
အုန်းနို့ခေါက်ဆွဲချက်စားဖို့ဆိုပြီး သူငယ်ချင်းတွေက အသင့်ချက်ဖို့ အထုပ် (ဘာတံဆိပ်လည်းတော့ မမှတ်မိတော့ဘူး။) ယူလာခဲ့ပေးတာနဲ့ အုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်လို့ လုပ်နေရာက အားလုံးကို မေးကြည့်လိုက်တော့ ဘယ်သူမှ ဟုတ်တိပတ်တိကြိုက်တဲ့သူ မရှိဘူး။ စားဆိုရင်သာ စားလိုက်မယ်၊ ကြိုက်တော့ မကြိုက်ဘူးဆိုတဲ့အထဲက လူတွေချည်းပဲ။ နန်းကြီးသုပ်ဆိုရင်တော့ အားလုံးက ကြိုက်ကြတယ်။ ဒါနဲ့ အဲ့ဒီမှာပါတဲ့ ဆီသတ်ထားပြီးသား ကြက်သားနဲ့ အဆာပလာတွေကိုသုံးပြီး နန်းကြီးသုပ်ပဲ လုပ်လိုက်ပါတယ်။
၁။ အရင်ဆုံး ကြက်သားကို အနေတော် ခပ်သေးသေးလေးတွေ တုံးထားပါတယ်။
၂။ အိုးထဲကို ဆီနည်းနည်းထည့်ပြီး ဆီပူအောင်လုပ်၊ ပြီးရင် ကြက်သားထည့် မွှေ၊ ပြီးရင် အုန်းနို့ခေါက်ဆွဲထုပ်ထဲက ကြက်သားဆီသတ် အနှစ်ထုပ်ကိုထည့် ဆီသတ်၊ သူ့မှာ အုန်းနို့နဲ့ ပဲမှုန့်တွေပါ ပါပြီးသားလို့ ထင်လို့ ရေနည်းနည်းထည့် ပွက်အောင်တည်ပြီး ဟင်းအနှစ်လုပ်လိုက်တယ်။
၃။ နန်းကြီးကို စားမလောက်ယူ၊ ဟင်းအနှစ် သင့်ရုံထည့်နယ်၊ သံပုရာသီး နည်းနည်းအရည်ညှစ်ထည့်၊ ငရုတ်သီး အလှော်မှုန့် နည်းနည်းထည့်၊ အရသာမြည်းကြည့်၊ ပေါ့ရင် ဆားနည်းနည်းထည့်နယ်၊ ပြီးရင် ရပါပြီ။ ဟင်းအနှစ်က လေးပြီးသားမို့ ဆားထည့်ဖို့ မလိုသလောက်ပါပဲ။ စ နယ်နယ်ချင်း အနှစ် အများကြီး မထည့်မိဖို့ သတိထားရပါတယ်။ လိုမှ ထပ်ဖြည့်တာက ပို အဆင်ပြေပါတယ်။
အခုလို အုန်းနို့ခေါက်ဆွဲ အသင့်ချက် အထုပ်နဲ့ မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်မယ်ဆိုရင်...
၁။ ကြက်သားကို ခပ်သေးသေးနုတ်နုတ်လေး စင်းထားပြီး ဆား၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့် သင့်ရုံနဲ့ သမအောင် နယ်ထားရပါမယ်။
၂။ ကြက်သွန်ဖြူ ၄မြှောင့်၊ ကြက်သွန်နီ ၃ဥကို စကာစိတ်စိပ်ပြီး ညက်အောင် ထောင်းထားရပါမယ်။
၃။ အိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီကျက်ရင် ဆနွင်းမှုန့်နဲ့ ငရုတ်သီး အရောင်တင်မှုန့်သင့်ရုံထည့်၊ ကြက်သွန်ထောင်းထားတာထည့်၊ ဆားသင့်ရုံထည့်ပြီး ကျက်အောင် ဆီသတ်ပါမယ်။
၎။ ကြက်သွန်ရပြီဆိုရင် ကြက်သားထည့်ပြီး မွှေ၊ ကြက်သားကျက်ရင် ဆီသတ်တာ ရပါပြီ။
၅။ နန်းကြီးကို စားမလောက်ယူ၊ ကြက်သားဆီသတ်ထည့်၊ ပဲမှုန့်၊ သံပုရာရည်၊ ဆား သင့်ရုံထည့်ပြီး သမအောင်နယ်ပြီးရင် နန်းကြီးသုပ် ရပါပြီ။
စားဖို့ အသင့် ပန်းကန်ထဲထည့်ပြီးရင် အပေါ်က မုန့်ကြွတ်ကြော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
(ဘဲဥပြုတ်နဲ့ ကြက်သွန်နီကို အစိမ်း ပါးပါးလှီးထည့်တာ ကြိုက်တတ်ရင် ထည့်နိုင်ပါတယ်။ အိမ်မှာတော့ သိပ်မကြိုက်ကြလို့ မထည့်တော့ပါဘူး။)