Friday, February 28, 2014

ဝက်သား အချိုချက်


ရန်ကုန်ပြန်ရောက်ပြီးနောက်ပိုင်း များသောအားဖြင့် ဟင်းချက်ရင် အလွယ် ပလိန်းတွေပဲ ချက်ဖြစ်နေရာက ဒီနေ့တော့ ပလိန်းမချက်ဘဲ ဟင်းအနှစ်လေးနဲ့ ဆီပြန်ဟင်းချက်ဖြစ်ပါတယ်။ ကျမချက်တဲ့ ပလိန်းဆိုတာက အရွက်ကြော်ဆိုရင် ကြက်သွန်ဖြူ ဆီမသတ်ဘဲ၊ ဆီကျက်ရင် ကြက်ဥထည့်ရင်ကြက်ဥကို အရင်ထဲ့မွှေကြော်၊ မထဲ့ရင် ဒီအတိုင်း အရွက်ထည့်၊ အရသာထည့်ပြီး ကြော်လိုက်တာကို ပြောတာပါ။

ဝက်သား အချိုချက်

- ဝက်သား ၂၀သား
   (အရွယ်တော် တုံးပြီး ဆား၊ ဆနွင်း၊ သကြား၊ ပဲငံပြာရည်၊ ကြက်သားမှုန့်အနည်းငယ်နဲ့ သမအောင်နယ်ထားပြီး ခဏထားပါ။)

- ကြက်သွန်နီ ၇ဥ
   (၄ဥ ကို ကြိတ်ပြီး ၃ဥကို လေးစိတ်စိပ်ထားပါ။)

- ကြက်သွန်ဖြူ ၈မြှောင့်
   (၄မြှောင့်ကို ရောကြိတ်ပြီး၊ ၄မြှောင့်ကို ထက်ခြမ်းခြမ်း၊ ဓါးပြားရိုက်ထားပါ။)

ကြိတ်ထားတဲ့ ကြက်သွန်တွေကို ဆီဟင်းချက်ဇွန်း ၄ဇွန်းလောက်ထည့်ပြီး ကျက်အောင်တည်ထားတဲ့ အိုးထဲထည့်ပြီး ဆီသတ်ပါ။

ဆီသတ်တာ ရပြီဆိုရင် ဝက်သားထည့်လုံးပြီး နည်းနည်းတင်းလာအောင် ကြော်ပါ။

ပိုင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီတွေထည့်၊ ခဏလုံးပြီး ရေ ဟင်းချက်ဇွန်း၃-၄ဇွန်းလောက်ထည့်ပြီး မီးအေးအေးနဲ့ တည်ထားပါ။

ရေခန်းလိုက်၊ မွှေလိုက်၊ ရေနည်းနည်းထပ်ထည့်လိုက်နဲ့ ၃ခါလောက်ရှိရင် ဝက်သားလည်း နူးပြီမို့ ဆီပြန်အောင်တည်ပြီး မီးပိတ်ထားလို့ ရပါပြီ။

ငပိရည်ကျို၊ ချဉ်ပေါင်ဟင်းရည်လေးနဲ့ဆို အင်မတန်လိုက်ဖက်မယ့် ဟင်းတစ်မယ်ပါ။


No comments:

Post a Comment