Thursday, June 3, 2010
ဝက်နံရိုးဆန်ပြုတ်
တစ်ခါတုန်းက ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက် ကွန်ပျူတာသင်တန်းကျောင်းတစ်ခုမှာ ဆရာမအဖြစ် အတူတူ အလုပ်လုပ်ရင်း အလွန်ခင်မင်ရင်းနှီးခဲ့ကြပါတယ်။
သူတို့နှစ်ယောက်က အကြိုက်လည်းတူပြီး တရုတ်ကားဇာတ်လမ်းတွဲတစ်ခုကို အရူးအမူး အသည်းအသန်ကြိုက်တာ ဘယ်လောက်တောင်ဆိုးသလဲဆို.. မိုးထဲလေထဲ မလျှော့သောဇွဲနဲ့ အခွေငှားခြင်း၊ အပ်ခြင်းအမှုကို မှန်မှန်ကြီးပြုပြီး တစ်ယောက်ကဖျား၊ တစ်ယောက်က ဆေးရုံရောက်တဲ့အထိကို ဖြစ်ပါလေရော။
ဖျားတဲ့ တစ်ယောက် အဖျားပျောက်တော့ ဆေးရုံရောက်နေတဲ့ သူငယ်ချင်းကို သွားကြည့်ရင်း နောက်နေ့ သူ့အတွက် ဆန်ပြုတ်ပြုတ်ယူသွားပေးတယ်။ ဆန်ပြုတ်က တော်တော်မွှေးပြီး သောက်ကောင်းတော့ သူက တော်တော်ကြိုက်တယ်။ အဲ့ဒါနဲ့ ဟိုနေ့က စကားပြောဖြစ်ကြရင်း ဆန်ပြုတ်သောက်ချင်တယ်ပြောလို့ နောက်နေ့မှာ အိမ်မှာ ရှိတာနဲ့ ပြုတ်လိုက်တာ.. ရုပ်ပျက်ဆင်းပျက် ဆန်ပြုတ်တစ်ခွက်ဖြစ်သွားတာနဲ့ မတင်သေးဘဲ ကောင်းကောင်းမွန်မွန်ချက်ပြီးမှ တင်မယ်လုပ်လိုက်တာ.. အခုဆို တစ်လလောက်တောင် ရှိတော့မယ်။ အခုတော့ တကယ်ကြီးကို ချက်ပြီး တင်လိုက်ပါပြီ။ ကိုယ်တိုင်ချက်တာတော့ မဟုတ်ပါဘူး။ အစ်မတော် ရန်ကုန်က လာလည်တုန်း ချက်ပေးတာ။ ချက်နည်းကတော့ ကိုယ်တိုင် တစ်ဆင့်ချင်း သေချာပြောထားတာမို့ ကိုယ်တိုင်ချက်သလိုပါပဲ။ ငဆုရေ.. စိတ်မဆိုးနဲ့နော်..။
အရင်ဆုံး ရေကို ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာနဲ့ ဆူအောင် ပြုတ်ပါတယ်။ ဂျင်းရှိရင် ပါးပါးလှီး၊ ထည့်ပြုတ်ရင် ပိုကောင်းပါတယ်။ အိမ်မှာတော့ ဂျင်းမရှိလို့ မထည့်ဖြစ်ပါ။
ဝက်နံရိုးကို ပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ပြီး နူးနေအောင်ပြုတ်ပါ။
ဆန်ကို ရေများများနဲ့ ထမင်းပေါင်းအိုးထဲထည့်ပြီး ဆန်လုံးကွဲအောင် ပြုတ်ထားပါ။
ဆီအိုးတည်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပြီးရင် ဝက်နံရိုးပြုတ် ထည့်ပါ။ ငံပြာရည်အကြည် ဟင်းချက်ဇွန်းနဲ့ တစ်ဇွန်းထည့်ပါ။ ငံပြာရည်ထည့်ပြီးတာနဲ့ ဆန်ပြုတ်ရည်ထည့်၊ သမအောင်မွှေပြီး ပွက်ရင် မီးပိတ်ထားလို့ ရပါပြီ။
ငံပြာရည်နဲ့ ကြက်သွန်ဖြူ+အသား ဆီသတ်ထားတာနဲ့ တွေ့တဲ့အခါ အလွန်မွှေးသွားပါတယ်။
ငရုတ်ကောင်းကြိုက်တတ်ရင် စားခါနီး ဖြူးစားပါ။ အစာအိမ်သမားတွေအတွက်တော့ မထည့်တာ ကောင်းပါတယ်။
အင်ဥဟင်း
