Tuesday, March 4, 2014

ခရမ်းချဉ်သီး ပုဇွန်ခြောက်ချက်


အိမ်မှာ အိမ်ရှင်မဖြစ်တဲ့ မေမေ ၃လလောက် မရှိတာနဲ့ ဟင်းချက်စရာတွေကို သတိထားပြီး ရှင်းမယ့်သူ မရှိတော့ ပစ်လိုက်ရတာတွေ မနည်းဘူး။ အခုလည်း ပုဇွန်ခြောက်တွေက နည်းနည်း တစ်မျိုးဖြစ်နေတာရယ်၊ ခရမ်းချဉ်သီးတွေ ဝယ်ထားတာ များနေတာရယ်ကြောင့် ခရမ်းချဉ်သီး ပုဇွန်ခြောက်ချက် ချက်ဖြစ်သွားပါတယ်။ မရမ်းသီးစိမ်းတွေ ၆လုံးလောက် ကျန်နေတာပါ လက်ကျန်ရှင်းတမ်းအနေနဲ့ ထည့်ချက်လိုက်ပါတယ်။

- ကြက်သွန်နီ ၄လုံး

- မရမ်းသီးစိမ်း ၆လုံး

- ခရမ်းချဉ်သီး ၈လုံး

- ပုဇွန်ခြောက် ဟင်းရည်သောက်ပန်းကန် ၁လုံးစာ

အထက်ပါ ဟင်းချက်စရာ အမယ်၎မျိုးကို တစ်မျိုးစီ သတ်သတ်ကြိတ်ထားပါတယ်။


- နံနံပင် ၁စည်း
(ရေဆေးပြီး လိုချင်တဲ့အနေ ပိုင်းဖြတ်ထားပါတယ်။)

ချက်မယ့် ဟင်းအိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီကျက်ရင် ကြက်သွန်နီထည့် ဆီသတ်ပါတယ်။ ပြီးရင် ပုဇွန်ခြောက်၊ မရမ်းသီးနဲ့ ခရမ်းချဉ်သီးတွေ အစဉ်အတိုင်းထည့်ပြီး မပြတ်မွှေပေးနေရပါတယ်။ ငရုတ်သီးအရောင်တင်မှုန့် ဟင်းခတ်ဇွန်း ၂ဇွန်းထည့်ပြီး ဆက်မွှေပါတယ်။ (ကြက်သွန်နီ ဆီသတ်တဲ့အချိန်မှာ ထည့်ရင် မွှန်မှာစိုးလို့ နောက်ဆုံးမှ ထည့်တာပါ။) အရသာအတွက် ကြက်သားမှုန့်နဲ့ ငံပြာရည်ထည့်ပါတယ်။

ဟင်းကျက်လို့ ဆီပြန်လာတဲ့အခါမှာ မီးပိတ်ပြီး ပန်းကန်လုံး ၁လုံးစာချန်၊ ကျန်တာတွေ နောက်ရက်တွေ စားဖို့ သတ်သတ်ခပ်ထားပါတယ်။



ပန်းကန်လုံး ၁လုံးစာ ခရမ်းချဉ်သီး ပုဇွန်ခြောက်ချက်ထဲ ရေအနည်းငယ်ထည့်ပြီး ပြန်တည်ပါတယ်။ ပွက်ရင် နံနံပင် ပိုင်းထားတာတွေထည့်၊ ရောမွှေပြီး ဆီပြန်လာရင် ရပါပြီ။

ဒီဟင်းမှာ ငပိမသုံးဘဲ ငံပြာရည်ပဲ သုံးထားတော့ အရသာက ပေါ့နေတာနဲ့ ချက်ပြီးတော့မှ ငပိထည့်ပြီး ပြန်ချက်ရပါဦးမယ်။ ဟင်းက လက်တွေ့ချက်ရင်းနဲ့မှ လိုတာ၊ ပိုတာ သင်နေရတယ်။ =)

4 comments:

  1. ဟေးး ဒီရက်ပိုင်းမှာ ဟင်းမချက်စားဖြစ်ဘူးလားကွ။

    ReplyDelete
    Replies
    1. ချက်တော့ ချက်ဖြစ်ပါတယ်.. မတင်ဖြစ်ဘူး ဖြစ်နေတာ.. ဘယ်သူမှ မဖတ်ဘူးထင်လို့ မရေးလိုက်၊ ရေးလိုက် ဖြစ်နေတာ..။ =D

      Delete
  2. ရေးပါ ဟင်းလေးတွေက စားချင်စရာမို့ လာလာဖတ်ပါတယ် သားရေကျပြီး ပြန်သွားပါတယ်

    ReplyDelete