Thursday, September 2, 2010
ခရမ်းချဉ်သီး ငပိချက်
ခရမ်းချဉ်သီးတွေ ဝယ်ထားပြီး မချက်ဖြစ်တာ တစ်ပါတ်လောက်ရှိပြီဆို ချက်မှဖြစ်တော့မယ်ဆိုပြီး ခရမ်းချဉ်သီး ငပိချက် ချက်လိုက်ပါတယ်။ ခရမ်းချဉ်သီး ငပိချက် ချက်ထားရင် အသားနဲ့ပဲ ရောချက်ချက်၊ ဘဲဥချဉ်ဟင်းပဲချက်ချက်၊ သူ့အတိုင်းပဲစားစား အဆင်ပြေတယ်လေ။
၁။ အရင်ဆုံး ခရမ်းချဉ်သီးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။
၂၊ ကြက်သွန်နီးကို အခွံခွာ၊ ပါးပါးလှီးထားပါတယ်။
၃။ ဆီအိုးတည်ပြီး ကြက်သွန်နီကို ကျက်အောင် ဆီသတ်ပါ။ ကျက်ရင် ငရုတ်သီး အရောင်တင်မှုန့်ထည့် မွှေ၊ ပြီးရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်အောင် ချက်ပါ။ ငပိ သင့်ရုံထည့်ပါ။ ကျမကတော့ ခရမ်းချဉ်သီး အရွယ်တော် ၈လုံး၊ ကြက်သွန်နီ ၃ဥအတွက် ငပိကို ဟင်းခတ်ဇွန်း၂ဇွန်းစာလောက် ထည့်ပါတယ်။ ဆား၊ အချိုမှုန့်သင့်ရုံထည့်ပါ။ ငပိပျော်ပြီး ခရမ်းချဉ်သီး အခွံတွေ လိပ်သွားပြီဆိုရင် အရသာ အပေါ့၊ အငံမြည်းပြီး မီးပိတ်လို့ရပါပြီ။
ဝက်နံရိုး တို့ဖူးနွေး
ဝက်နံရိုးက တစ်မြှောင်းလုံးဝယ်ထားတော့ မကုန်သေးဘူး။ ဒါနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီရောထောင်း၊ ဝက်နံရိုးကို ကြက်သားမှုန့်၊ ပဲငံပြာရည်နဲ့ ရောနယ်၊ ထမင်းပေါင်းအိုးထဲ အားလုံးရောထည့်၊ ရေဖန်ခွက်တစ်လုံးလောက်ထည့်၊ ဆီသင့်ရုံထည့်ပြီး ချက်လိုက်တယ်။ ထမင်းအိုးက အသံမြည်လာရင် ဖွင့်ကြည့်ပြီး မွှေပေးပါ။ အကျက်ညီအောင်လို့နဲ့ မကပ်သွားအောင်လို့။ ဝက်နံရိုး နူးပြီးဆိုရင် မီးပိတ်ထားလို့ ရပါပြီ။
ညနေ အလုပ်က ပြန်ရောက်လာပြီဆိုရင် ဗိုက်ကဆာနေပြီဆိုတော့ ခေါက်ဆွဲပြုတ်ဖို့ အချိန်သိပ်မပေးချင်တော့ဘူး။ ဒါနဲ့ Ready made ခေါက်ဆွဲထုပ်က ခေါက်ဆွဲကိုပဲ ပြုတ်ပြီး ဆယ်ထားလိုက်တယ်။
ပဲစိမ်းမှုန့်ကို ခေါက်ဆွဲမပြုတ်ခင်ကတည်းက ရေစိမ်ထားလိုက်တယ်။ ခေါက်ဆွဲပြုတ်ပြီးတာနဲ့ ပဲစိမ်းရည်တွေကို အိုးထဲထည့်ပြီး ဆက်တိုက်မွှေပြီး ကျိုလိုက်တယ်။ ဆား၊ အချိုမှုန့်သင့်ရုံ တစ်ခါတည်း ထည့်ထားလိုက်တယ်။ တို့ဟူးရည် ခပ်ပျစ်ပျစ်အနေရပြီဆိုရင် မီးပိတ်လို့ရပြီ။