ချစ်သူငယ်ချင်းကြီး ငဆု တောင်းဆိုထားတဲ့ ဆန်ပြုတ် မတင်ရမခြင်း တစ်ခြားဘာမှ မတင်သေးဘူးလို့ ဆုံးဖြတ်ထားတဲ့အတွက် ဆန်ပြုတ်ပြုတ်ပြီးမှ ကျန်တာတွေကို ဆက်တင်ဖြစ်ပါမယ်။
ဒါကတော့ အိမ်က အစ်မတော် ချက်ကြွေးတဲ့ အင်မတန်အရသာရှိတဲ့ အင်ဥဟင်း၊ ချက်နည်းလည်း သူကိုယ်တိုင်ရေးပေးထားတာမို့ တင်လိုက်ပါတယ်။
----------------------------------------------------------------------------------
ဒီမှာနေလာတဲ့ သုံးနှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် အင်ဥကို တွေ့ တာပါပဲ။
အိမ်မှာ အင်ဥချက်ရင် အမေက ဘယ်တော့မှ မချက်ခိုင်းချင်ဘူး။ တစ်ပိဿာ ချက်ရင် ငါးဆယ်သားတောင် အနိုင်နိုင်ကျန်တတ်လို့ပါ။ ချက်ရင်းနဲ့ မြည်းတယ်ဆိုပြီး စား စား ပစ်လိုက်လို့ ။
ဟင်းမြည်း ချင်လို့ သာချက်ချင်တာ။ အင်ဥကိုတော့လုံးဝမဆေးချင်ဘူး။ တစ်လုံးချင်းဆေးရတာ တော်တော်မသက်သာတဲ့အလုပ်။ အဲဒီ တစ်လုံးချင်းကို လေးခါလောက်ဆေးမှ တော်ရုံကျတာ။ မဟုတ်ရင် သဲတရှပ်ရှပ်နဲ့ လုံးဝစားလို့မကောင်းဘူး။
ပြီးရင် ပါးပါးလှီးရသေးတယ်။ အထဲမှာ အနှစ်က အဖြူရောင် နဲ့  အမဲရောင် နှစ်မျိုးရှိတယ်။
တခါသား အဖွားက ဟင်းကူပြီးချက်ပေးမယ်ဆိုပြီး မီးဖိုထဲဝင်လာရော။ အင်ဥလှီးနေတာလဲတွေ့ရော ကျွန်မကို ဟဲ့ မကောင်းတဲ့အမဲတွေကို ဘာလို့ ထည့်လှီးနေတာလဲတဲ့။ သူအင်ဥကို မသိတာ တော်တော်လေးအံ့သြသွားမိတယ်။ အဖွားက မော်လမြိုင်လဲ မော်လမြိုင်သူ ၊ ဟင်းချက်လဲအရမ်းကောင်းတဲ့သူလေ။ အင်းလေ မော်လမြိုင်မှာ အင်ဥမရှိလို့နေမှာပေါ့။
သီး သီး တုန်းကလဲတခါ အသီးခွဲကြည့်တော့ အထဲမှာ မဲကုန်ဘီဆိုပီး လွှင့်ပစ်တာလေ။ သီး သီး အရမ်းကြိုက်တဲ့ ကျွန်မ တော်တော်ငိုချင်သွားတယ်။
အင်ဥအကြောင်းကနေ ဘေးရောက်ကုန်ပါဘီလေ။ ပြန်ဆက်ရရင်က ဒီမှာ ကျွန်မတွေ့ ခဲ့တဲ့အင်ဥက ရေကို ပြောင်အောင်ဆေးပြီးသားတွေ။ တော်တော်လေးတော့ ၀မ်းသာသွားတယ်။
အိမ်ပြန်ရောက်တော့ ရေတခါလောက်အာပတ်လွတ် ထပ်ဆေး၊ ပါးပါးလှီးထား။ ကြက်သွန်ဖြူ နီထောင်း၊ ဆနွင်းထည့် ဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ အရောင်တင်မှုန့်ထည့်။ ခရမ်းချဉ်သီးလိပ်ပြီဆို လှီးထားတဲ့အင်ဥထည့်။ အပေါ့အငန် လိုသလိုမြည်း၊ ရေထည့်ပြီး ခန်းအောင်တည်။ လိုသေးရင် ရေထပ်ထည့်ပါ။
ဒီကအင်ဥမှာ ပြောစရာတခုရှိတာက မြန်မာပြည်က အင်ဥလို မနုပါဘူး။ သားရေဖတ်နဲ့  နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း အလွမ်းပြေ ရှားရှားပါးပါး လူတကာ မနာလိုဖြစ်ရတဲ့ဟင်းတော့ စားလိုက်ရတာပေါ့လေ။