Thursday, September 2, 2010

ဘလော့ပေါ် ပြန်လည်ရောက်ရှိခြင်း

ဒီဘလော့ကို ပစ်ထားသလိုဖြစ်တာ တော်တော်ကို ကြာသွားပြီ။ ကြာဆို အိမ်မှာ ငါးမွေးကတည်းက ထင်တယ်။
အိမ်အောက်ထပ်က ထိုင်းအန်တီကြီးက သူ့ဆိုင်ကငါးတွေကို လက်ဆောင်ပေးမယ်ဆိုရာက စသွားတာပါ။

အစကတော့ ဖန်ဇလုံလေးထဲ (ဖန်ပုလင်းလုံးမဟုတ်ပါ) နှစ်ကောင်လောက် ထည့်မွေးမယ် စိတ်ကူးရာကနေ.. ဟိုက ပေးလိုက်တော့ ရွှေငါး ဆိုဒ်စုံ ၉ကောင်။ နောက် Central Shopping Mall သွားတော့ အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ ငါးလေးတွေ လှတာနဲ့ ၁၁ကောင် ထပ်ဝယ်လာခဲ့မိတယ်။ ဒီတစ်ခါဝယ်လာတဲ့ငါးက Oxygen ပေးထားမှ နေလို့ ရတယ်ဆိုလို့ Oxygenစက်ကလေးပါ ဝယ်လာလိုက်ရတယ်။ ငါးက အကောင် ၂၀ဖြစ်သွားပြီဆိုတော့ အရင် ဖန်ဇလုံလေးနဲ့ မဆန့်တော့ဘူး။ ဒါကြောင့် ရေဇလုံထဲ ခဏထည့်ထားတာ မနက်မိုးလင်းတော့ တစ်ချို့ငါးတွေက ခုန်ပြီး အပြင်မှာ ပြုတ်ကျသေနေပါရော။ အဲ့ဒါနဲ့ အလျား တစ်တောင်လောက်၊ အနံ တစ်ထွာနဲ့တစ်မိုက်လောက်ရှိတဲ့ ငါးကန်တစ်ကန် The Mall က သွားဝယ်ပြီး ထည့်ထားရတယ်။ ငါးကန်ထဲမှာ ကျောက်တုံးလေးတွေခင်းမှ လှမှာဆိုပြီး ကျောက်တုံးလေးတွေ ငါးအိတ်လောက်လည်း ဝယ်ထည့်လိုက်တယ်။ ငါးကန်က ကြီးသွားပြီ၊ ကျောက်ခဲတွေလည်းထည့်ထားတယ် ဆိုတော့ အရင်လို တစ်နိုင်တစ်ပိုင် ရေမလဲပေးနိုင်တော့ဘူး။ အဲ့ဒီ့မှာ ရေသန့်စက်ဝယ်ရပြန်ရော။ အဲ့လောက် အလုပ်ရှုပ်မယ်ဆိုတာ သိခဲ့ရင် မမွေးပါဘူးတောင် တွေးမိတယ်။

ဒီလိုနဲ့ သေတဲ့ကောင်သေ ရှင်တဲ့ကောင်ရှင်နဲ့ ၁၀ကောင်လောက်ပဲကျန်တော့တယ်။ တစ်နေ့ အိမ်အပြန် ငါးပေးတဲ့ အန်တီကြီးနဲ့တွေ့တော့ သူက ငါးတွေထပ်ယူအုံးမလားမေးတာ.. အစ်မတော်က ငါးတွေရှင်လားမေးတယ်ထင်လို့ ခေါင်းညိတ်လိုက်တာနဲ့ အထင်အမြင်တွေမှားပြီး ငါးနောက်ထပ် ၁၀ကောင်ကျော်လောက် အိမ်ရောက်လာပြန်တယ်။

တစ်နေ့တော့ အစ်မရော၊ ကိုယ်ရော ခရီးသွားမှာမို့ တစ်ပတ်လောက် တစ်ယောက်မှ အိမ်မှာ မရှိဘဲ ငါးတွေပဲ ကျန်ခဲ့မယ့်အဖြစ်နဲ့ ကြုံရော။ ထုံးစံအတိုင်း The Mall က ငါးအရောင်းဆိုင်သွား၊ ငါးတွေစားလို့ရမယ့် ရေမှော်ပင်တို့ ဘာတို့ ရှိလား သွားရှာတော့.. သူတို့ စားလို့ ရတဲ့ အပင်တော့ မရောက်လာသေးဘူး။ ကုန်သွားလို့။ ဒါပေမယ့် သူတို့အတွက် Holiday Food ဆိုတာ ရှိတယ်။ အစာခြောက်ပေါ့။ တစ်ပါတ်၊ နှစ်ပါတ်လောက် အဲဒီ အစာခြောက်ထည့်ထားပေးလို့ရတယ်ဆိုလို့ အဲ့ဒါတွေ ဝယ်လာခဲ့တယ်။ သူတို့အစာခြောက်က ကိုယ်ခရီးသွားရင်း စားဖို့ မုန့်ဖိုးထက်တောင် ဈေးကြီးသေးတယ်။ မွေးပြီးမှတော့ မထူးတော့ပါဘူးပေါ့။

ဒါနဲ့ တစ်ပါတ်လောက်နေလို့ ခရီးကပြန်ရောက်တော့ အားလုံးစုံစုံညီညီပဲ၊ တစ်ကောင်မှ မသေဘူး။ ဒါနဲ့ ဝမ်းသာသွားတာပေါ့။ ဝမ်းသာလို့မှ မဆုံးသေးဘူး.. ရောက်တဲ့ညမှာပဲ ဇာတ်လမ်းစပါလေရော။ ငါးစာတစ်ခုက ရေသန့်စက်ထဲဝင်ပြီး မှိုစွဲသွားရာက ငါးတွေပါ မှိုစွဲပြီး တစ်ကောင်ပြီးတစ်ကောင် တစ်ရက်နှစ်ရက်အတွင်း သေလိုက်တာ.. ၁၇ကောင်ကနေ ၉ကောင်ပဲ ကျန်တော့တယ်။

ငါးတစ်ကောင်သေ.. တစ်ခါရေလဲနဲ့ ဘယ်လိုမှ မနိုင်တော့တဲ့အဆုံး ရေဇလုံထဲပဲ ပြောင်းထဲ့ပြီး စောင့်ကြည့်.. တစ်ကောင်မှ ထပ်မသေတော့မှ မနေ့ညနေက သူတို့ကို သန့်ထားတဲ့ကန်ထဲ ပြန်ထဲ့ပေးလိုက်တယ်။ အစ်မနဲ့တော့ ပြောထားတယ်။ ဒီကောင်တွေ တစ်ကောင်မှ မကျန်တော့ရင်တော့ ကန်ကို အပင်ကန်ပဲ ထားတော့မယ်လို့။

ငါးမွေးရတာ ပင်ပန်းတယ်။ ရေလှယ်ရတာလည်း ပင်ပန်းတယ်။ နောက်ဆုံး သူတို့ကို အချိန်ပေးရလို့ ဘလော့ပေါ်မရောက်ဖြစ်တာကို ရှင်းပြတဲ့ ဒီပို့စ်ရေးရတာလည်း ပင်ပန်းတာပဲ။ ဘာပဲဖြစ်ဖြစ် သင်ခန်းစာတစ်ခု အသစ်ရတာပေါ့နော..။ :)

ပျော်ရွှင်ကြပါစေ။

No comments:

Post a Comment