Saturday, May 28, 2011

ရခိုင်မုန့်တီ

ဒီနေ့ မနက်စာအတွက် ပြီးခဲ့တဲ့ရက် မုန့်ဟင်းခါးချက်တုန်းက သူငယ်ချင်းဝယ်လာပေးတဲ့ မုန့်ဖတ်တွေ ရှိနေသေးတာနဲ့ အန်တီချမ်းပေးထားတဲ့ အိမ့်စည်းစိမ် ရခိုင်မုန့်တီထုပ်နဲ့ မုန့်တီချက်စားဖြစ်ပါတယ်။
၁။ မုန့်တီဟင်းရည်ကို အိမ့်စည်းစိမ် အထုပ် ၂ထုပ်ထဲက အစာတွေနဲ့ ကြက်သွန်ဖြူ ၅မြှောင့်၊ ငါးသေတ္တာငါး (ဗူးထဲက) ၃ကောင်၊ ငရုတ်ကောင်း လက်ဘက်ရည်ဇွန်း ၁ဇွန်းကို ရောပြီး ညက်အောင်ထောင်း၊ ရေသင့်ရုံထည့်ပြီး တည်ပါတယ်။

၂။ အိမ်မှာ ဆန်လှော်မှုန့်တွေ ရှိနေတာနဲ့ မုန့်ဟင်းရည်ပွက်တော့ ဆန်လှော်မှုန့်တွေကို ရေဖျော်ပြီး ထည့်လိုက်တယ်။

၃။ ပဲသီး ၅တောင့်ကို ပါးပါးလှီးထားပါတယ်။

၎။ ကြက်သွန်ဖြူ ၆တောင့်ကို ညက်အောင်ထောင်းပြီး ဆနွင်းမှုန့် အနည်းငယ်နဲ့ ဆီချက် ချက်ထားပါတယ်။

၅။ ကြက်သွန်နီ ၃ဥကို အခွံသင်၊ ပါးပါးလှီးထားပြီး မုန့်တီထဲ ထည့်စားမလောက်ကို ရေအေးစိမ်ထားပါတယ်။
၆။ ကျန်ကြက်သွန်နီတွေထဲကို ကြက်သွန်ကြော်ကြော်ဖို့ အကြော်မှုန့် ဟင်းခတ်ဇွန်း ၄ဇွန်းထဲ့ ဆား၊ အချိုမှုန့်၊ ရေ အနည်းငယ်ထည့်ပြီး သမအောင် နယ်ပြီး ဆီခပ်များများထည့်ထားတဲ့ ဆီအိုးပူပူထဲကို နယ်ထားတဲ့ ကြက်သွန်နီတွေ ဖြန့်ထည့်ပြီး တစ်ခုစီ ကြော်ပါတယ်။
၇။ ပန်းကန်ထဲကို မုန့်ဖတ်ထည့်၊ ကြက်သွန်ကြော် ညှပ်ထည့်၊ ပဲသီး၊ ကြက်သွန်စိမ်း၊ ကြက်သွန်ဖြူဆီချက်နဲ့ ငရုတ်သီးအလှော်မှုန့်ထည့်၊ မုန့်တီဟင်းရည်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)May 28, 2011 at 3:25 AM

    စားချင်လိုက်တာ
    မုန့်တီကို ဘယ်လိုဖြစ်ဖြစ်ကြိုက်တယ်

    ReplyDelete
  2. ရခိုင်မုန့်တီ မှာအဓိကပါဝင်တဲ့ အရာများက တော့ ငါး နဲ့ ပဒဲဂေါ တို့ဖြစ်ပါတယ်။

    ReplyDelete