တစ်နေ့ တစ်နေ့ ဒါတွေပဲစားနေရတယ် ထင်လို့ အပြောင်းအလဲဖြစ်အောင် တစ်ခါမှလုပ်မစားဖူးတာ စားကြည့်မယ်ဆိုပြီး ဈေးကနေ ဝက်အခေါက် (ဆေးပြီး အမျှင်လေးတွေဖြတ်ပြီးသား) တစ်ကဒ်ဝယ်လာခဲ့တယ်။ ဘယ်လို သုပ်စားရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ နောက်ဆုံးတော့ ထုံးစံအတိုင်း မြန်မာ့နည်း မြန်မာ့ဟန်လေးပဲ သုပ်လိုက်ပါတယ်။
၁။ လှီးထားပြီးသား ဝက်ခေါက်တွေကို ရေနွေးဖျောပြီး ညှပ်ထားပါတယ်။ မညှပ်ရင် အမျှင်တွေက သိပ်ရှည်နေတော့ သုပ်ရတာ အရသာ မနှံ့မှာစိုးလို့။
၂။ မုန်ညှင်းဖြူထုပ်ကို အရွက်တွေပဲယူပြီး အနေတော် ဖြတ်ထားပါတယ်။ (မုန်ညှင်းဖြူက ဂေါ်ဖီထက် စားရတာ ပိုနူးညံ့ပြီး အနံ့လည်း မနံဘူးဆိုတော့ ပိုစားကောင်းတယ်ထင်လို့ မုန်ညှင်းဖြူကိုပဲ သုံးလိုက်တာ။)
၃။ ခရမ်းချဉ်သီး တစ်လုံး၊ ငရုတ်သီးစိမ်း ၃တောင့်လောက်ကို ပါးပါးလှီးထားပါတယ်။
၎။ သံပုရာသီးတစ်လုံးကို လေးပုံ၊ သုံးပုံလောက် အရည်ညှစ်ထည့်ဖို့ အဆင်သင့် လှီးထားပါတယ်။
၅။ ပဲမှုန့်ထည့် မသုတ်ချင်လို့ လက်ဖက်နဲ့စားတဲ့ နှစ်ပြန်ကြော်ကို ညက်အောင်ထောင်းထားပါတယ်။
၆။ ထည့်မယ့် အစာပလာတွေ စုံပြီဆိုတော့ အားလုံးကို သုတ်မယ့်ဇလုံထဲထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင်နယ်ပါတယ်။ ပြီးရင်တော့ ဟင်းပန်းကန်ထဲထည့်၊ ကြက်သွန်ဖြူကြော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။




