Sunday, May 8, 2011

ကြက်သား ခေါက်ဆွဲပြုတ်


ပြီးခဲ့တဲ့ အပါတ်က ရန်ကုန်က ရွှေညောင်ပင် ကြက်သားသုပ်မျိုး စားချင်စိတ်ပေါက်နေလို့ အိမ်က အစ်မကို ကာဘိုင်ဆင် ကြက်သားသုပ်လုပ်ကျွေးမယ်ဆိုပြီး (တကယ်တော့ ကာဘိုင်ဆင်ဆိုတာ ဘာမှန်းမသိပါဘူး။ ကြားဖူးနားဝနဲ့ လျှောက်ပြောတာ။) ကြက်အရိုး၊ အသားတွဲလျှက်တွေ ဝယ်လာခဲ့တယ်။ ထင်ရာမြင်ရာတွေ လျှောက်လုပ်မယ်ပေါ့ဆိုပြီး...

၁။ အရင်ဆုံး ကြက်အရိုး၊ အသားတွေကို ကြက်သွန်ဖြူ ဒါးပြားရိုက်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီး ဆား၊ အချိုမှုန့်၊ ခနော အချိုခဲထည့်ပြီး ပြုတ်လိုက်တယ်။

၂။ ကြက်ဥလည်း ရေစင်အောင်ဆေးပြီး ထည့်ပြုတ်လိုက်တယ်။

၃။ ဘဲသွေးလည်းတွေ့လို့ ဒီမှာတစ်ခါမှ စမ်းမချက်စားဖူးတာကြောင့် ဘဲသွေးလေးတွေ ရေဆေးပြီး လိုချင်သလောက်အရွယ် တုံးထားလိုက်တယ်။

၎။ ကြက်သားတွေ ကျက်လောက်ပြီဆိုတော့ ဆယ်ပြီး အသားနွှင်၊ အရိုးကို ခဏ ပြန်ထည့်ပြုတ်ထားလိုက်တယ်။

၅။ ကြက်ဥကိုလည်း အခွံနွှာပြီး ပြန်ထည့်ပြုတ်ထားတယ်။ အရသာများ ဝင်မလားလို့။ ဝက်သား ဒုတ်ထိုးအိုးထဲက ဘဲဥလိုမျိုးလေ။

စိတ်ကူးတာကတော့ နောက်နေ့မှ ကုလားစာကြိုက်တတ်တဲ့သူတွေကို ဘယ်လိုလုပ်ရလဲ ဘာညာမေး၊ သူများ ဘလော့ဂ်တွေမှာ လျှောက်ရှာပြီး လုပ်မယ်။ ကြက်ပြုတ်ရည်ထဲကို ကုလားပဲမှုန့် နည်းနည်းထည့်ကျိုလိုက်ရင် ပဲရည်ကျဲကျဲရမယ်.. ကြက်သားကို ဂေါ်ဖီတို့ ဘာတို့နဲ့ တူအောင် လျှောက်လုပ်မယ်လို့ စဉ်းစားထားခဲ့တာ..။ ကြက်ပြုတ်ရည်က သိပ်မွှေးနေတော့ အစ်မကလည်း မြည်းချင်.. ကိုယ်ကလည်း မြည်းချင်တာနဲ့..။

၆။ ကြက်ရိုးတွေကို ဖယ်ပစ်လိုက်ပြီး ကြက်သား ဟင်းချက်ဇွန်းနဲ့ တစ်ဇွန်းထည့်၊ ဘဲသွေးတုံးတွေထည့်ပြီး ကြက်ပြုတ်ရည်အဖြစ် သောက်ကြည့်တော့ တော်တော်သောက်ကောင်းတယ်။ (အိမ်မှာက မြည်းရင် ဟင်းရည်သောက်ပန်းကန်လုံးလေးနဲ့ နှစ်လုံးလောက် သောက်တာကို ပြောတာ။ :D)

ဒီလိုနဲ့ပဲ စားကောင်းမကောင်း မသေချာ မရေရာတဲ့ ကာဘိုင်ဆင်ကြက်သားသုပ် လုပ်မယ့်အစား စားကောင်းမှာ သေချာတဲ့ ကြက်သား ခေါက်ဆွဲပြုတ်ပဲ လုပ်စားလိုက်တော့မယ်ဆိုပြီး..

၇။ ကြက်သားပြုတ်ရည်ကို ရေနည်းနည်းထပ်ထည့် (ညက မြည်းတာ များသွားလို့)၊ ပွက်ရင် ခေါက်ဆွဲထည့်ပြုတ်၊ ခေါက်ဆွဲကျက်တော့ ညကနွှင်ထားတဲ့ ကြက်သား စားချင်သလောက်ထည့်၊ ဘဲသွေးလေးတွေထည့်၊ ကြက်ဥပြုတ်ကို လေးစိတ်စိတ်ပြီးထည့်၊ တစ်ခါဆူအောင် ထားလိုက်ပါတယ်။

ပြီးရင်တော့ ပန်းကန်ထဲကို စားချင်သလောက်ထည့်ပြီး အားရပါးရ သုံးဆောင်လို့ရပါပြီ။

(ကြက်သား ခေါက်ဆွဲပြုတ်က အီလို့ နည်းနည်းချင်း ထည့်စားတာ ပိုအဆင်ပြေပါလိမ့်မယ်။ ကျမတို့ကတော့ စားလို့ ကုန်မယ်ထင်ပြီး ထည့်လိုက်တာ တစ်ဝက်တောင် အနိုင်နိုင် ကုန်အောင် စားရတယ်။)

5 comments:

  1. သေချာတာလုပ်စားလိုက်တော့အကောင်းဆုံးပေါ့နော်
    အားပေးသွားပါတယ်

    စူးနွယ်လေး

    ReplyDelete
  2. ကာဆင်ဘိုင် ဆိုတာ ကုလားကြီး နာမည်ပါ တီကတော့သေချာကိုသိတယ်

    အဲ့ဒီ ရွှေညောင်ပင် လိုမျိုး ကြက်သားသုပ် တီတို့ကတော့ ရန်ကင်းမှာ ပဲ စားခဲ့ရတာ ငယ်ငယ်ကတည်းက

    လုပ်နည်း ကိုအန်ဒီမြင့် ဆီမှာ ထင်တယ် ညက တွေ့တယ် ရှာတွေ့ရင် လင်ခ့်လာပေးမယ်

    ReplyDelete
  3. @စူးနွယ်လေး - :). Thank you!

    @Addy Chen - ကာဆင်ဘိုင်ဆိုတဲ့လူကြီးနဲ့ လွတ်တော့ လွတ်ပါတယ်နော်..။ :D ။ နည်းလေးများတွေ့ခဲ့ရင် သနားပါရှင်။ နောက်တစ်ခါ လုပ်စားချင်လို့။

    ReplyDelete
  4. တော်ပြီအေ့ ညည်း က ငါ့ကို ဒီလိုပြောတယ် မပေးသနားတော့ဘူး ကာဆင်ဘိုင် ကိုပဲ လွမ်းနေပေတော့

    ReplyDelete
  5. http://wesheme.blogspot.com/2007/05/chicken-salad.html

    ReplyDelete