ခေါက်ဆွဲပန်းကန်ထဲ တို့ဟူးရည် ကြိုက်သလောက်ထည့်၊ ဝက်နံရိုးချက်ထားတာထည့်၊ ပဲငံပြာရည် အနည်းငယ်ထည့်ပြီး သုံးဆောင်လို့ရပါပြီ။
အသင့်ရှိရင်.. ကြိုက်တတ်ရင်.. မုန်ညှင်းချဉ်နဲ့ ငရုတ်သီးကြော်ပါထည့်စားနိုင်ပါတယ်။
ဝက်နံရိုး ခေါက်ဆွဲပြုတ်
အရှေ့ကပို့စ်မှာ ရေးထားသလိုပဲ ဒီတစ်လောတော့ တစ်ယောက်ထဲမို့ ဟင်းသေချာချက်ဖြစ်မှာ မဟုတ်ဘူး ထင်တယ်။ သူငယ်ချင်းတွေ လာလည်ရင်တော့ ချက်ကျွေးဖြစ်တာတွေကို တင်ပါမယ်။
ဒီတစ်ခါလည်း လွယ်အောင် ခေါက်ဆွဲပြုတ်ပဲ လုပ်စားလိုက်တယ်။ ဒါပေမယ့် Ready made ခေါက်ဆွဲပြုတ်ကို ဒီအတိုင်းသတ်သတ်မစားချင်လို့ အိမ်မှာရှိတာလေးတွေ ထည့်ပြီး လုပ်လိုက်ပါတယ်။
အရင်ဆုံး ဝက်နံရိုးကို ကြက်သားမှုန့်၊ ပဲငံပြာရည်နဲ့ ရောနယ်ထားလိုက်တယ်။
ကညွတ် (Esparagus)ကို ဆီပူအိုးထဲထည့်၊ ဆားလေးနည်းနည်းထည့်ပြီး လှိမ့်လိုက်တယ်။ ကျက်ရင် ဆယ်ပြီး ကျန်တဲ့ဆီနဲ့ ဝက်နံရိုးထည့်ကြော်လိုက်တယ်။
ဝက်နံရိုးကျက်တော့ ဆယ်ယူပြီး အိုးထဲကို ရေထည့်၊ ပွက်တော့ ခေါက်ဆွဲထည့်ပြုတ်၊ ခေါက်ဆွဲကျက်ရင် ဆယ်ပြီး ပြုတ်ထားတဲ့ရေတွေသွန်လိုက်ပါတယ်။ Chemical တွေများ သက်သာမလားလို့။
ပြီးရင် ခေါက်ဆွဲပြုတ်အတွက် ဟင်းရည်အိုးတည်ပါတယ်။ ခေါက်ဆွဲထုပ်မှာပါတဲ့ အစာပလာတွေထည့်၊ ဝက်နံရိုးထည့်ပြုတ်၊ ပွက်တော့ ခေါက်ဆွဲထည့်၊ ကညွတ်ထည့်ပြီး မီးပိတ်လိုက်ပါတယ်။
ခေါက်ဆွဲပြုတ် တစ်ပန်းကန်ရပါပြီ။
ဝက်သား ကြာဇံကြော်
အစ်မတော် မြန်မာပြည်ပြန်လို့ အိမ်မှာ တစ်ယောက်ထဲဆိုတော့ အရင်လို ထွေထွေထူးထူး မချက်နေတော့ဘဲ လွယ်ကူရာ လွယ်ကူကြောင်း ကြာဇံပဲ ကြော်စားလိုက်တယ်။
ကျမကြာဇံကြော်ရင် အိမ်ကလူတွေကလွဲလို့ သူများတွေက သိပ်မကြိုက်ကြဘူး။ ဆီသိပ်မပါလို့။ အိမ်မှာက တစ်အိမ်လုံး ဆီသိပ်မကြိုက်လို့ ဘာပဲချက်ချက် ဆီကို လိုတာထက် ပိုမထည့်ဖြစ်ဘူး။
ဒီကြာဇံကြော်က အလွယ်ကြော်ထားတာဆိုတော့ လုပ်ရတာ အင်မတန်မြန်ပါတယ်။
