Wednesday, March 9, 2011

ဝက်သား၊ မုန်ညှင်းချဉ်ကြော်


ဒီနေ့တော့ အိမ်ထမင်းမစားရတာ ကြာပြီမို့ ခံတွင်းမြိန်ဟင်းအဖြစ် အဆင်သင့်ချဉ်ထားတဲ့ မုန်ညှင်းချဉ်ကို ဝက်သားနဲ့ ရောကြော်ပါတယ်။

၁။ ငရုတ်သီးစိမ်း၊ နံနံပင်နဲ့ ဝက်သားကို ပါးပါးလှီးပါတယ်။

၂။ ဝက်သားကို ဆားအနည်းငယ်၊ ပဲငံပြာရည် အပျစ်အနည်းငယ်ထည့်ပြီး သမအောင် နယ်ထားပါတယ်။

၃။ မုန်ညှင်းချဉ်ကို ထည့်ကြော်ချင်သလောက် ထုတ်ထားပါတယ်။

၎။ ဆီအိုးတည်ပြီး ဆီကျက်ရင် ဝက်သားကို နီအောင်ကြော်၊ ပြီးရင် မုန်ညှင်းချဉ်၊ ငရုတ်သီးစိမ်း၊ နံနံပင်ထည့်၊ အချိုမှုန့် သင့်ရုံထည့်ပြီး ကြော်ပါ။ အားလုံး သမသွားရင် ရပါပြီ။ ဝက်သား၊ မုန်ညှင်းချဉ်ကြော်က အကြာကြီး ကြော်စရာမလိုပါဘူး။

ငရုတ်သီးစိမ်းနဲ့ နံနံပင်နံ့လေး သင်းနေတဲ့ ဝက်သား၊ မုန်ညှင်းချဉ်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

* မုန်ညှင်းချဉ်ကို ဆီစိမ်း၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ အချိုမှုန့်လေးနည်းနည်းနဲ့ သုပ်စားရင်လည်း စားကောင်းပါတယ်။

မုန်ညှင်းချဉ်

မုန်ညှင်းချဉ်လုပ်နည်းကို အန်တီချမ်းဘလော့ဂ်က ရလို့ စမ်းလုပ်ကြည့်တာပါ။ အဓိကဟင်းအဖြစ်ရော၊ ဟင်းအရံအဖြစ်ပါ ကြိုက်သလို စီမံလို့ရပြီး ခေါက်ဆွဲပြုတ်နဲ့ တွဲစားလို့လည်း အဆင်ပြေတာကြောင့် တော်တော်သဘောတွေ့ပါတယ်။

၁။ အရင်ဆုံး မုန်ညှင်းရွက် အစိမ်းတွေကို တစ်ရွက်ချင်းစီ ရေစင်အောင်ဆေးပြီး နွမ်းသွားအောင် တစ်ရက်လောက် နေလှန်းပါတယ်။

၂။ နေလှန်းလို့ နွမ်းသွားတဲ့ မုန်ညှင်းရွက်တွေကို ခပ်ပါးပါးလှီးပါတယ်။ (ကျမလှီးတာကတော့ သိပ်ပါးသွားသလိုပဲ။)

၃။ ပါးပါးလှီးထားတဲ့ မုန်ညှင်းရွက်တွေထဲကို ဆားသင့်ရုံထည့်ပြီး လက်နဲ့ သေချာနယ်ရပါတယ်။ (ဆားကို ဟင်းချက်သလောက်ပဲထည့်ဖို့ တီချမ်းက မှာထားတာကို နည်းမှာစိုးလို့ နဲနဲပိုထည့်လိုက်တာ ကျမရဲ့မုန်ညှင်းချဉ်က နည်းနည်းလေးသွားတယ်။)

၎။ ဆားနဲ့နယ်လို့ ညီညီညာညာနွမ်းသွားပြီဆိုရင် ထမင်းလက်တစ်ဆုပ်လောက်ထည့်ပြီး သမအောင် ထပ်နယ်ပါတယ်။

၅။ ပြီးရင်တော့ သိမ်းမယ့်ဗူးထဲကို မုန်ညှင်းရွက်တွေကို သေချာရေညှစ်ပြီး သိပ်ထည့်ပါတယ်။ (ကျမ နေပြတာပဲ သေချာမနွမ်းလို့လားမသိ၊ ရေတော်တော်ထွက်ပါတယ်။ ဒါကြောင့် ရေသေချာညှစ်ရပါတယ်။)

