ထုံးစံအတိုင်း မြန်မာ့နည်း မြန်မာ့ဟန်လေးပဲ သုပ်လိုက်ပါတယ်။

၁။ လှီးထားပြီးသား ဝက်ခေါက်တွေကို ရေနွေးဖျောပြီး ညှပ်ထားပါတယ်။ မညှပ်ရင် အမျှင်တွေက သိပ်ရှည်နေတော့ သုပ်ရတာ အရသာ မနှံ့မှာစိုးလို့။

၂။ မုန်ညှင်းဖြူထုပ်ကို အရွက်တွေပဲယူပြီး အနေတော် ဖြတ်ထားပါတယ်။ (မုန်ညှင်းဖြူက ဂေါ်ဖီထက် စားရတာ ပိုနူးညံ့ပြီး အနံ့လည်း မနံဘူးဆိုတော့ ပိုစားကောင်းတယ်ထင်လို့ မုန်ညှင်းဖြူကိုပဲ သုံးလိုက်တာ။)

၃။ ခရမ်းချဉ်သီး တစ်လုံး၊ ငရုတ်သီးစိမ်း ၃တောင့်လောက်ကို ပါးပါးလှီးထားပါတယ်။

၎။ သံပုရာသီးတစ်လုံးကို လေးပုံ၊ သုံးပုံလောက် အရည်ညှစ်ထည့်ဖို့ အဆင်သင့် လှီးထားပါတယ်။

၅။ ပဲမှုန့်ထည့် မသုတ်ချင်လို့ လက်ဖက်နဲ့စားတဲ့ နှစ်ပြန်ကြော်ကို ညက်အောင်ထောင်းထားပါတယ်။

၆။ ထည့်မယ့် အစာပလာတွေ စုံပြီဆိုတော့ အားလုံးကို သုတ်မယ့်ဇလုံထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင်နယ်ပါတယ်။ ပြီးရင်တော့ ဟင်းပန်းကန်ထဲထည့်၊ ကြက်သွန်ဖြူကြော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Sunday, May 8, 2011

ကြက်သား ခေါက်ဆွဲပြုတ်


ပြီးခဲ့တဲ့ အပါတ်က ရန်ကုန်က ရွှေညောင်ပင် ကြက်သားသုပ်မျိုး စားချင်စိတ်ပေါက်နေလို့ အိမ်က အစ်မကို ကာဘိုင်ဆင် ကြက်သားသုပ်လုပ်ကျွေးမယ်ဆိုပြီး (တကယ်တော့ ကာဘိုင်ဆင်ဆိုတာ ဘာမှန်းမသိပါဘူး။ ကြားဖူးနားဝနဲ့ လျှောက်ပြောတာ။) ကြက်အရိုး၊ အသားတွဲလျှက်တွေ ဝယ်လာခဲ့တယ်။ ထင်ရာမြင်ရာတွေ လျှောက်လုပ်မယ်ပေါ့ဆိုပြီး...

၁။ အရင်ဆုံး ကြက်အရိုး၊ အသားတွေကို ကြက်သွန်ဖြူ ဒါးပြားရိုက်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီး ဆား၊ အချိုမှုန့်၊ ခနော အချိုခဲထည့်ပြီး ပြုတ်လိုက်တယ်။

၂။ ကြက်ဥလည်း ရေစင်အောင်ဆေးပြီး ထည့်ပြုတ်လိုက်တယ်။

၃။ ဘဲသွေးလည်းတွေ့လို့ ဒီမှာတစ်ခါမှ စမ်းမချက်စားဖူးတာကြောင့် ဘဲသွေးလေးတွေ ရေဆေးပြီး လိုချင်သလောက်အရွယ် တုံးထားလိုက်တယ်။

၎။ ကြက်သားတွေ ကျက်လောက်ပြီဆိုတော့ ဆယ်ပြီး အသားနွှင်၊ အရိုးကို ခဏ ပြန်ထည့်ပြုတ်ထားလိုက်တယ်။

၅။ ကြက်ဥကိုလည်း အခွံနွှာပြီး ပြန်ထည့်ပြုတ်ထားတယ်။ အရသာများ ဝင်မလားလို့။ ဝက်သား ဒုတ်ထိုးအိုးထဲက ဘဲဥလိုမျိုးလေ။

စိတ်ကူးတာကတော့ နောက်နေ့မှ ကုလားစာကြိုက်တတ်တဲ့သူတွေကို ဘယ်လိုလုပ်ရလဲ ဘာညာမေး၊ သူများ ဘလော့ဂ်တွေမှာ လျှောက်ရှာပြီး လုပ်မယ်။ ကြက်ပြုတ်ရည်ထဲကို ကုလားပဲမှုန့် နည်းနည်းထည့်ကျိုလိုက်ရင် ပဲရည်ကျဲကျဲရမယ်.. ကြက်သားကို ဂေါ်ဖီတို့ ဘာတို့နဲ့ တူအောင် လျှောက်လုပ်မယ်လို့ စဉ်းစားထားခဲ့တာ..။ ကြက်ပြုတ်ရည်က သိပ်မွှေးနေတော့ အစ်မကလည်း မြည်းချင်.. ကိုယ်ကလည်း မြည်းချင်တာနဲ့..။