ပဲတောင့်ရှည် - ပါးပါးလှီး၊ ဝက်သား - ခပ်သေးသေးပါးပါးလှီး၊ ကြက်ဥတစ်လုံး ခေါက်ထား၊ ကြက်သားမှုန့်ထည့်ပြီး အားလုံးရောမွှေထားပါတယ်။
ကြာဇံကို ကြော်မလောက်ယူပြီး ရေစိမ်ထားပါ။
ဆီအိုးတည်ပြီး ဆီပူလာရင် အရသာထည့်ပြီး ရောမွှေထားတဲ့ ပဲသီး၊ ဝက်သားနဲ့ ကြက်ဥကို ထည့်ကြော်ပါ။ ကျက်ရင် ကြာဇံထည့်၊ ပဲငံပြာရည် သင့်ရုံထည့်ပြီး သမအောင်မွှေပါ။ ကြာဇံကျက်ရင် မီးပိတ်၊ အဖုံးအုပ်ထားလိုက်ပါ။
စားဖို့ အဆင်သင့် ကြာဇံကြော်တစ်အိုး ရပါပြီ။
ဘလော့ပေါ် ပြန်လည်ရောက်ရှိခြင်း
ဒီဘလော့ကို ပစ်ထားသလိုဖြစ်တာ တော်တော်ကို ကြာသွားပြီ။ ကြာဆို အိမ်မှာ ငါးမွေးကတည်းက ထင်တယ်။
အိမ်အောက်ထပ်က ထိုင်းအန်တီကြီးက သူ့ဆိုင်ကငါးတွေကို လက်ဆောင်ပေးမယ်ဆိုရာက စသွားတာပါ။
အစကတော့ ဖန်ဇလုံလေးထဲ (ဖန်ပုလင်းလုံးမဟုတ်ပါ) နှစ်ကောင်လောက် ထည့်မွေးမယ် စိတ်ကူးရာကနေ.. ဟိုက ပေးလိုက်တော့ ရွှေငါး ဆိုဒ်စုံ ၉ကောင်။ နောက် Central Shopping Mall သွားတော့ အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ ငါးလေးတွေ လှတာနဲ့ ၁၁ကောင် ထပ်ဝယ်လာခဲ့မိတယ်။ ဒီတစ်ခါဝယ်လာတဲ့ငါးက Oxygen ပေးထားမှ နေလို့ ရတယ်ဆိုလို့ Oxygenစက်ကလေးပါ ဝယ်လာလိုက်ရတယ်။ ငါးက အကောင် ၂၀ဖြစ်သွားပြီဆိုတော့ အရင် ဖန်ဇလုံလေးနဲ့ မဆန့်တော့ဘူး။ ဒါကြောင့် ရေဇလုံထဲ ခဏထည့်ထားတာ မနက်မိုးလင်းတော့ တစ်ချို့ငါးတွေက ခုန်ပြီး အပြင်မှာ ပြုတ်ကျသေနေပါရော။ အဲ့ဒါနဲ့ အလျား တစ်တောင်လောက်၊ အနံ တစ်ထွာနဲ့တစ်မိုက်လောက်ရှိတဲ့ ငါးကန်တစ်ကန် The Mall က သွားဝယ်ပြီး ထည့်ထားရတယ်။ ငါးကန်ထဲမှာ ကျောက်တုံးလေးတွေခင်းမှ လှမှာဆိုပြီး ကျောက်တုံးလေးတွေ ငါးအိတ်လောက်လည်း ဝယ်ထည့်လိုက်တယ်။ ငါးကန်က ကြီးသွားပြီ၊ ကျောက်ခဲတွေလည်းထည့်ထားတယ် ဆိုတော့ အရင်လို တစ်နိုင်တစ်ပိုင် ရေမလဲပေးနိုင်တော့ဘူး။ အဲ့ဒီ့မှာ ရေသန့်စက်ဝယ်ရပြန်ရော။ အဲ့လောက် အလုပ်ရှုပ်မယ်ဆိုတာ သိခဲ့ရင် မမွေးပါဘူးတောင် တွေးမိတယ်။