၆။ မုန်ညှင်းရွက်တွေကို ဗူးထဲသိပ်ပြီးတော့ အပေါ်ယံ ဆားနည်းနည်းဖြူးပါတယ်။

၇။ ဆားဖြူးပြီးတော့ သောက်ရေအေးကို အရွက်တွေအကုန်မြုပ်အောင် ထည့်ပါတယ်။

၈။ နှစ်ရက်လောက် နေပြလိုက်ရင် မုန်ညှင်းချဉ်ရပါပြီ။ (ကျမကတော့ နေပြဖို့မေ့သွားလို့၊ အိမ်ထဲမှာ ဒီအတိုင်းထားရင်းနဲ့ ချဉ်သွားပါတယ်။ :D)

Tuesday, March 8, 2011

ကင်မ်ချီ


ကိုယ့်ဘာသာကိုယ် စမ်းပြီး လုပ်စားကြည့်ချင်လို့ မမီး(နိုင်းနိုင်းစနေ)နဲ့ မလု ဘလော့ဂ်တွေလိုက်ဖတ်ပြီး စမ်းလုပ်ထားတဲ့ ကင်မ်ချီလေးပါ။

ကင်မ်ချီလုပ်ရတာ အဆင့်သာများတာ၊ ခက်တော့ မခက်ဘူးရယ်။

၁။ အရင်ဆုံး မုန်ညှင်းဖြူရွက်တွေကို တစ်ရွက်ချင်းခွာ၊ ရေစင်အောင်ဆေးပြီး ဆားများများထည့်ဖျော်ထားတဲ့ ဆားရည်ထဲ ၆နာရီလောက် စိမ်ထားပါ။



၂။ ပန်းသီးကိုပါးပါးလှီး၊ ငရုတ်သီးစိမ်းကို ပါးပါးလှီး၊ မုန်လာဥနီကို ခြစ်ထား၊ ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းထား၊ ကြက်သွန်မြိတ်ကို အပိုင်းလေးတွေဖြတ်ထားပါ။ (သူများတွေက ကြက်သွန်နီပါထည့်တယ်။ ကျမကတော့ နံမှာစိုးလို့ မထည့်ပါ။)



၃။ မုန်ညင်းရွက်တွေကို ရေစစ်ပြီး အထက်ပါ အဆာပလာတွေထည့်၊ ငရုတ်သီးအရောင်တင်မှုန့် စားလိုသလောက် အစပ် အနေတော်ထည့်၊ ငံပြာရည်ထည့်၊ ဆားနဲ့ သကြား အနည်းငယ်ထည့်ပြီး သမအောင် နယ်ပါ။

၎။ သမပြီဆိုရင် တစ်လွှာချင်းစီ အရွက်နဲ့ အဆာမျှအောင် ဗူးထဲထည့် ၂၄နာရီ အပြင်မှာထား (အေးတဲ့ ဒေသမှာဆို ရက်ပိုပြီး ကြာကြာထားရပါတယ်။)၊ နောက်နေ့ကျရင် ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး စားခါနီးမှ ထုတ်ထုတ်ပြီး အိမ်လုပ် ကင်မ်ချီကို စားလို့ ရပါပြီ။ တစ်ချို့ကလည်း ကင်မ်ချီကို လုပ်ပြီးပြီးချင်း စားကြပါတယ်။ ဆားရည်စိမ်ထားတော့ မုန်လာရွက်က အစိမ်းနဲ့ မတူတော့ဘဲ ကျွတ်ဆတ်ဆတ်နဲ့ စားကောင်းပါတယ်။

Tuesday, February 15, 2011

ဝက်သားလုံး ဂေါ်ရခါးညွန့် ဟင်းချို



ဂေါ်ရခါးညွန့်ကို ကြော်ကြော်၊ ချက်ချက် အရမ်းကြိုက်ပါတယ်။ ရန်ကုန်မှာဆို ဗိုလ်ချုပ်ဈေးဘက်သွားမှ တွေ့ရတတ်တယ်။ ဒီမှာတော့ အမြဲရှိလို့ စားချင်တဲ့အချိန် စားလို့ရလို့ ပျော်ပါတယ်။

