Wednesday, April 6, 2011

အီတလီခေါက်ဆွဲ (သို့) Spaghetti



ရန်ကုန်က စားစရာတွေ အများကြီး ရောက်နေတာရယ်၊ ညီမတစ်ယောက် ရောက်နေလို့ အပြင်ထွက်တာများပြီး အပြင်မှာ အစားများနေတာရယ်ကြောင့် အိမ်မှာ ဟင်းသိပ်မချက်ဖြစ်တာတောင် ကြာပြီ။ ချက်စားဖြစ်ရင်လည်း ကိုယ်တိုင်ချက်တာမဟုတ်ဘဲ ညီမကပဲ ချက်နေတာမို့ သူ့ချက်နည်းက အဆန်းဖြစ်နေတာကြောင့် ပို့စ်မတင်ဖြစ်တော့ဘူး။

ဒီနေ့တော့ အိမ်မှာ ညီမက ချက်ပေးလို့ Spaghetti စားဖြစ်ကြပါတယ်။ ဒီတစ်ခါတော့ သူ့ကို ချက်နည်းမေးပြီး ပုံလေးနဲ့တွဲပြီး တင်လိုက်ပါတယ်။

၁။ ကြက်သားကို တောက်တောက်စင်း၊ မှိုကို သေးသေးလေးတွေ လှီး၊ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါတယ်။

၂။ ဟင်းအိုးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါတယ်။ (သူများတွေက သံလွင်ဆီထည့်ကြပါတယ်။ အိမ်မှာတော့ ဆန်ဆီပဲ ရှိလို့ ရှိတာလေးပဲ ထည့်လိုက်ပါတယ်။) ကြက်သွန်ဖြူလေးတွေ နည်းနည်းညိုလာရင် ကြက်သားနဲ့ မှိုထည့်၊ ငရုတ်ကောင်း၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ကျက်အောင် ဆီသတ်ပါ။

၃။ အသားတွေ၊ မှိုတွေကျက်ပြီဆိုရင် သံဗူးခရမ်းချဉ်သီးဆော့စ်ထည့်ပြီး နည်းနည်းခြောက်အောင် မွှေပါတယ်။ ကိုယ့်ဘာသာကိုယ် ချက်တဲ့ ခရမ်းချဉ်သီး အနှစ်ထည့်လည်း ရပါတယ်။ ကျမကတော့ မလုပ်ဖူးပါ။ လုပ်လည်း မလုပ်တတ်သေးပါဘူး။

၎။ ပြီးရင် Spaghetti ဆော့စ် တစ်ပုလင်းလုံးထည့်ပြီး ဆက်မွှေပါ။ လိုချင်တဲ့ အပျစ်အကျဲအလိုက် ဆော့စ်ကို ပြုပြင်ပါတယ်။ ဆော့စ်ရပြီဆိုရင် ငရုတ်သီးစိမ်းလေး သင့်ရုံကို ဗိုက်ဖောက်ထည့်ပြီး ပူစီနံကြိုက်တတ်ရင် နောက်ဆုံးမှာ ပူစီနံရွက်လေးတွေ အုပ်ပြီး မီးပိတ်လို့ ရပါပြီ။ အေးပြီဆိုရင် ပိုနေတဲ့ အနှစ်တွေကို ဗူးလေးနဲ့ ခပ်ပြီး နောင်စားချင်ရင် နွှေးစားဖို့ သိမ်းထားလို့ရပါတယ်။

၅။ Spaghetti ခေါက်ဆွဲကိုတော့ အသေးဆုံးလေးတွေပဲ သုံးပါတယ်။ အဲဒါလေးတွေနဲ့ စားရတာ ပိုအရသာရှိတယ် ထင်လို့။

၆။ စားချင်သလောက် ခေါက်ဆွဲထဲကို ဆော့စ်သင့်ရုံထည့်ပြီး သမအောင်နယ်ပြီးတဲ့အခါ အင်မတန်စားကောင်းတဲ့ Spaghetti ကို စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီရှင်။

3 comments:

  1. ခဏခဏ ချက်စားဖြစ်တယ်....အရမ်းကောင်း သလို အရသာလဲ ရှိ လွယ်လဲလွယ်လို့...လေမမ...အခုတောင် စားချင်လာပြိ..:P

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)April 6, 2011 at 7:08 PM

    ချိစ်လေးပါ ထည့်လိုက်ရင် အီဆိမ့်ပြီး စားလို့ပိုကောင်းတယ်။
    သူငယ်ချင်းဝယ်ပို့ပေးလို့ အရင်ကတော့ မကြာခန လုပ်စားဖြစ်တယ်
    ခုတော့ မစားတာကြာပြီ
    ပုံလေးမြင်တော့ စားချင်စိတ် တဖွားဖွားပေါ်လာတယ်

    ReplyDelete
  3. @Ma Angel: စားချင်သလောက် စားသွားပါရှင်..။ =)

    @Ma Chaw: နောက်ဆို ချိစ်လေးထည့်ပြီး စမ်းချက်ကြည့်ဦးမယ် အစ်မ။ ဒါက အိမ်မှာ ပထမဆုံးချက်စားဖူးတာဆိုတော့ ဘယ်လိုလုပ်ရလဲ သိပ်မသိသေးဘူး။ စာတွေလိုက်ဖတ်ပြီး ချက်နည်းတွေ လိုက်မှတ်ရဦးမယ်။ :)

    ReplyDelete