ဒီလိုနဲ့ သေတဲ့ကောင်သေ ရှင်တဲ့ကောင်ရှင်နဲ့ ၁၀ကောင်လောက်ပဲကျန်တော့တယ်။ တစ်နေ့ အိမ်အပြန် ငါးပေးတဲ့ အန်တီကြီးနဲ့တွေ့တော့ သူက ငါးတွေထပ်ယူအုံးမလားမေးတာ.. အစ်မတော်က ငါးတွေရှင်လားမေးတယ်ထင်လို့ ခေါင်းညိတ်လိုက်တာနဲ့ အထင်အမြင်တွေမှားပြီး ငါးနောက်ထပ် ၁၀ကောင်ကျော်လောက် အိမ်ရောက်လာပြန်တယ်။
တစ်နေ့တော့ အစ်မရော၊ ကိုယ်ရော ခရီးသွားမှာမို့ တစ်ပတ်လောက် တစ်ယောက်မှ အိမ်မှာ မရှိဘဲ ငါးတွေပဲ ကျန်ခဲ့မယ့်အဖြစ်နဲ့ ကြုံရော။ ထုံးစံအတိုင်း The Mall က ငါးအရောင်းဆိုင်သွား၊ ငါးတွေစားလို့ရမယ့် ရေမှော်ပင်တို့ ဘာတို့ ရှိလား သွားရှာတော့.. သူတို့ စားလို့ ရတဲ့ အပင်တော့ မရောက်လာသေးဘူး။ ကုန်သွားလို့။ ဒါပေမယ့် သူတို့အတွက် Holiday Food ဆိုတာ ရှိတယ်။ အစာခြောက်ပေါ့။ တစ်ပါတ်၊ နှစ်ပါတ်လောက် အဲဒီ အစာခြောက်ထည့်ထားပေးလို့ရတယ်ဆိုလို့ အဲ့ဒါတွေ ဝယ်လာခဲ့တယ်။ သူတို့အစာခြောက်က ကိုယ်ခရီးသွားရင်း စားဖို့ မုန့်ဖိုးထက်တောင် ဈေးကြီးသေးတယ်။ မွေးပြီးမှတော့ မထူးတော့ပါဘူးပေါ့။
ဒါနဲ့ တစ်ပါတ်လောက်နေလို့ ခရီးကပြန်ရောက်တော့ အားလုံးစုံစုံညီညီပဲ၊ တစ်ကောင်မှ မသေဘူး။ ဒါနဲ့ ဝမ်းသာသွားတာပေါ့။ ဝမ်းသာလို့မှ မဆုံးသေးဘူး.. ရောက်တဲ့ညမှာပဲ ဇာတ်လမ်းစပါလေရော။ ငါးစာတစ်ခုက ရေသန့်စက်ထဲဝင်ပြီး မှိုစွဲသွားရာက ငါးတွေပါ မှိုစွဲပြီး တစ်ကောင်ပြီးတစ်ကောင် တစ်ရက်နှစ်ရက်အတွင်း သေလိုက်တာ.. ၁၇ကောင်ကနေ ၉ကောင်ပဲ ကျန်တော့တယ်။
ငါးတစ်ကောင်သေ.. တစ်ခါရေလဲနဲ့ ဘယ်လိုမှ မနိုင်တော့တဲ့အဆုံး ရေဇလုံထဲပဲ ပြောင်းထဲ့ပြီး စောင့်ကြည့်.. တစ်ကောင်မှ ထပ်မသေတော့မှ မနေ့ညနေက သူတို့ကို သန့်ထားတဲ့ကန်ထဲ ပြန်ထဲ့ပေးလိုက်တယ်။ အစ်မနဲ့တော့ ပြောထားတယ်။ ဒီကောင်တွေ တစ်ကောင်မှ မကျန်တော့ရင်တော့ ကန်ကို အပင်ကန်ပဲ ထားတော့မယ်လို့။
ငါးမွေးရတာ ပင်ပန်းတယ်။ ရေလှယ်ရတာလည်း ပင်ပန်းတယ်။ နောက်ဆုံး သူတို့ကို အချိန်ပေးရလို့ ဘလော့ပေါ်မရောက်ဖြစ်တာကို ရှင်းပြတဲ့ ဒီပို့စ်ရေးရတာလည်း ပင်ပန်းတာပဲ။ ဘာပဲဖြစ်ဖြစ် သင်ခန်းစာတစ်ခု အသစ်ရတာပေါ့နော..။ :)
ပျော်ရွှင်ကြပါစေ။