၆။ ကြက်ရိုးတွေကို ဖယ်ပစ်လိုက်ပြီး ကြက်သား ဟင်းချက်ဇွန်းနဲ့ တစ်ဇွန်းထည့်၊ ဘဲသွေးတုံးတွေထည့်ပြီး ကြက်ပြုတ်ရည်အဖြစ် သောက်ကြည့်တော့ တော်တော်သောက်ကောင်းတယ်။ (အိမ်မှာက မြည်းရင် ဟင်းရည်သောက်ပန်းကန်လုံးလေးနဲ့ နှစ်လုံးလောက် သောက်တာကို ပြောတာ။ :D)

ဒီလိုနဲ့ပဲ စားကောင်းမကောင်း မသေချာ မရေရာတဲ့ ကာဘိုင်ဆင်ကြက်သားသုပ် လုပ်မယ့်အစား စားကောင်းမှာ သေချာတဲ့ ကြက်သား ခေါက်ဆွဲပြုတ်ပဲ လုပ်စားလိုက်တော့မယ်ဆိုပြီး..

၇။ ကြက်သားပြုတ်ရည်ကို ရေနည်းနည်းထပ်ထည့် (ညက မြည်းတာ များသွားလို့)၊ ပွက်ရင် ခေါက်ဆွဲထည့်ပြုတ်၊ ခေါက်ဆွဲကျက်တော့ ညကနွှင်ထားတဲ့ ကြက်သား စားချင်သလောက်ထည့်၊ ဘဲသွေးလေးတွေထည့်၊ ကြက်ဥပြုတ်ကို လေးစိတ်စိတ်ပြီးထည့်၊ တစ်ခါဆူအောင် ထားလိုက်ပါတယ်။

ပြီးရင်တော့ ပန်းကန်ထဲကို စားချင်သလောက်ထည့်ပြီး အားရပါးရ သုံးဆောင်လို့ရပါပြီ။

(ကြက်သား ခေါက်ဆွဲပြုတ်က အီလို့ နည်းနည်းချင်း ထည့်စားတာ ပိုအဆင်ပြေပါလိမ့်မယ်။ ကျမတို့ကတော့ စားလို့ ကုန်မယ်ထင်ပြီး ထည့်လိုက်တာ တစ်ဝက်တောင် အနိုင်နိုင် ကုန်အောင် စားရတယ်။)

Saturday, May 7, 2011

တို့ဟူးသုပ်


ပြီးခဲ့တဲ့အပါတ်က အိမ်မှာ ရန်ကုန်က စိန်ဖြိုးတံဆိပ် တိုဟူးမှုန့်ကို ကျိုပြီး သုပ်စားဖြစ်ခဲ့ပါတယ်။ သူများတွေက စိန်ဖြိုးတံဆိပ် တိုဟူးမှုန့်က ကောင်းတယ် ပြောကြလို့ ဝယ်ပြီး ကျိုကြည့်တာ တော်တော်လေး အဆင်ပြေပါတယ်။ မွှေးထက် ပိုကောင်းတယ်လို့တောင် ထင်မိတယ်။ တို့ဟူးကို အညွှန်းအတိုင်း ကျို၊ ခဲ ထားပြီး သုပ်စား၊ ကြော်စားနိုင်ပါတယ်။

ဒီရက်ပိုင်း အလုပ်တွေရှုပ်နေတာနဲ့ ပို့စ်အသစ်တွေ မရေးဖြစ်တာတောင် တော်တော်ကြာပြီ။ ဒါပေမယ့် လုပ်စားဖြစ်သမျှကိုတော့ အကုန်နီးပါး ဓါတ်ပုံရိုက်ထားပြီး ဖြည်းဖြည်းချင်း ပို့စ်တင်မယ်လို့ ရည်ရွယ်ထားပါတယ်။

တိုဟူးသုပ်လုပ်တာက အရမ်းလွယ်ပါတယ်။

၁။ ကျိုထားတဲ့ တိုဟူး၊ ဂေါ်ဖီ၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီး ထားပါ။

၂။ ပါးပါးလှီးထားတဲ့ အဆာပလာတွေကို နယ်မယ့်ဇလုံထဲထည့်ပြီး ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူကြော် သင့်ရုံထည့်၊ သံပုရာရည် သင့်ရုံညှစ်ပြီး သမအောင်နယ်ပြီးရင် ခံတွင်းမြိန်မယ့် ဟင်းတစ်ခွက်ရပါပြီ။