သူငယ်ချင်းတစ်ယောက်က ဂေါ်ရခါးညွန့်ကို အမဲသားလုံးနဲ့ ခေါက်ဆွဲထည့်ပြီး ချက်ကျွေးဖူးတာကစပြီး အရမ်းကြိုက်သွားတာပါ။ ကိုယ့်ဘာသာချက်တော့ တစ်ခြား အသားတွေနဲ့ ချက်ရင်း ဝက်သားကြိတ်သားက ဝယ်ရလွယ်ပြီး အရသာလည်းရှိလို့ ဝက်သားလုံးနဲ့ ပိုချက်ဖြစ်ပါတယ်။

၁။ ဂေါ်ရခါးညွန့်ကို အမျှင်တွေ ဖယ်ပြီး အရွက်ရော၊ အရိုးပါ သင်ထားပါတယ်။

၂။ ဝက်သား ကြိတ်သားကို အကြော်မှုန့် (သို့) ကော်မှုန့် နဲနဲထည့်ပြီး ရောနယ်ထားပါတယ်။ (ဒီက ဝက်သား ကြိတ်သားတွေက အရသာ ပါပြီးဖြစ်လို့ ဘာမှ ထပ်မထည့်ပါ။ မပါသေးရင် ဆား၊ အချိုမှုန့်သင့်ရုံထည့်ပြီး နယ်ထားပါ။)

၃။ ကြက်ဥတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ခေါက်ထားပါ။

၎။ ခနောတံဆိပ် ဝက်သားမှုန့် ၂တုံးထည့်ပြီး ရေနွေးအိုးတည်ထားပါတယ်။

၅။ ရေနွေးပွက်ပွက်ဆူလာရင် ကော်မှုန့်နဲ့ ရောနယ်ထားတဲ့ ဝက်သားတွေကို ဟင်းခတ်ဇွန်းနဲ့ တစ်ဇွန်းချင်း ခပ်ပြီး အိုးထဲ ထည့်လိုက်ရင် ကြေးအိုးဆိုင်တွေကလို ဝက်သားလုံးလေးတွေ ဖြစ်သွားပါတယ်။

၆။ ဝက်သားလုံးတွေ အကုန် အိုးထဲ ထည့်ပြီးရင် ခဏပွက်အောင်ထားပြီး ပွက်ရင် သင်ထားတဲ့ ဂေါ်ရခါးညွန့်တွေ ထည့်ပါတယ်။

၇။ နောက်တစ်ခါ ထပ်ပွက်ရင် ဂေါ်ရခါးညွန့်တွေ ကျက်ပါပြီ။ အဲ့ဒီ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲကို ခေါက်ထားတဲ့ကြက်ဥတွေ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး တစ်ချိန်ထဲမှာ ဟင်းရည်အိုးကို မွှေပေးနေပါ။ ကြက်ဥက ချက်ချင်းကျက်တာမို့ ထည့်ပြီးတာနဲ့ သုံးဆောင်လို့ ရပါပြီ။

ငရုတ်ကောင်းကြိုက်တတ်ရင် ဟင်းချိုကို ပန်းကန်ထဲ ထည့်ပြီးမှ နှစ်သက်သလောက် ပမာဏထည့်လို့ ရပါတယ်။

ပဲကြာဇံ ပုစွန်သုပ်



ပြီးခဲ့တဲ့နှစ်က မွေးနေ့မှာ ချက်ခဲ့တဲ့ ဟင်းတွေထဲက တစ်မျိုးပါ။ လုပ်ရတာ သိပ်လွယ်ပြီး စားလို့လည်း မြိန်ပါတယ်။

၁။ ပဲကြာဇံကို မိနစ် ၂၀လောက် ရေစိမ်ထားပြီး ကြာဇံပျော့လာရင် ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်စိမ်၊ ကျက်ရင် ရေအေးနဲ့ဆေးပြီး ရေစစ်ထားပါ။ ပြီးရင် အရွယ်တော် ဖြတ်ထားပါ။

၂။ ပုစွန်ကို အခွံခွာပြီး ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်စိမ်ပြီး မကျက်တကျက်အနေမှာ ဆယ်ထားပါ။ (ပင်လယ်စာတွေက သိပ်ကျက်သွားရင် စားမကောင်းဘူးလို့ ထင်လို့။)

၃။ နံနံပင်ကို အရွက်သင်ပြီး နဲနဲသေးအောင် ညှပ်ထားပါ။

၎။ ငရုတ်သီးစိမ်း စားလိုသလောက်ကို ပါးပါးလှီး၊ သံပုရာရည်ညှစ်၊ ဆား၊ အချိုမှုန့်ထည့်ပြီး သမအောင် မွှေထားပါ။

၅။ နယ်မယ့် ဇလုံထဲကို ပဲကြာဇံ၊ ပုစွန်၊ နံနံပင်နဲ့ ငရုတ်သီးစိမ်း သံပုရာရည်ဆော့ထည့်ပြီး သမအောင် နယ်ပါ။ အရသာ အပေါ့အငံမြည်းပြီး လိုတာ ထပ်ဖြည့်ပါ။ အသုပ်က သိပ်ခြောက်နေမှာစိုးရင် ရေနွေးလေး နည်းနည်းထည့်ပါ။ ဆီမပါတဲ့ ခံတွင်းမြိန်စေမယ့် ပဲကြာဇံ ပုစွန်သုပ် တစ်ပွဲ ရပါပြီ။

Monday, February 14, 2011

ပဲစောင်းလျှားသီးသုပ်



အိမ်က အစ်မက ပဲစောင်းလျှားသီးသုပ်တာ သိပ်ကောင်းပါတယ်။ သူ့ကို ရေးပေးဖို့ ပြောထားတာ ကြာပြီ။ သူမအားတာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ရေးလိုက်ပါတယ်။

၁။ ပဲစောင်းလျှားသီးတွေကို ဘေးအမျှင်သင်၊ ဆီပါလေကာလေးထည့်ပြီး ပြုတ်ပါတယ်။

၂။ ပြုတ်ထားတဲ့ ပဲစောင်းလျှားသီးတွေကို ပါးပါးလှီးပါတယ်။

၃။ ကြက်သွန်နီကို အခွံသင်၊ ပါးပါးလှီးပြီး ဆီချက်လုပ်ထားပါတယ်။

၎။ မြေပဲလှော်နဲ့ ပုစွန်ခြောက်ကို ထောင်းထားပါတယ်။

၅။ ပဲစောင်းလျားသီးထဲကို ကြက်သွန်နီဆီချက်၊ မြေပဲနဲ့ ပုစွန်ခြောက်ထောင်း၊ ပဲမှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်သီးအလှော်မှုန့်၊ သံပုရာရည် သင့်ရုံထည့်ပြီး သမအောင် နယ်ပါ။ စိမ့်စိမ့်လေးနဲ့ အရသာရှိတဲ့ ပဲစောင်းလျှားသီးသုပ် တစ်ပွဲ ရပါပြီ။

အသုပ်စုံ



အားလပ်ရက် တစ်ရက်မှာ လုပ်စားဖြစ်ခဲ့တဲ့ အသုပ်စုံလေးပါ။ အသုပ်စုံက ထည့်ရတဲ့ အမယ်တွေများလို့ ပုံမှန် အလုပ်သွားရတဲ့ရက်မျိုးမှာ လုပ်ရင် ကရိကထများလို့ ပိတ်ရက်စောင့်ပြီး လုပ်စားဖြစ်ပါတယ်။

၁။ အရင်ဆုံး အာလူးနဲ့ ကြက်ဥကို ပြုတ်၊ အခွံခွာ၊ ပါးပါးလှီးထားပါတယ်။

၂။ ပဲပြား ၁ပြားကို အတုံးလေး ၈တုံးဖြစ်အောင်ပိုင်း၊ ဆား၊ဆနွင်းနယ်၊ ဆီပူပူမှာ ကြော်ပြီး ခပ်ပါးပါးဖြစ်အောင် ကတ်ကြေးနဲ့ ညှပ်ထားပါတယ်။



၃။ ပဲပင်ပေါက်၊ ခေါက်ဆွဲ နဲ့ ပဲကြာဇံတို့ကို ပြုတ်၊ ရေအေးစိမ်၊ ရေပြန်စစ်ပြီး တစ်ပုံစီ ပုံထားပါတယ်။

၎။ ထမင်းကို လိုသလောက်ယူ၊ ပြုတ်ထားတဲ့ အာလူး၊ ကြက်ဥ၊ ပဲပင်ပေါက်၊ ခေါက်ဆွဲ၊ ပဲကြာဇံ နဲ့ ပဲပြားကြော် ထည့်စားချင်သလောက်ယူ၊ မြေပဲလှော် (ရှုပ်လို့ မထောင်းဘဲ ထည့်လိုက်ပါတယ်။ ထောင်းရင်တော့ ပိုစားကောင်းမှာ။)၊ ပဲမှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ ဆီချက်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်လိုက်ရင် စားကောင်းတဲ့အသုပ်စုံတစ်ပွဲ ရပါပြီ။

အသုပ်စုံနဲ့စားဖို့ ဟင်းခါးမချက်ဘဲ ရေနွေးကြမ်းနဲ့ပဲ နှစ်ပါးသွားလိုက်ပါတယ်။ :)

Sunday, February 6, 2011

ဆူရှီ (ခ) ဂျပန်ရေညှိ ထမင်းလိပ်



ဆူရှီကို ကြိုက်လို့ရော၊ လုပ်ရတာလွယ်လို့ရော အဆင်သင့်သလို မကြာမကြာ လုပ်စားဖြစ်ပါတယ်။ ကျမကတော့ ဆူရှီကို ထည့်ချင်တာထည့်ပြီး လိပ်ပါတယ်။ ဆိုင်တွေမှာရောင်းတာနဲ့ တူတူ မတူတူ စားကောင်းရင် ပြီးတာပဲလို့ပဲ သဘောထားပါတယ်။

၁။ အရင်ဆုံး ဆူရှီထဲ ထည့်ချင်တဲ့ အစာပလာတွေကို Ovenထဲ ထည့်ပြီး အရင်ကင်ပါတယ်။ Ham Sausage၊ မုန်လာဥနီ၊ မှိုအသေး၊ ငရုတ်သီးပွတောင့်။ မကင်ချင်ရင် ရေနွေးငွေ့နဲ့ပဲပေါင်းပေါင်း၊ ပြုတ်ပြုတ် ရပါတယ်။



၂။ ထမင်းလိပ်လုပ်ချင်သလောက် ပမာဏ ထမင်းကို နှမ်းဆီနည်းနည်း၊ ဆားသင့်ရုံထည့်ပြီး သမအောင် ဇွန်းနဲ့ နယ်ပါတယ်။

၃။ ရေညှိရွက်ပေါ်ကို ထမင်းခပ်ပါးပါး ညီအောင်ခင်းပါတယ်။ ခင်းပြီးရင် ဇွန်းလေးနဲ့ နဲနဲလိုက်ပြားပါတယ်။ လိပ်တဲ့အခါမှာ ကျစ်နေအောင်လို့ပါ။



၎။ ကင်ထားတဲ့ အစာတွေကို စလိပ်မယ့်နေရာနဲ့ ခပ်နီးနီးမှာ စီပြီးတင်ပါတယ်။ (ငရုတ်သီးကင်ကို မထည့်ပါဘူး။ စပ်မှာစိုးလို့။ စားချင်မှ ကိုက်စားဖို့ ထားလိုက်ပါတယ်။)



၅။ ဘယ်၊ညာနှစ်ဘက် ညီအောင် ခပ်ကျစ်ကျစ် လိပ်ပါ။

၆။ ရေညှိ ထမင်းလိပ် အရှည်ကို လက်တစ်လုံးသာသာ အပိုင်းလေးတွေ ဖြတ်ပြီး ပန်းကန်ထဲထည့်ပြီးရင် စားချင်စဖွယ် အရသာရှိတဲ့ ဂျပန်ရေညှိ ထမင်းလိပ်ကို သုံးဆောင်နိုင်ပါပြီ။

(ရေညှိ ထမင်းလိပ်ကို အပိုင်းလေးတွေဖြတ်ဖို့ ဓါးထက်ထက်တစ်ချောင်းလိုပါတယ်။ မထက်ရင်၊ ဓါးသွေးကျောက် မရှိခဲ့ရင် ငရုတ်ဆုံ (သို့) ကြွေခွက် အောက်ခြေမှာ သွေးလို့ရပါတယ်။)

ဗယာကြော်



အရင်က ဗယာကြော်ကို အမြဲတမ်း အသင့်သုံး အမှုန့်တွေနဲ့ပဲ ကြော်ဖူးတာ။ ဒီတစ်ခါတော့ ကိုယ်တိုင် အစအဆုံးလုပ်ပြီး စမ်းကြော်ကြည့်ပါတယ်။

၁။ အရင်ဆုံး ကုလားပဲတွေကို ဂဲဖယ်ပြီး မုန့်ဖုတ်တဲ့ ဆော်ဒါ ဇွန်းဖျားလေးနဲ့ နည်းနည်းထည့်ပြီး တစ်ည ရေစိမ်ထားပါတယ်။

၂။ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ညကတည်းက ပါးပါးလှီးထားပါတယ်။ နဲနဲခြောက်အောင်လို့ပါ။ ဂျင်း လက်တစ်ဆစ်လောက်ကိုလည်း အခွံခွာထားလိုက်ပါတယ်။



၃။ နောက်တစ်နေ့ မနက်ဆိုရင် ညက ရေစိမ်ထားတဲ့ ပဲတွေ ပွလာပြီမို့ ရေစင်အောင်ဆေးပြီး၊ ဂျင်းနဲ့ ရောထောင်းပါတယ်။ တော်တော်လေး ညက်အောင် ညောင်းနေအောင် ထောင်းရပါတယ်။ (နောက်တစ်ခါတော့ Blenderထဲ ထည့်ကြိတ်တာ၊ ဒါမှမဟုတ် အသင့်သုံး အမှုန့်ပဲ သုံးပါတော့မယ်။ ထောင်းရတာ အရမ်းကို ပင်ပန်းပါတယ်။)



၎။ နံနံပင်ကို ပါးပါးလှီးပါတယ်။ (တကယ်က ပူစီနံ ထည့်ရင် ပိုလိုက်ပါတယ်။ မရှိလို့ ရှိတာပဲ ထည့်လိုက်ပါတယ်။)

၅။ ထောင်းထားတဲ့ ပဲကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ အကြော်မှုန့်၊ မဆလာ၊ ဆား အနည်းငယ်၊ ရေနည်းနည်းနဲ့ ရောပြီး သမအောင် နယ်ပါတယ်။ (ရေထည့်တာ နည်းနည်းများသွားလို့ အကြော်မှုန့်ကို အဖြည့်အနေနဲ့ ထည့်လိုက်ရပါတယ်။ ပုံမှန်ဆို မထည့်ဘူးလို့ ထင်ပါတယ်။ သူများဘလော့ဂ်တွေမှာ လိုက်ရှာဖတ်လိုက်ပါဦးမယ်။ :))



၆။ ဆီအိုးထဲကို ဆီခပ်များများထည့်ပြီး ဆီပူလာရင် ဇွန်း၂ချောင်းသုံးပြီး ဗယာကြော်တွေကို အနေတော် အရွယ်အစားရအောင် အိုးထဲကို စီထည့်ပါတယ်။

၇။ ဗယာကြော်တွေကို ဟိုဘက်ဒီဘက်လှန်ပေးပြီး အကျက်ညီရင် ဆယ်လို့ရပါပြီ။

တကယ်တော့ ဗယာကြော်ကို အရင်တစ်ခါကလည်း ကြော်ဖူးပါတယ်။ ခုတစ်ခါ ကိုယ်တိုင်ထောင်းပြီး ကြော်တာမို့ မှတ်တမ်းတင်လိုက်ချင်လို့ ပို့စ်အဖြစ် ထပ်ရေးလိုက်ပါတယ်။

Wednesday, February 2, 2011

မုန့်ဟင်းခါး



မုန့်ဟင်းခါးကို တစ်ခါမှ ကိုယ်တိုင် အစအဆုံး မချက်ဖူးပါဘူး။ အရင်က ရန်ကုန်ကနေ စံပြဒေါ်ကြည်၊ မြောင်းမြဒေါ်ချို၊ တင်တင်အေး၊ ခင်ထွေးရီ စတဲ့ အထုပ်တွေ မှာပြီး ချက်စားပါတယ်။ မုန့်ဟင်းခါးက အကြိုက်ဆုံးအစာဖြစ်လို့ တစ်လကို သုံးခါလောက် ချက်ချက်စားဖြစ်တယ်။ အခုတော့ ဘာအထုပ်မှလည်းမရှိ၊ မြန်မာဆိုင်တွေမှာ သွားစားရတာလည်း အဆင်မပြေ၊ ဝေးကလည်း ဝေးဆိုတော့ ကိုယ့်ဘာသာကိုယ် စမ်းချက်ကြည့်မယ်ဆိုပြီး ချက်လိုက်ပါတယ်။ ကျမက မုန့်ဟင်းခါးဆို ဘဝပျက် မုန့်ဟင်းခါးကအစ ကြိုက်တော့ ပျက်သွားလည်း ကိစ္စမရှိဘူးဆိုပြီး ချက်လိုက်တယ်။

၁။ အရင်ဆုံး အကြေးခွံဖယ်၊ ပါးဟက်ဖယ်၊ ဗိုက်ခွဲပြီး အူထုတ်ထားတဲ့ အရွယ်ခပ်လတ်လတ် ငါး(ဘာငါးလည်း မသိပါ)နှစ်ကောင်ကို ထောင်းထားတဲ့ စပါးလင် သုံးပင်၊ ကြက်သွန်ဖြူ ငါးမြှောင့်၊ ဂျင်း လက်တစ်ဆစ်၊ ငံပြာရည် ဟင်းချက်ဇွန်း သုံးဇွန်းနဲ့ နူးနေအောင် အရင်ပြုတ်ပါတယ်။

၂။ ပြုတ်ထားတဲ့ ငါးတွေကို ဆယ်ပြီး အအေးခံ၊ အေးရင် အရေခွံဖယ်ပြီး အရိုးသင်ပါတယ်။

၃။ ငါးတွေ သင်နေတုန်း ငါးပြုတ်ရည်ကို ဆက်ပြုတ်ထားပါတယ်။ စပါးလင်၊ ကြက်သွန်ဖြူနဲ့ ဂျင်းအနံ့ ပိုရအောင်လို့ပါ။

၎။ ဟင်းရည်တည်မယ့်အိုးထဲကို ဆီ ဟင်းချက်ဇွန်းနဲ့ တစ်ဇွန်းခွဲလောက်ထည့်ပြီး ဆီကျက်အောင် လုပ်ပါတယ်။

၅။ ဆီကျက်ရင် ငရုတ်သီး အရောင်တင်မှုန့် ဟင်းခတ်ဇွန်း တစ်ဇွန်းမောက်မောက်လောက်ထည့်ပြီး ဆီသတ်ပါတယ်။ (တစ်ကယ်က ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဆီသတ်ရမယ် ထင်ပါတယ်။ မြန်အောင် ဒီလိုပဲ လုပ်လိုက်တာ။)

၆။ ငရုတ်သီးနံ့လေး မွှေးလာရင် ငံပြာရင် ဟင်းချက်ဇွန်းနဲ့ နှစ်ဇွန်းလောက်ထည့်၊ ငါးအသားတွေကို ထည့်ပြီး ဆီသတ်ပါတယ်။

၇။ ငါးဆီသတ်ထားတာ နဲနဲခြောက်လာရင် အဲဒီ့အိုးထဲကို ငါးပြုတ်ရည်တွေ အဖတ်မပါအောင် စစ်ပြီး ထည့်ပါ။

၈။ ဆန်လှော်မှုန့် ဟင်းခတ်ဇွန်း ၆ဇွန်းနဲ့ ပဲအကျက်မှုန့် ဟင်းခတ်ဇွန်း ၄ဇွန်းကို ရေအေးနဲ့ သမအောင် ဖျော်ပြီး ဟင်းရည်အိုးပွက်လာရင် ထည့်ပါ။

၉။ ပြီးရင် ကြက်သွန်နီဥကြီးတစ်လုံးကို အခွံခွာ ၈စိတ်ပိုင်းထားတာနဲ့ ကြက်ဥပြုတ် ၂လုံး ပါးပါးလှီးထားတာတွေ ထည့်ပါတယ်။ အရင်က ကြာစွယ်ကို အခွံခွာပြီး အဝိုင်းလေးတွေ ပါးပါးလှီးထည့်ပါတယ်။ သူက ငှက်ပျောအူထက် အများကြီး ပိုစားကောင်းပါတယ်။

၁၀။ ဟင်းရည်အိုး ပွက်ပွက်ဆူရင် အရသာ အပေါ့၊ အငံ၊ ဟင်းရည် အပျစ်၊ အကျဲပေါ်လိုက်ပြီး ရေထပ်ထည့်ပါတယ်။

၁၁။ အားလုံးပြီးရင်တော့ နံနံပင်၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သွန်ဖြူဆီချက်လေးနဲ့ အရသာရှိလှတဲ့ အိမ်ချက်မုန့်ဟင်းခါးကို သုံးဆောင်နိုင်ပါပြီ။